Part 7 (U+Z)

474 76 14
                                    

2017

ခြံဝင်းတံခါးလေးကိုတွန်းဖွင့်ဝင်လာခဲ့ရင်း အိမ်ပေါ်သို့တက်လာခဲ့သည့်ခြေလှမ်းတွေက ပင်ပန်းနွမ်းနယ်နေခြင်း ကြောင့်လေးလံနေသည်။ စာမေးပွဲဖြေပြီးသည်နှင့်အိမ်ကိုချက်ချင်းပြန်လာခဲ့တဲ့သူ့ကို အပေါင်းအသင်းတွေကအတင်းဆွဲခေါ်နေသေး၏။ ဆိုင်ကိုပစ်ထားတာတစ်ပတ်လောက်ရှိနေခဲ့သလို ဟေးလားဟားလားလည်းလုပ်ချင်စိတ်မရှိပါ။

သူတို့စိတ်ကျေနပ်အောင် အိတ်ထဲပါလာတာတွေအကုန်ပေးခဲ့လိုက်မှ ပြန်ခွင့်ရခဲ့တဲ့အဖြစ်။ ငယ်သူငယ်ချင်းတွေမို့ တက္ကသိုလ်ရောက်တဲ့အထိအတွဲမပျက်ခဲ့ကြပေမဲ့ ညဉ့်ဦးယံကသူတို့လိုနေလို့မဖြစ်ပါ။

ဒီ ၂ နှစ်အတွင်းမှာ ဖြစ်ပျက်ပြောင်းလဲခဲ့တာတွေကလည်းအများသား။ ပထမနှစ်စာမေးပွဲဖြေပြီးချိန်တွင် မေမေ့ခွင့်ပြုချက်နှင့်ဦးလေးနှင့်အတူ ဖားကန့်ကိုတစ်လခန့်သွားခဲ့သည်။ မျှော်မှန်းထားသည်ထက် အဆင်ပြေစွာဆီးကြိုခဲ့သောဖေဖေ့နောက်အိမ်ထောင်နှင့်သားသမီးတစ်စုမှာ ညဉ့်ဦးယံကိုနွေးနွေးထွေးထွေးဆက်ဆံကြသည်က စိတ်ကျေနပ်စရာ။

နောက်အိမ်ထောင်ကနေပါလာတဲ့သားနဲ့သမီးကလည်းအိမ်ထောင်ကျနေခဲ့ပြီး ညဉ့်ဦးယံထက်အသက်ကြီး၏။ ဖေဖေနဲ့ရတဲ့ကလေးမှာ ၈ နှစ်သာရှိသေး၏။ ဖေဖေ့ကိုပြုစုပေးခဲ့ပြီးမှပြန်လာခဲ့တဲ့ညဉ့်ဦးယံမှာ ဒုတိယနှစ်စာမေးပွဲဖြေပြီးချိန်မှသာ နောက်တစ်ခေါက်ထပ်သွားဖြစ်ခဲ့သည်။

ညဉ့်ဦးယံရောက်ပြီးနှစ်ပတ်အကြာတွင် ဖေဖေဆုံးပါးသွားခဲ့ရှာ၏။ ညဉ့်ဦးယံအတွက်အမွေအဖြစ် မန္တလေးမြို့တွင် တိုက်တစ်လုံးနှင့်ကားတစ်စီးအပြင် ငွေကြေးများစွာလည်းပေးခဲ့သည်။ ညဉ့်ဦးယံကငြင်းခဲ့ပေမဲ့ ဖေဖေ့အမျိုးသမီးကပါလိုလိုလားလားပေးခဲ့ခြင်းကြောင့် နောက်ဆုံးတွင်လက်ခံလိုက်ရ၏။

တိုက်ကိုကုမ္ပဏီတစ်ခုကိုငှားထားခဲ့ပြီး ဖေဖေပေးသောကားနှင့်မိတ္ထီလာကိုပြန်လာခဲ့ပြီးနောက် ၃ လအကြာတွင်မေမေဆုံးပါးသွားခဲ့ပြန်သည်။

ညဉ့်ဦးယံတစ်ယောက်ထဲဖြစ်နေချိန်တွင် ရန်ကုန်ကဦးလေးကအတူလာနေပေးခဲ့၏။ အကြာကြီးလည်းမနေနိုင်ခဲ့ပါ။ ရန်ကုန်တွင်အောင်မြင်နေသောကားဝပ်ရှော့ကပစ်ထားလို့မရတော့ တစ်လခန့်သာနေပြီးပြန်သွားသည်။ ဒီလိုနှင့်မိတ္ထီလာမြို့တွင် သူတစ်ယောက်ထဲကျန်နေခဲ့ရပြန်၏။

Love's Resurgence (အချစ်တစ်ဖန်မွေးဖွားခြင်း)Where stories live. Discover now