1457---1458

29 1 0
                                    

အခန်း (၁၄၅၇ - က)(စာစဉ် ၁၀၉- အပိုင်း ၅)
“မွဲတေနေသော ရဲရှောင်”
“ထူးဆန်းလိုက်တာ . . .”
ရဲရှောင်လည်း နားမလည်ဟန်ဖြင့် ခေါင်းကုတ်လိုက်သည်။
ထို့နောက် သူ့ခြေထောက်အောက်ရှိ အနီရောင်ပန်းများနှင့် အစိမ်းရောင်မြက်ခင်းကို ငုံ့ကြည့်လိုက်၏။
“ဒါကဘယ်နေရာပါလိမ့် . . .”
“ငါကရောဘာလို့ အိပ်မက်မက်သလို ခံစားနေရတာလဲ . . .”
အခြေအနေများကို ရဲရှောင် နားမလည်နိုင်ဖြစ်နေလေသည်။
“ကောင်းကင်ဘုံအထက် လူသားနယ်ပယ်ကိုရောက်လာပြီးမှ ငါဖြတ်သန်းခဲ့ရတဲ့ နေ့ရက်တွေအားလုံးက အိပ်မက်တစ်ခုလိုပဲ၊ ဘာလို့ငါဒီလိုထူးဆန်းတဲ့ ခံစားချက်မျိုးတွေ ခံစားနေရတာလဲ . . .”
သနားစရာ ရှောင်ဧကရာဇ်မှာ ယခုလိုအခြေအနေက ပုံမှန်သာဖြစ်မည်ဟု ထင်နေမိတုန်းပါပင်။
သူ့ကို တစ်စုံတစ်ယောက်ယောက်မှ အရူးလုပ်နေသည်ကိုလည်း မသိသေးချေ။
မည်သို့ပင်ဆိုစေကာမူ ရောက်ရှိသည့်နေရာတွင် အကောင်းဆုံးသာ နေထိုင်ရမည် မဟုတ်ပါလား။
လက်ရှိတွင် ရဲရှောင်အဖို့ ချင်းရန်နယ်ပယ်သို့ ပြန်လည်ရောက်ရှိနေသလိုပင် ခံစားနေရလေသည်။
မတူသည်ဆို၍ လေထဲရှိ စိတ်စွမ်းအင်ချီဓာတ်များမှာ ချင်းရန်နယ်ပယ်ထက် ၁၀ ခန့် သိပ်သည်းနေပြီး သန့်စင်လွန်းနေခြင်းဖြစ်သည်။
ကျန်သည့် ကမ္ဘာမြေဆွဲအားများမှာမူ ချင်းရန်နယ်ပယ်တုန်းကနှင့် အတူတူပင်ဖြစ်၏။
သို့သော် သူ၏ခန္ဓာကိုယ်က တွေးလိုက်ရုံဖြင့်ပင် လေထဲ၌ လွင့်မျောနိုင်သလို ခံစားနေရလေသည်။
အဘယ့်အတွက်ကြောင့် ထိုမျှထိ ပေါ့ပါးနေရပါသနည်း။
အကြောင်းမှာ စွန့်ပစ်နယ်မြေမှထွက်လာပြီးနောက် ရဲရှောင်၏ စွမ်းအင်များမှာ နဂိုရှိရင်းစွဲထက် ၂ ဆခန့် ပို တိုးတက်သွားခြင်းကြောင့်ပါပင်။
ရဲရှောင်ကမူ ထိုအခြေအနေကို မသိ၍ နားမလည်နိုင်ဖြစ်နေမိ၏။
(လျှို့ဝှက်ဆန်းကျယ် ဧရိယာကြီးက ငါ့ရဲ့ကျင့်ကြံမှုစွမ်းအားတွေကို တိုးတက်စေလိုက်တာလား . . .)
(ငါ့စွမ်းအင်တွေကို ၂ ဆလောက် ဖြစ်စေလိုက်တာလား . . .)
မှန်ပေသည်။
၄ လအတွင်းမှာပင် သူ၏စွမ်းအင်များက မူလထက် ၂ ဆခန့် တိုးတက်ခဲ့ခြင်းဖြစ်၏။
တကယ်တမ်းတွင် ထိုနေရာက ကျင့်ကြံမှုပြုလုပ်ရန် နေရာကောင်းတစ်ခုဟုဆိုရမည်။
ထိုထက်ပို၍ဆိုရလျှင် နေရာကောင်းတစ်ခုထက် ပြီးပြည့်စုံသော နေရာတစ်ခုဟုပင် ဆို၍ရနိုင်သည်။
ရဲရှောင်အတွက်မူ အရာအားလုံးက ပဟေဠိသဖွယ်သာဖြစ်တည်နေလေသည်။
ပထမဦးစွာ လျှို့ဝှက်ဆန်းကျယ်သောနေရာကြီးသို့ ထူးဆန်းစွာဖြင့် သူရောက်ရှိခဲ့သည်။
ထို့နောက် ကောင်းကင်ဘုံအထက် လူသားနယ်ပယ်သို့ သူရောက်ရှိခဲ့၏။
သို့သော် ထိုလျှို့ဝှက်ဆန်းကျယ်သောနေရာကြီးကို မည်သူမှ ဝင်ရောက်နိုင်ခဲ့ခြင်းမရှိခဲ့ချေ။
ထို့ကြောင့် ထိုနေရာကြီးကို ကောင်းကင်ဘုံမှစွန့်ပစ်ထားသော နေရာတစ်ခုဟုပင် ဆိုနိုင်သည်။
အခြားဖြစ်နိုင်သေးသည်မှာ ကောင်းကင်ဘုံ၏ အထက်ကမ္ဘာတစ်ခုလည်းဖြစ်နိုင်၏။
ထို့ပြင် ရှေးဟောင်းနတ်ဘုရားများ တိုက်ခိုက်ခဲ့ရာနေရာလည်းဖြစ်နိုင်သည်။
ထိုတိုက်ပွဲတွင် စစ်နတ်ဘုရားကြီးများမှာ ကမ္ဘာကြီးတစ်ခုလုံး ပျက်စီးအောင် တိုက်ခိုက်ခဲ့ကြပုံရသည်။
ထို့နောက်တွင် အချို့သောပညာရှင်ကြီးများက ကောင်းကင်ဘုံအထက် လူသားနယ်ပယ်ဟူသောနေရာကို ဖန်တီးခဲ့ပုံရ၏။
ထိုသို့ဖြင့် မရေမတွက်နိုင်သောနှစ်များ တရွေ့ရွေ့ ကျော်လွန်ကုန်ဆုံးသွားခဲ့သည်။
တိုက်ပွဲမြေပြင်ဟောင်းကြီးကလည်း တဖြည်းဖြည်းဖြင့် စွန့်ပစ်နယ်မြေကြီး ဖြစ်တည်လာခဲ့၏။
ထိုအချိန် ကောင်းကင်ဘုံအထက် လူသားနယ်ပယ်မှာမူ တစထက်တစ ဖွံ့ဖြိုးတိုးတက်လာခဲ့လေသည်။
ထို့ကြောင့် စွန့်ပစ်ခံနယ်မြေကြီးမှာ ဒဏ္ဍာရီထဲမှာသာလျှင်ရှိတော့သည်။
အချို့သော အင်အားကြီးပညာရှင်ကြီးများမှာမူ ထိုနေရာအကြောင်းကို ကောင်းစွာ သိရှိထားကြသည်။
သို့တိုင် မည်သူမှ ရောက်ဖူးခြင်းမရှိကြသလို နေရာအတိအကျကိုလည်း မသိကြပေ။
ရဲရှောင်သာလျှင် ကံကောင်းထောက်မစွာဖြင့် ထိုအတွေ့အကြုံကိုရရှိခဲ့ခြင်းဖြစ်၏။
သို့သော် ယခုအချိန်ထိ ထိုအခြင်းအရာကို သဘောပေါက်ရိပ်စားမိခြင်းမရှိသေးချေ။
ရဲရှောင်လည်း ချောက်ကမ်းပါးမှဆင်းလာပြီးနောက် တောင်အောက်ခြေသို့ရောက်ရှိလာခဲ့သည်။
ထိုအခါ တောင်အောက်ခြေ၌ မြို့ငယ်လေးတစ်မြို့ရှိနေသည်ကို ထူးဆန်းဖွယ် မြင်တွေ့လိုက်ရ၏။
ထိုမြို့ငယ်လေးတွင် လူအချို့ရှိနေသည်ကိုလည်း မြင်လိုက်ရ၍ ရဲရှောင် ပိုမိုအားတက်သွားလေသည်။
ထို့ကြောင့် ခြေလှမ်းများကို ခပ်သွက်သွက်ပင် လျှောက်လှမ်းသွားလိုက်တော့သည်။
လူများနှင့် သူကင်းဝေးနေသည်မှာ ရက်ပေါင်း ၁၀၀ ကျော်ပင် ရှိနေပြီမဟုတ်ပါလား။
ယခုအချိန်တွင်မူ လူသူများ၊ ကျေးငှက်များနှင့်၊ ဈေးဆိုင်တန်းများကြား ရဲရှောင် ရောက်ရှိနေချေပြီ။
ထိုအရာများကို မြင်တွေ့လိုက်ရ၍ ရဲရှောင် အပျော်ကြီးပျော်နေမိ၏။
ထို့ပြင် ကလေးများနှင့် ခွေးကြောင်လေးများပါရှိနေသည်ကို ထပ်မံမြင်တွေ့လိုက်ရပြန်သည်။
ထိုမျှမက ကျောတွင်ဓားလွယ်ထားသော ပညာရှင်များကိုလည်း မြင်တွေ့လိုက်ရ၏။
ထိုမြင်ကွင်းက သူရင်းနှီးနေသောမြင်ကွင်းကို ပြန်လည်မြင်တွေ့လိုက်ရသလိုပါပင်။
စင်စစ် အရာအားလုံးက ချင်းရန်နယ်ပယ်တွင်ရှိစဉ်က ပုံရိပ်များကဲ့သို့ ဖြစ်တည်နေခြင်းဖြစ်သည်။
သို့သော် မတူညီသည့်အချက်တစ်ချက်မူ ရှိနေသည်။
ကျောတွင်ဓားလွယ်ထားသည့် ပညာရှင်များထံ၌ ကြမ်းတမ်းသည့်အငွေ့အသက်များရှိနေခြင်းဖြစ်၏။
ယခုနယ်ပယ်ရှိ ပညာရှင်တိုင်းက အလွန်အစွမ်းထက်နေသလို ရဲရှောင်စိတ်ထဲ ခံစားနေရလေသည်။
ထို့ပြင် စိတ်စွမ်းအင်ချီဓာတ်များမှာလည်း ယခုနယ်ပယ်က ပိုမိုသိပ်သည်းလွန်းလှသည်။
ထို့ကြောင့် ချင်းရန်နယ်ပယ်တွင် ယခုလိုသိပ်သည်းလှသည့် ချီဓာတ်များ ရှိနိုင်လိမ့်မည် မဟုတ်ပါ။
(အင်း . . . ဒီလောက်ပါပဲ ဘာမှထူးထူးခြားခြားပြောင်းလဲတာမရှိပါဘူး . . .)
(ဒါပေမယ့် . . . နေပါဦး . . .)
ထိုအချိန် ရဲရှောင်စိတ်ထဲ အဆင့်နိမ့်နယ်ပယ်နှင့် ကွာခြားချက်အသစ်တစ်ခုကို သတိပြုမိသွားသည်။
ထိုသတိပြုမိခြင်းက ဈေးထဲတွင် အသီးအချို့ဝယ်ယူနေသော လူတစ်ဦးမှ အစပြု၏။
ပုံမှန်တိုင်းသာဆိုပါက ဈေးထဲတွင် ဈေးဝယ်ခြင်းက ထူးခြားဖြစ်စဉ်တော့မဟုတ်ချေ။
သို့သော် ယခုလူဝယ်နေသော အသီးများထံတွင် ပါးလွှာသောအခိုးအငွေ့များ ရစ်ပတ်လျက်ရှိနေ၍ဖြစ်သည်။
ထို့ပြင် အသီးများက အလွန်အရသာရှိမည့်ပုံစံမျိုး ပေါက်နေလေသည်။
ရဲရှောင်လည်း ထိုအသီးများကိုကြည့်ရင်း ရုတ်တရက် ဆာလောင်သလို ခံစားလိုက်ရသည်။
အသီးများကိုမူ သေတ္တာငယ်တစ်ခုစီအတွင်း တစ်လုံးချင်းစီ သေချာစွာ ထုတ်ပိုးထား၏။
သို့သော် ထိုကဲ့သို့ ထုတ်ပိုးမှုက ရဲရှောင်အတွက် အံ့ဩမှုမဖြစ်စေခဲ့ချေ။
မော်တယ်ကမ္ဘာတွင် သူဌေးဝမ်ဟုခေါ်သော ဝမ်ဇန်းဟိုက ဈေးကွက်စီးပွားရေးနှင့်ပတ်သက်၍ အခြေခံရွှေ စည်းမျဉ်း ၃ ခုကို သူ့အား သင်ကြားပေးခဲ့ဖူးသည် မဟုတ်ပါလား။
ထိုရွှေစည်းမျဉ်း ၃ ခုမှာ အခြားမဟုတ်။
ဈေးကွက်အတွင်း အမှတ်တံဆိပ်၊ ထုတ်ပိုးမှုနှင့် အသွင်သဏ္ဌာန်တို့ပင်ဖြစ်၏။
အသီးများရောင်းဝယ်သည့် စီးပွားရေးတွင်လည်း နောက်ဆုံး ၂ ချက်မှာ အရေးအကြီးဆုံးဖြစ်သည်။
ယခု ရဲရှောင်၏အမြင်ကို ဖမ်းစားလိုက်နိုင်သည်မှာ ထိုအချက်များမဟုတ်။
၎င်းတို့သုံးစွဲသည့် ငွေကြေးသာလျှင်ဖြစ်၏။
ဝယ်သူက ပေးချေမှုအနေဖြင့် အိတ်အတွင်းမှ ထူးဆန်းသည့်အရာတစ်ခုကို ထုတ်လိုက်သည်မဟုတ်ပါလား။
ထိုအရာက ဒင်္ဂါးပြား ၁ ပြားဖြစ်ပြီး အဖြူရောင်အလင်းတန်းအချို့လည်း ထွက်ပေါ်နေသည်။
ဆိုင်ရှင်ကလည်း ပြုံးလျက်ယူလိုက်ပြီးနောက် အဝါရောင်ဒင်္ဂါးပြားအမြောက်အများကို ပြန်အမ်းလိုက်၏။
ထို့ကြောင့် အဖြူရောင်ဒင်္ဂါးပြားက အဝါရောင်ဒင်္ဂါးပြားထက် ပိုတန်ဖိုးကြီးမားသည့်ပုံပါပင်။
ခန့်မှန်းခြေအရဆိုလျှင် အဖြူရောင်ဒင်္ဂါး ၁ ပြားနှင့် အဝါရောင်ဒင်္ဂါး ၁၀၀ ခန့် ညီမျှသည်လည်း ဖြစ်ကောင်း ဖြစ်နိုင်သည်။
ဤသည်က ခန့်မှန်းခြေဖြစ်၍ ထို့ထက်လည်း ပိုနိုင်၏။
ဈေးဝယ်သူထွက်သွားပြီးနောက် ဆိုင်ရှင်လည်း သူ့အလုပ်သူဆက်လုပ်နေလေသည်။
ရဲရှောင်လည်း ထိုမြင်ကွင်းကို ငေးမောကြည့်နေမိသည်။
ထို့နောက် သူ၏အိတ်ထဲသို့စမ်း၍ ရွှေတုံးတစ်တုံးကိုကိုင်ကာ အံကိုတင်းတင်းကြိတ်လိုက်သည်။
မော်တယ်ကမ္ဘာနှင့် ချင်းရန်နယ်ပယ်တွင် အသုံးဝင်ခဲ့သည့် ရွှေသည်ပင်လျှင် ယခုကမ္ဘာ၌ အသုံးမဝင်သည့် ပုံပါပင်။
ယခုကမ္ဘာ၌သုံးသော ဒင်္ဂါးများလည်း သူ့တွင်မရှိဘဲဖြစ်နေရသည် မဟုတ်ပါလား။
အစစအရာရာပြည့်စုံနေသော ရှောင်ဧကရာဇ်အဖို့ သုံးစရာပိုက်ဆံမရှိဘဲ နေနိုင်မည် မဟုတ်ချေ။
ထို့ကြောင့် ကြီးမြတ်လှသော ရှောင်ဧကရာဇ်တစ်ယောက် လုယက်ရတော့ပါမည်လော။
သို့သော် ထိုသို့လုပ်ရန်မှာလည်း သူ့ထံ၌ လုံလောက်သည့် အင်အားမရှိသေးပေ။
အဆင့်နိမ့်လူများထံမှ အဝါရောင်ဒင်္ဂါးပြားများကို သူ့အဖို့ လုယက်ကောင်းလုယက်နိုင်လိမ့်မည်။
ထိုသို့ဆိုသော်ငြား သူ့အနေဖြင့် အကြိမ်မည်မျှ လုယက်နေရပါမည်နည်း။
ရဲရှောင် မည်သို့မည်ပုံလုပ်ရမည်ကို တစ်ကိုယ်တည်း အတွေးနယ်ချဲ့နေမိလေသည်။
ထိုအချိန် ရုတ်တရက် သူ့ရှေ့တွင် ပြဿနာတစ်ခုကို တွေ့မြင်လိုက်ရ၏။
သူခိုးတစ်ယောက်နှင့်တူသော ပိန်ပိန်ပါးပါးလူတစ်ယောက်မှာ လျင်မြန်စွာ ထွက်ပြေးသွားခြင်းဖြစ်သည်။
ထိုလူ၏ ပြေးနှုန်းမှာ လျင်မြန်လွန်းလှ၍ ခဏအတွင်းမှာပင် အဝေးသို့ရောက်ရှိသွားတော့သည်။
သို့သော် ထိုလူ၏နောက်မှ လူတစ်ယောက် ပြေး၍လိုက်သွားလေသည်။
“သူ့ကိုဖမ်းကြ . . . သူ့ကိုဖမ်းကြ . . .”
“အဲဒီလူက ကျုပ်ဆီက ခိုးသွားတာ . . .”
ထိုလူ့စကားမဆုံးခင်မှာ ပေါင်မုန့်ဆိုင်မှ ဆိုင်ပိုင်ရှင်က ချက်ချင်းရှေ့သို့ထွက်ကာ သူခိုးကိုတားဆီးလိုက်၏။
ဆိုင်ရှင်၏ လှုပ်ရှားမှုမှာ အလွန်လျင်မြန်လွန်းလှလေသည်။
မည်မျှထိဆိုလျှင် သူခိုးထက်ပင်ပို၍ မြန်ဆန်းနေခြင်းပါပင်။
ထို့အတူ အသီးများရောင်းနေသော အမျိုးသမီးမှာလည်း ကောင်းကင်ထက်သို့ ရုတ်တရက် ပျံသန်းလိုက်၏။
ထို့နောက် လက်ကိုင်ပဝါတစ်ထည်ကို အရှိန်ပြင်းပြင်းဖြင့် ပစ်လွှတ်လိုက်ပြန်သည်။
ထိုလက်ကိုင်ပဝါမှာ လေထဲတွင် လှပစွာ လွင့်မျောသွားပြီး သူခိုးကို ထိမှန်သွားတော့သည်။
တကယ်တမ်းတွင် လှုပ်ရှားမှုပြုလိုက်သည်မှာ ထိုလူ ၂ ဦးတည်းတင်မဟုတ်။
ဈေးထဲ၌ အခြားပစ္စည်းများရောင်းချနေသော လူ ၁၀ ဦးကျော်ကပါ အတူတကွလှုပ်ရှားလိုက်ခြင်းဖြစ်သည်။
ထို့ကြောင့် စက္ကန့်ပိုင်းအတွင်းမှာပင် ပိန်ပိန်ပါးပါးလူမှာ အလဲထိုးခံလိုက်ရတော့သည်။
ထိုအချိန်မှာပင် ထူးဆန်းသောအရာတစ်ခုဖြစ်ပျက်သွား၏။
ထိုလူ မြေပေါ်လဲကျသွားသည်နှင့် ထူးခြားသောသံကြိုးတစ်ခု ရုတ်တရက်ပေါ်လာခြင်းကြောင့်ဖြစ်သည်။
ထိုသံကြိုးမှာ မြွေတစ်ကောင်အလား အလိုအလျောက်ပေါ်လာပြီး သူခိုး၏ခန္ဓာကိုယ်ကို တုပ်နှောင်သွားလေ သည်။
ကြိုးမှာတင်းကြပ်လွန်း၍ ထိုလူ၏အရိုးများ ကွဲကြေသွားမတတ်ပါပင်။
ခဏအကြာတွင် ကောင်းကင်ထက်၌ ရွှေရောင်များ ပျိုးခနဲပြက်ခနဲပင် လင်းလက်လာလေသည်။
စင်စစ် ရွှေရောင်ချပ်ဝတ်များ ဝတ်ဆင်ထားသော စစ်သူကြီးကဲ့သို့ လူတစ်ဦးနှင့် စစ်သည်များရောက်ရှိလာ ခြင်းဖြစ်၏။
ထိုလူများမှာ ကူညီပေးကြသောလူများကို ကျေးဇူးတင်စကားဆိုပြီးနောက် သူခိုးကို ခေါ်ဆောင်သွားသည်။
ခိုးခံလိုက်ရသောပစ္စည်းများကိုမူ ပိုင်ရှင်ထံသို့ ပြန်လည်အပ်နှင်းလိုက်၏။
ပိုင်ရှင်မှာလည်း စစ်သူကြီးအား ကျေးဇူးတင်ဟန်ဖြင့် -
“ကျုပ်ကိုက ပေါ့လျော့သွားတာပါ . . .”
“ဒီလိုမှမဟုတ်ရင် ဒီကောင်ကျုပ်ဆီက ဘာမှခိုးလို့ရမှာမဟုတ်ဘူး . . .”
အားလုံးမှာ ထိုလူ၏စကားကိုကြားသောအခါ ရယ်မောလိုက်ကြလေသည်။
ထို့နောက်တွင် လူတိုင်းမှာ ကိုယ့်အလုပ်ကိုယ်သာ ပြန်လုပ်ကြတော့သည်။
ငါးရောင်းသူက ငါးရောင်း၊ အသီးရောင်းသူက အသီးရောင်းဖြင့် ပုံမှန်အတိုင်း ပြန်လည်ပတ်သွား၏။
ဝယ်သူကဝယ်၊ ရောင်းသူကရောင်းဖြင့် ဈေးကြီးမှာ အလွန်စည်ကားလျက်ပင် ရှိနေလေသည်။
ထိုဈေးထဲရှိ ဈေးဝယ်သူအဘွားကြီးများမှာမူ အဖြစ်အပျက်များကို ဂရုစိုက်ခြင်း မရှိကြပေ။
ရဲရှောင်လည်း အရာအားလုံးကို မြင်ပြီးနောက် တုန်လှုပ်စိတ်ကြောင့် ချွေးပင်ပြန်သွား၏။
စင်စစ် ဖမ်းခံလိုက်ရသောသူခိုးနှင့် သူ့ကိုယ်သူနှိုင်းယှဉ်ကြည့်နေမိခြင်းပါပင်။
သူခိုးနှင့်ယှဉ်လျှင် စွမ်းအင်ပိုင်း၌ သူက အနည်းငယ်ပိုသာလွန်နေသည်။
ထို့ကြောင့် သိုင်းကွက် ၅၀၀ လောက်ဖြင့်ပင် သူခိုးကို သူတိုက်ခိုက်နိုင်လိမ့်မည်။
သို့သော် ဆိုင်ရှင်ဖြစ်သူများ၏လက်မှ လွတ်မြောက်ရန်မှာမူ မဖြစ်နိုင်။
မည်မျှထိဆိုလျှင် ရဲရှောင် ဆယ်ကိုယ်ခွဲ၍ ကြိုးစားလျှင်ပင် မလွတ်မြောက်နိုင်ခြင်းဖြစ်သည်။
ထို့ကြောင့် သူသာတစ်စုံတစ်ခုကို ခိုးယူရန်ကြိုးစားလိုက်ပါက ၅ မိနစ်အတွင်းပင် အဖမ်းခံသွားရနိုင်သည်။
“တော်တော်ကို ရက်စက်ပြီး ကြောက်စရာကောင်းတာပဲ . . .”
ရဲရှောင် ချွေးများသုတ်ရင်း ရေရွတ်မိလိုက်သည်။
(ဒီနေရာကြီးက ဘယ်လိုကြီးလဲ၊ ဒီကလူတွေကရော ဘယ်လိုလူတွေလဲ . . .)
(သူတို့တစ်ယောက်ချင်းစီက ချင်းရန်နယ်ပယ်က ထိပ်သီးပညာရှင်တစ်ယောက်ကို လွယ်လွယ်လေး သတ် ဖြတ်နိုင်နေတဲ့ပုံ၊ အဘွားကြီးဆိုရင် လက်ကိုင်ပဝါကို လုပ်ပြသွားတာ ကြည့်လိုက်ပါဦး၊ ရေခဲတိမ်တိုက်နန်းတော်က ဖဲကြိုးတိုက်ကွက်နဲ့ပဲ နှိုင်းယှဉ်ကြည့်လိုက်ဦး မိုးနဲ့မြေလို ကွာခြားတယ်၊ ဒါကလူတွေပြောနေကြတဲ့ ကောင်းကင်ဘုံ အထက် လူသားနယ်ပယ်ပါလား . . .)
ရဲရှောင် တစ်ကိုယ်တည်း တွေးတောနေမိပါတော့သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now