1508-------1511

37 0 0
                                    

အခန်း (၁၅၀၈ - က)(စာစဉ် ၁၁၆- အပိုင်း ၁၄)
“မျှော်လင့်ချက်များ မျှဝေပေးခြင်း”
ယာယီအသက်ဓာတ်ဆေးမှာ အလုပ်ဖြစ်၍ ရဲရှောင် စိတ်သက်သာရာရသွားမိသည်။
ထို့နောက် ရဲရှောင်လည်း ဆေးလုံးနှင့်ပတ်သက်၍ အားဟူကို မေးမြန်းမည်ပြုစဉ်မှာပင် ဘူရှန်းဖန် ရောက်ရှိ လာလေသည်။
“သခင်လေး . . . အပြင်မှာက လူနာတွေ အများကြီးဖြစ်နေပြီ တစ်ချို့ဆိုရင် သေလုမျောပါးပဲ . . .”
“သူတို့ကိုသာ တစ်ခုခု မလုပ်ပေးနိုင်ရင် မင်းကိုမတွေ့ရသေးခင်မှာပဲ သူတို့ သေကြရလိမ့်မယ် . . .”
ရဲရှောင်လည်း ခေါင်းသာညိတ်ပြလိုက်ပြီး ဘူရှန်းဖန်အား လှမ်းကြည့်လိုက်၏။
ဘူရှန်းဖန်မှ တွေဝေတုန့်ဆိုင်းနေသည့်ဟန်ဖြင့် -
“ငါတို့မှာ စည်းမျဉ်းတွေရှိတယ်ဆိုတာကို သိပါတယ် ဒါပေမယ့် ငါတို့မကယ်နိုင်လို့ လူတွေ တံခါးဝမှာ သေ ကုန်ကြရင် ဒီလူတွေက ငါတို့ကို မုန်းတီးကြလိမ့်မယ်၊ ငါဖြင့် တွေးရင်း တော်တော်လန့်နေမိပြီ . . .”
“အဲဒီလိုသာဖြစ်သွားရင် ငါတို့အတွက် အကူအညီမရနိုင်တဲ့အပြင် ရန်သူတွေပဲ တိုးလာလိမ့်မယ်၊ ရှင်းရှင်း ပြောရရင် ငါတို့လုပ်ခဲ့သမျှတွေ အကုန်လုံး သဲထဲရေသွန်ဖြစ်ကုန်လိမ့်မယ် . . .”
ရဲရှောင်မှ ခေါင်းထပ်မံညိတ်လိုက်ပြီး -
“ကျုပ်သိပါတယ် . . . အစောကြီးကတည်းက အဲဒီပြဿနာကို စဉ်းစားထားပြီးသားပါ . . .”
“ကျုပ်ဆီလာတဲ့လူတွေဆိုတာ သေလုမျောပါးဖြစ်နေလို့သာ လာကြတာလေ မဟုတ်ရင် ဘာလို့ လာစရာ အကြောင်းရှိမလဲ၊ တော်ရုံဆိုလို့ကတော့ ဖရိုဖရဲမြို့ထဲမှာ တခြားသမားတော်တွေ၊ ဆေးပညာရှင်တွေရှိနေတာပဲ မဟုတ်လား . . .”
“အခုလည်း မုန်တိုင်းအိမ်တော်နဲ့ သဘာဝတရားခန်းမတို့က ဒီတိုက်ပွဲမှာ အကြီးစား လှုပ်ရှားလိုက်ကြတော့ တစ်ကိုယ်တော်ပညာရှင်တွေ အထိနာကုန်ပြီး ကျုပ်ဆီရောက်လာကြတာပဲ . . .”
“အင်း . . . တော်တော်ကို များတာပဲ . . .”
ဘူရှန်းဖန်မှ စိုးရိမ်ဟန်ဖြင့် ရေရွတ်ပြောဆိုလိုက်၏။ သူ၏ပုံစံက ဘာပြောရမှန်းမသိ ဖြစ်နေသည့် ပုံပါပင်။
ဘူရှန်းဖန်တစ်ယောက် လေပြင်းတောင် လင်မယားထံမှ ထွက်လာခဲ့စဉ် ရှေ့ဆက်ရမည့် အစီအစဉ်များကို သိနေသည့်အလား ထွက်လာခဲ့ခြင်းဖြစ်သည်။ သို့သော် ရဲရှောင်အနေဖြင့် ထိုလူများအား ကယ်တင်နိုင်ခြင်းရှိမရှိကိုမူ သူမသိချေ။
လက်ရှိအခြေအနေအရ အပြင်ဘက်မှ လူများမှာလည်း အချိန်မရွေး သေသွားနိုင်သည့် အခြေအနေမျိုးဖြစ် နေသည်။
တကယ်တမ်းတွင် ထိုသို့သော လူအများအပြားမဆိုနှင့် တစ်ဦးကိုပင် ကုသရန်မှာ ခက်ခဲလွန်းလှ၏။ ထို့ကြောင့် ယခုရောက်လာသော ဒဏ်ရာရလူနာမှာ ၃၀ ခန့်ပင် ရှိနေ၍ ခက်ခဲသည့် အခြေအနေဟုပင် ဆိုနိုင်သည်။
အကယ်၍ ထိုသို့သော အခြေအနေတွင် ရဲရှောင်သာ အချိန်ဆွဲနေပါက ထိုလူတစ်ဝက်ကျော်လောက်မှာ ယခု ခန်းမ၏ဝင်ပေါက်တွင်ပင် သေဆုံးသွားနိုင်ပေသည်။
ထို့ပြင် လူနာများ သေဆုံးမှုကြောင့် ရဲရှောင်လည်း နာမည်ပျက်သွားနိုင်သည်။ ထိုမျှမက တစ်ဝက်ကို ကယ် တင်နိုင်ပြီး တစ်ဝက်ကို မကယ်တင်နိုင်ပါကလည်း ထိုကယ်တင်ခြင်းမခံရသည့် လူများ၏ မုန်းတီးခြင်းကို ခံရနိုင်ပြန် သည်။
ထို့အတွက်ကြောင့် ဘူရှန်းဖန်က ရဲရှောင်အား သူ၏မိတ်ဆွေများကို ကယ်တင်ပေးစေလိုနေခြင်းပင်ဖြစ်၏။
လေပြင်းတောင်မှ လင်မယားဆိုသည်မှာ မူလသူတော်စင်အဆင့် ပညာရှင်များဖြစ်ပြီး အင်အားကြီး အုပ်စု တစ်စုကို ဦးဆောင်နေသည့် လူများဖြစ်ကြသည်။
ထို့ကြောင့် ရဲရှောင်သာ ၎င်းတို့၏သားကို ကယ်တင်နိုင်ပြီး ထိုလူများကို စည်းရုံးသိမ်းသွင်းနိုင်ပါက အကျိုး အမြတ်များစွာ ရနိုင်သည်။ ထို့အတူ ဘူရှန်းဖန်လည်း မျက်နှာကောင်းရသွားနိုင်၏။
ထိုသို့သာမဟုတ်ပါက အခြေအနေများမှာ ဆိုးရွားသွားနိုင်ပြီး ဘူရှန်းဖန်လည်း ကျင်းထဲကြပ်ထဲ ရောက်သွား နိုင်သည်။
သေခြင်းနှင့်ရှင်ခြင်းခန်းမ၏ ဝင်ပေါက်ရှေ့တွင် ဘူရှန်းဖန် သွားအော်ခဲ့စဉ်က မည်သူမှ သူ့ကို ပြန်မအော်ဝံ့ခဲ့ ကြပြီ မဟုတ်ပါလား။
သို့သော် အခြေအနေများ ဆိုးရွားသွားပြီး ထိုလူများသာ ဒေါသထွက်လာပါက ဘူရှန်းဖန်အဖို့ တစ်ပြိုင်နက် တည်းဖြင့် လူ ၅ ယောက်ကို တိုက်ခိုက်ရန်မှာ မလွယ်ကူနိုင်တော့ချေ။
ထိုကဲ့သို့ လူ ၅ယောက်ဖြင့်ပင် ခက်ခဲနိုင်လျှင် အားလုံးကသာ ဝိုင်းတိုက်ခိုက်ကြလာမည်ဆိုပါက ဘူရှန်းဖန် တစ်ယောက် ထွက်ပြေးရန်ပင် ခက်ခဲသွားလိမ့်မည်။
ထို့ကြောင့် ဘူရှန်းဖန်လည်း မနေသာတော့ဘဲ ရဲရှောင်ထံ လာရောက်မေးမြန်းရခြင်းပါပင်။
တကယ်တမ်းတွင် ဘူရှန်းဖန်၏စိတ်ထဲ၌ သေခြင်းနှင့်ရှင်ခြင်းခန်းမအတွက် အဆင်ပြေစေချင်သလို သူ၏ မိတ်ဆွေများကိုလည်း ကူညီချင်နေမိ၏။
စင်စစ် ထိုသို့ မိတ်ဆွေများအတွက် လာရောက်ပြောဆိုပေးနေခြင်းက မသင့်တော်သော လုပ်ရပ်တစ်ခုဟု ဆိုနိုင်သည်။ သို့သော် ဘူရှန်းဖန်အနေဖြင့် မဖြစ်မနေ လုပ်ရမည်သာ။
ထိုစဉ် ရဲရှောင်မှ -
“ကျုပ်လည်း ဒီမေးခွန်းအတွက် စဉ်းစားထားပြီးသားပါ . . .”
“ဒီမှာကြည့် . . . ခင်ဗျားလုပ်ရမှာက . . .”
ပြောပြောဆိုဆိုဖြင့် ရဲရှောင်မှ လက်တစ်ဖက်ကို ဝေ့ယမ်းလိုက်၏။ ထိုအခါ ဆေးပုလင်း အများအပြားပင် ပေါ်လာလေသည်။
“ဆေးပုလင်းတစ်ပုလင်းမှာ ဆေးလုံး ၅ လုံးစီပါတယ် . . .”
“သေလုမျောပါးဖြစ်နေတဲ့ လူတွေကို တစ်ယောက် ၁ လုံးပေးလိုက်၊ ဒီဆေးသောက်ပြီးတာနဲ့ သူတို့တွေ အချိန်အတိုင်းအတာတစ်ခုထိ အသက်ရှင်နေလိမ့်မယ်၊ အဲဒီအတောအတွင်းမှာ ကျုပ်က ကုသမှုကိုလုပ်မယ် . . .”
“တကယ်လို့ လူတွေအများကြီးဖြစ်နေလို့ ကျုပ်ကို ထပ်စောင့်ရမယ်ဆိုလည်း‌ နောက် ၁ လုံး ထပ်တိုက်ထား လိုက်၊ အာနိသင်ကတော့ လျော့သွားမှာ မဟုတ်ဘူး . . .”
“ဘာ . . . ဘယ်လို . . . ဘယ်လို . . . ဒါကလူတိုင်းအတွက် အလုပ်ဖြစ်မှာလား . . .”
“အားလုံးက သေလုမျောပါးဖြစ်နေတယ်ဆိုပေမယ့် ရလာတဲ့ ဒဏ်ရာတွေက မတူမှမတူဘဲ၊ ဖြစ်သင့်တာက မင်း သူတို့ရဲ့ ဒဏ်ရာတွေကို အရင်ကြည့်သင့်တာ မဟုတ်ဘူးလား၊ အခုတော့ မင်းက ကြည့်တောင်မကြည့်ရသေးဘဲ ဆေးလုံးတွေ အရင်ပေးလိုက်တာက သင့်တော်ပါ့မလား . . .”
“ပြီးတော့ ဒီဆေးကို ခဏခဏသောက်လို့ရတယ်ဆိုတာကရော အမှန်ပဲလား၊ အာနိသင်က လျော့ကျမသွား ဘူးပေါ့လေ ဟုတ်လား . . .”
ဘူရှန်းဖန်မှ အံ့ဩဟန်ဖြင့် မေးလိုက်၏။
“ကျုပ်က ဒီဆေးကို တီထွင်ခဲ့တာ ကျုပ်အသိဆုံးပါ၊ ဒီဆေးက ထူးခြားတဲ့ ယာယီအသက်ဓာတ်ဆေးပဲ . . .”
ရဲရှောင်မှ ဘူရှန်းဖန်အား နားလည်စေရန် ရှင်းပြလိုက်သည်။
“တကယ်တော့ ဒီဆေးလုံး အလုပ်ဖြစ်တယ်ဆိုတာ ဒဏ်ရာတွေကို ကုသပေးတာ မဟုတ်ဘူး၊ အချိန်ခဏ အထိပဲ အသက်ရှင်နိုင်စေတာ၊ အဲဒီတော့ သူတို့ ဒီဆေးလုံးကို စားလိုက်တာနဲ့ သေနိုင်တော့မှာ မဟုတ်ဘူး အနည်း ဆုံးတော့ အချိန်တစ်ခုရသွားမှာပေါ့ . . .”
“ကျုပ်က လူနာတွေရဲ့ သက်တမ်းကိုပဲ ဆွဲဆန့်ဖို့ ဖန်တီးခဲ့တာ ပြီးတော့ ခင်ဗျားမေးသလို အာနိသင်မလျော့ ဘူးဆိုတာလည်း အမှန်ပဲ အဲဒါကြောင့်ပဲ ဒီဆေးလုံးကို ယာယီအသက်ဓာတ်ဆေးလို့ခေါ်တာ၊ လူနာတွေအတွက် ယာယီအသက်ရှင်နိုင်မယ့် အသက်ဆေးလုံးပေါ့ . . .”
“တကယ်လို့ ကျုပ်အတွက် အချိန်ရမယ်ဆိုရင် လူနာတွေကို အပြည့်အဝ ကုပေးဖို့ဆိုတာက မခက်ခဲတော့ ဘူး၊ အခု ခင်ဗျား သဘောပေါက်ပြီလား . . .”
ရဲရှောင်မှ ပြုံးလျက် ပြောလိုက်သည်။
“ဒီလို သဘာဝတရားကို ဆန့်ကျင်နေတဲ့ ဆေးလုံးမျိုး ရှိနေလိမ့်မယ်လို့ ငါဖြင့် မယုံနိုင်ဘူး၊ ကမ္ဘာကြီးမှာက အံ့ဩစရာတွေနဲ့ ပြည့်နေတာပါလား . . .”
ဘူရှန်းဖန်လည်း အံ့ဩတကြီး ရေရွတ်ပြီးနောက် ဆေးလုံးများအား သေချာကြည့်ကာ အပြင်သို့ ထွက်ခွာ သွားပါတော့သည်။
. . .
ရဲရှောင်ကို စောင့်စားနေကြသည့် လူများမှာ စိုးရိမ်လျက်ရှိနေကြ၏။
ထိုအချိန် လူနာများမှာလည်း ပိုပို၍ ရောက်လာကြလေသည်။ စင်စစ် တစ်ဆင့်စကား တစ်ဆင့်နားဖြင့် ရောက်ရှိလာကြခြင်းပါပင်။
မည်သူကများ သေဘေးနှင့်ကြုံနေရချိန်တွင် ယခုကဲ့သို့ အခွင့်အရေးကို လက်လွတ်ခံနိုင်ကြပါမည်နည်း။
ထို့ကြောင့် သေခြင်းနှင့်ရှင်ခြင်းခန်းမရှေ့တွင် လူများဖြင့် ပြည့်နှက်နေလေသည်။
ထိုရောက်လာကြသည့် လူအုပ်စုတစ်စုချင်းတွင်လည်း အချိန်မရွေး သေဆုံးသွားနိုင်သည့် လူနာတစ်ဦးစီ ပါဝင်နေကြ၏။ သို့သော် ကုသမှုခံယူနိုင်ရန်မှာမူ အချိန်ကြာမြင့်ဦးပေမည်။
ရဲရှောင် မည်မျှအစွမ်းထက်နေပါစေ တစ်ဦးချင်းစီကိုသာ ကုသပေးနိုင်မည် မဟုတ်ပါလား။ သူ့အနေဖြင့် တစ်ပြိုင်နက်တည်း အားလုံးကို ကူညီပေးနိုင်လိမ့်မည် မဟုတ်ပါ။
ထိုသို့ဖြင့် ခန်းမရှေ့တွင် ဒဏ်ရာရလူနာများအပြင် လူနာရှင်များမှာ တရုန်းရုန်းဖြင့် စောင့်စားလျက်ရှိနေကြ သည်။ သို့တိုင် ယခုအချိန်ထိ အံ့ဖွယ်သမားတော်ကို မမြင်တွေ့ရသေးချေ။
ထို့ကြောင့် လူအများစုမှာ စိတ်မရှည်နိုင်ဖြစ်လာကြ၏။ အံ့ဖွယ်သမားတော်ကို စောင့်နေရင်းဖြင့် ၎င်းတို့၏ လူနာများ သေဆုံးသွားသည်ကို ထိုင်ကြည့်နေရမည်မှာ ထိုလူများအတွက် နောက်စရာဟာသတစ်ပုဒ်တော့ မဟုတ် ချေ။
ထိုအချိန် လေပြင်းတောင်၏ အရှင်သခင်မှာလည်း စိုးရိမ်စိတ်ဖြင့် ရှေ့နောက်လမ်းလျှောက်နေလျက်ရှိ၏။ သူ့အဖို့ စိုးရိမ်ရလွန်း၍ ထိုင်ပင်မထိုင်နိုင်ဘဲ ဝင်ပေါက်သို့သာ ထပ်တလဲလဲ ငေးကြည့်နေမိလေသည်။
ထို့အတူ မိန်းမဖြစ်သူမှာလည်း မြေပြင်ပေါ်တွင် ဒူးထောက်လျက်သားဖြင့် သားဖြစ်သူ၏မျက်နှာကို ကိုင်ကာ ဆုတောင်းပေးလျက်ရှိသည်။
သူတို့အဖို့ လက်ရှိအချိန်တွင် အံ့ဖွယ်သမားတော်ကို စောင့်စားနေရင်းဖြင့် ထိုသို့ဆုတောင်းရုံသာ တတ်နိုင် တော့သည် မဟုတ်ပါလား။
ယခုနေရာတွင် မည်သူကများ ဆန့်ကျင်ဝံ့ပါမည်နည်း။
ထိုအသိကြောင့် အပြင်ဘက်တွင် စောင့်စားနေသော လူများမှာ မည်မျှဒေါသထွက်နေကြပါစေ၊ မည်မျှ အင်အားကြီးမားပါစေ မည်သူမှ တောအုပ်အတွင်း ချိုးဖျက်၍ မဝင်ဝံ့ကြချေ။ သတိလက်လွတ်အပြုအမူမျိုးကို လုပ်ဖို့ဆိုလျှင် ပို၍ပင် ဆိုးပါသေးသည်။
စင်စစ် ထိုလူများ ထိုသို့ဆင်ခြင်နေကြသည်မှာ သေခြင်းနှင့်ရှင်ခြင်းခန်းမ၏ အရှင်သခင်မှ သူတို့အား ကုသ မပေးမည်ကို စိုးရိမ်နေခြင်းကြောင့် ဖြစ်သည်။
လက်ရှိအချိန်တွင် သေခြင်းနှင့်ရှင်ခြင်းခန်းမတွင် အာဏာအပြည့်အဝရှိနေသည် မဟုတ်ပါလား။ ထို့ကြောင့် မည်သူကများ လွန်ဆန်ဝံ့ပါမည်နည်း။ မည်သူကများ မနာခံဘဲ နေဝံ့ပါမည်နည်း။
ထို့ပြင် အံ့ဖွယ်သမားတော်ဆိုသည်မှာ အလွန်အင်အားကြီးပုံရသည့် လူတစ်ယောက်ပင်ဖြစ်နိုင်ကြောင်း လူ အများမှ ထင်မှတ်ထားကြသည်။  ဘူရှန်းဖန်ကဲ့သို့သော ပညာရှင်မျိုးပင် ထိုသမားတော်ထံတွင် အမှုထမ်းနေရသည် မဟုတ်ပါလော။
မည်သို့ပင်ဆိုစေကာမူ လက်ရှိအချိန်တွင် လေပြင်းတောင်မှ အရှင်သခင်နှစ်ပါးပင် စိတ်ရှည်ရှည်နှင့် အံ့ဖွယ် သမားတော်ကို စောင့်စားနေကြ၍ မည်သူကမှ စည်းမျဉ်းများကို မချိုးဖောက်ဝံ့ဘဲ ဖြစ်နေပါတော့သည်။.

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now