Part 43 (Uni)

3.9K 235 6
                                    

အပိုင်း - ၄၃

"အိမ်ရှေ့စံ.. အိမ်ရှေ့စံ.."

အမောတကော ရောက်လာသည့် အိမ်တော်အကူလေး။

ညခင်း မျက်ခုံးနှစ်ခုကြား လက်မဖြင့် ဖိလိုက်သည်။ ဒီရက်တွေထဲ ညခင်း အိပ်မပျော်တာကြောင့် ခေါင်းကိုက်နေတာဖြစ်သည်။ ကိုကို့ကို စိတ်ပူတာကြောင့် ညခင်း အစားလည်းမဝင်။ ထို့ကြောင့် ခန္ဓာကိုယ်ကလည်း အားနည်းလို့နေသည်။ လဲသွားလို့မဖြစ်ဆိုသည့် စိတ်ဖြင့်သာ တင်းခံထားရတာပင်။

စာဖတ်ခန်းထဲဝင်လာသည့် အကူလေးကို ညခင်း ခေါင်းညိတ်ပြီး အသိမှတ်ပြုလိုက်ပါ၏။

"ပြော"

"ဟို.. ဟို.. အိမ်ရှေ့စံ.. ကြင်ယာတော်.. ကြင်ယာတော်... ဟောဟဲ..ဟောဟဲ"

ကိုကိုဆိုတာနဲ့ ညခင်း ထိုင်နေရာမှ ဆတ်ခနဲ ထလိုက်မိသည်။

"ကိုကို.. ကိုကို့ သတင်းရပြီလား.. ဘာတဲ့လဲ"

"ဟုတ်ကဲ့ အိမ်ရှေ့စံ.. ကြင်ယာတော် ပြန်ရောက်လာပါတယ်"

"ဟင်.... ကိုကိုက.. ပြန်ရောက်လာတယ် ဟုတ်လား"

"ဟုတ်ကဲ့.. အောက်.. အောက်မှာပါ အိမ်ရှေ့စံ"

"ကိုကို.. ကိုကို့ဆီ သွားမယ်"

"ဟုတ်ကဲ့ .. အိမ်ရှေ့စံ"

ကိုကိုက ရုတ်တရက်ပြန်ရောက်လာသည်လား။ ညခင်း စာဖတ်ခန်းထဲမှ အပြေးထွက်က အောက်ထပ်ဆီ ပြေးဆင်းခဲ့လိုက်သည်။ စိတ်ထဲမှာ ဆင်းနေကျ လှေကားထစ်တွေက ဒီနေ့မှ များနေသလို။ ညခင်း ကိုကို့ကို တွေ့ချင်လှပြီလေ။

.....................................................................

အိမ်တော်အောက်ထပ်မှာ ရပ်နေသည့် ကိုကို။

"ကိုကို"

ညခင်း ကိုကို့ကို ခေါ်ပြီး ပြေးဖက်လိုက်သည်။ နွေးထွေးလှသည့် အငွေ့သက်လေး။ ညခင်း ဘယ်လောက်တောင် လွမ်းခဲ့ရပါသလဲ။ အခုတော့ ကိုကို့ကို ပြန်ပွေ့ဖက်ခွင့်ရပြီ။ ကိုကို ဘယ်လို ပြန်ရောက်လာတာလဲ ညခင်း စိတ်မဝင်စား။ ကိုကို ပြန်ရောက်လာတာကသာ အရေးကြီးသည်လေ။ ထို့ကြောင့် ကိုကို့ ကိုယ်လေးကို လွတ်ထွက်သွားတော့မယ့်အလား ဖက်ထားမိတော့သည်။

H.A.E.D.E.N (Completed)Where stories live. Discover now