Part 23 (Uni)

5.4K 257 11
                                    

အပိုင်း - ၂၃

ရောင် ပိုးပုဝါနဲ့ ထုတ်ထားသည့် အထုတ်လေးကို ဖြည်လိုက်သည်။ အထဲမှာ သေသပ်လှပသည့် ယွန်းဘူးလေး။ ထို့နောက် ရောင် ထိုဘူးလေးကို အသာယာဖွင့်လိုက်သည်။

ဘူးလေးပွင့်သွားသည်နှင့် မြင်လိုက်ရသည်က အစီရီထည့်ထားသည့် လမုန့်လေးများ။ နှင်းဆီဖြူပွင့်ချပ်လေးတွေနဲ့ လုပ်ထားသည့် လမုန့်လေးတွေ။ ဘူးအောက်ခြေမှာ နှင်းဆီဖြူပွင့်ချပ်လေးတွေခံထားပြီး လမုန့်လေးတွေကို အစီရီထည့်ထားတာဖြစ်သည်။ တနည်းအားဖြင့် ရောင် အိပ်မက်ထဲမှာ လောလောလတ်လတ်မြင်ခဲ့ရသည့် လမုန့်လေးတွေပင်။ နှင်းဆီနံ့ခပ်သင်းသင်းမုန့်လေးတွေကြောင့် ရောင် ပြုံးလိုက်မိသည်။

ထို့နောက် ရောင် မုန့်လေးတစ်ခုကို ထုတ်ယူပြီး တစ်ကိုက်ကိုက်လိုက်သည်။ ထိုအချိန်မှာ ဆေးရုံခန်းတစ်ခန်းလုံး မွှေးပျံ့သွားလေသည့် နှင်းဆီရနံ့ခပ်သင်းသင်း။

ထူးခန့် ရောင်ကို ကြည့်ပြီး ပြုံးလိုက်ပါ၏။

"ရောင်"

ထူးခန့် ခေါ်လိုက်သည့်အခါ ရောင်က မော့ကြည့်လာခဲ့သည်။

"အွန်း"

"အဲ့လောက်တောင် ပျော်သွားတာလား"

"အွန်း.. ဘာလို့မှန်းမသိဘူး.. ဒီလမုန့်ကို စားလိုက်တာနဲ့ စိတ်ပျော်သွားရတယ်"

ထူးခန့် ခုံလေးမှာ ဝင်ထိုင်လိုက်သည်။

"ကြည့်ရတာတော့ ဒီလောကကြီးမှာ ရောင်ကို နားအလည်နိုင်ဆုံးက လင်းညခင်းပဲ ဖြစ်မယ်ထင်တယ်"

ထူးခန့်၏ စကားကြောင့် ရောင် စားလက်စ မုန့်လေးကို ဘူးထဲ ပြန်ထည့်လိုက်သည်။

"ထူးခန့်က ဘာလို့.. အဲ့လိုထင်ရတာလဲ"

"ရောင်.. ကြည့်ရတာတော့ ရောင်နဲ့ညခင်းက ဟယ်ဒန်းမှာကတည်းက သိခဲ့ကြတာနဲ့ တူတယ်"

ရောင် သက်ပြင်းချရင်း ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်တယ်.. ထူးခန့်.. ညခင်းနဲ့ရောင်က ဟယ်ဒန်းမှာကတည်းက သိခဲ့ကြတာ"

"ဟင်.. ရောင်.. ရောင်က ဟယ်ဒန်းကို ပြန်မှတ်မိပြီလား.. ဒါဆို အဲ့ကမ္ဘာဆီ ဘယ်လိုပြန်ရမလဲဆိုတာကိုရော မှတ်မိပြီလား"

H.A.E.D.E.N (Completed)Where stories live. Discover now