Chapter 71

883 114 0
                                    

အပိုင်း (71)


အဖေ ရီမှာလည်း အံ့ဩ ဝမ်းသာရပြီး ;

"ငါးနီကွက်လည်း ရလာခဲ့တယ်။ ငါးနီကွက် ဒီနေရာမှာ ရှိလိမ့်မယ်လို့ ထင်တောင် မထင်ထားဘူး"

ရီရောင့်သုန်း ငါးကို ကောက်ယူလိုက်ပြီး ဝမ်းသာအားရ လက်ထဲတွင် စစ်ဆေးလိုက်သည်။

"အမ်၊ ကျွန်တော်ရောပဲ။ ကျွန်တော့် စိတ်ထဲ ဒီတစ်ခေါက်ကွန်က ဘာမှ အထူးတလည် ပါလာလောက်မယ်လို့ကို မထင်တာ၊ ဒါပေမဲ့ ဒီလို ငါးနီကွက်ကြီးပါလာလိမ့်မယ်လို့ တကယ် မမျှော်လင့်မိတာ၊ တကယ့် အချီကြီးပဲ"

"ငါ့ကို ပေးကြည့်ပါအုံးကွာ"

အဖေ ရီ တစ်ယောက် မစောင့်နိုင်တော့ချေ။

"ဆောင်းရာသီဆို ငါးပူတင်း၊ နွေရာသီမှာဆို ငါးနီကွက်တဲ့၊ ဒီတစ်ကောင်က နှစ်ကျင်းကျော် သုံးကျင်းနီးပါးလောက် ရှိမယ်၊ သေချာပေါက်ဈေးကောင်းရမှာ"

သူ့ ပြန်လည် မမွေးဖွားခင်က မွေးမြူရေး ငါးနီကွက်များက တစ်ကျင်းလျှင် ယွမ် နှစ်ရာ၊ သုံးရာရပြီး၊ ငါးနီကွက် အရိုင်းဆိုလျှင် ၈၀၀ အထက်ရကြောင်း သူ မှတ်မိသည်!..။

"အင်း၊ မင်း တိုင်ဖွန်တုန်းက ဖမ်းမိလာတဲ့ ပင်လယ် ကကတစ်ထက်တောင် ကြီးသေးတယ်"

"ကျွန်တော် အဖေ့ကို ပြောသားပဲ။ ကျွန်တော်က ကံကောင်းပါတယ်ဆို။ ကျစ် ကျစ် ကျစ်~ ဒီလောက်ကြီးတဲ့ ငါးနီကွက်ကြီးကွာ"

"ခွဲပြီးထားဦး၊ မထိခိုက်စေနဲ့၊ ရောင်းတဲ့ခါမှ ကြည့်မကောင်းတော့ရင် ဈေးလျှော့ပေးနေရအုံးမယ်"

အဖေ ရီက ပုံးသေးလေး တစ်ပုံး ယူပြီး ဂရုတစိုက်ဖြင့် ထည့်လိုက်သည်။

"ကွန်တွေ ရက် အများကြီး‌ ဆွဲထားရတာ၊ ငါးပုတ်သင်ဝါတွေ ပြီးရင် ဒီနေ့ ဖမ်းလို့ ရတာက အများဆုံးပဲ၊ ငါတို့ သေချာ‌ပေါက် ယွမ် ရာကျော်လောက်ရမှာ"

အဖေ ရီက ပျော်ရွှင်နေသည့် ရီရောင့်သုန်းကို လှမ်းကြည့်ပြီး ;

"မင်းက တကယ် ကံကောင်းတာပဲ၊ အခုချိန်က စပြီး မင်း အစ်ကို နှစ်ယောက် လာစရာ မလိုတော့ဘူး၊ သူတို့ဘာသာ အိမ်မှာ နေပြီး အိမ်ကူဆောက်ပါစေ၊ မင်းကတော့ ငါနဲ့ နေ့တိုင်း လိုက်ရမယ်"

"ဟမ်"

ရီရောင့်သုန်း၏ အပြုံးမှာ တစ်ခဏအေးခဲသွားတော့သည်။ သူ ဆန္ဒပြချင်သော်လည်း သေချာစဉ်းစားကြည့်လိုက်၏။ အိပ်ရာ စောစောထရပြီး ကောင်းကောင်း မအိပ်၊ ကောင်းကောင်း မစားရသည်မှ လွဲ၍ ကျောက်သယ်၊ ကျောက်ကောက်ရသည့် ကာယ အလုပ်ထက် ပင်လယ်ထဲ ထွက်ရသည်က ပို၍ လွယ်မည့်ပုံပင်။ ရုတ်ချည်း မျက်နှာပေါ်တွင် သူ၏ ငပျင်း အပြုံးက ပြန်ရောက်လို့လာ၏။

"အိုခေလေ"

"စိတ်ကူးယဉ်မနေနဲ့ အလုပ်လုပ်တော့"

"အဖေကများ ပြောရသေးတယ်..."

အဖေ ရီ သူ့ကို လျစ်လျူရှုလိုက်ပြီး နောက်ဆုံး ကွန်မှ အကောင်များကို ခွဲထုတ်နေတော့သည်။ သူ့စိတ်ထဲတွင် အကြမ်းဖျင်း အတွေးတစ်ခု ရှိ၏။

"ဒီငါးနီကွက်က လွဲရင် ဒီတစ်ခေါက်ကွန်ကလည်း အတော် ကောင်းပါတယ်ကွ၊ ပစ္စည်းတွေ ခွဲထုတ်ပြီး ကဏန်း ခြေထောက်တွေကို စုချည်ထားလိုက် သေးတဲ့ အကောင်တွေကိုတော့ ဖယ်ထုတ်ထား၊ ငါ လှေကို ပြန်ထိန်းလိုက်မယ်။ နေက ဝင်နေပြီဆိုတော့
စောစောပြန်ကြစို့၊ မဟုတ်ရင် ဒီရေ အရမ်းတိမ်လာရင် လှေကို ကောင်းကောင်း ကမ်းကပ်လို့ မရဘဲနေမယ်"

"အို့"

ရီရောင့်သုန်း ကန့်ကွက်စရာ မရှိပါချေ။ မနက် နှစ်နာရီကတည်းက ထွက်လာရသည် ဖြစ်ရာ ယခုတွင် အလွန် ပင်ပန်းနေပြီ ဖြစ်သဖြင့် အိမ်ကို စောစောပြန်သည်က ပိုကောင်းလိမ့်မည်။

သူက ခြင်းများထဲ အမျိုးမျိုးသော ပင်လယ်စာများကို ခွဲထည့်ပြီးနောက်၊ ကဏန်း ခြေထောက်များကို အေးအေးဆေးဆေး ထိုင်ချည်လေ၏။

ယနေ့က ကဏန်း သိပ်မရချေ။ ကဏန်းခြေထောက်များ ချည်ပြီးသည်နှင့် လှေမှာ ဆိပ်ခံနှင့် မနီးမဝေးတွင် ရောက်နေပြီး ဖြစ်ရာ ပင်လယ်မှ ပြန်လာကြသည့် ငါးဖမ်းလှေ များစွာကို သူ လှမ်းမြင်နေရသည်။

အားလုံးက သူတို့ ရွာက ဖြစ်ပြီး အားလုံးက တစ်ယောက်နှင့် တစ်ယောက် ရင်းနှီးကြ၏။ တစ်ယောက်နှင့် တစ်ယောက် တွေ့ကြသည့်အခါ သဘာဝအတိုင်း နှုတ်ဆက်ပြီး အခြေအနေကို မေးမြန်းကြသည်။

"ဟမ်၊ ရီလောင်စမ်း။ မင်း ဒီနေ့ ရောင့်သုန်းကို ဘာလို့ ခေါ်သွားတာတုန်း"

မေးလိုက်သည့်သူက သူ့အဖေ၏ သူငယ်ချင်း ဦးလေး လင်းကျင်ရဲ ဖြစ်သည်။

"ညီအစ်ကို သုံးယောက် တစ်ယောက် တစ်လှည့်အလုပ်,လုပ်ကြတာလေ၊ သူ့ကိုသာ အလုပ် မခိုင်းရင် ဒီကောင် ဘာဖြစ်လာမှာလဲ၊ မိန်းမကို မထောက်ပံ့နိုင်၊ ကလေးတွေကို မကျွေးနိုင်နဲ့ဖြစ်သွားမှာ"

အလုပ်လုပ်တော့လည်း ပြောခံထိတယ်။ အလုပ် မလုပ်ပြန်တော့လည်း ဆူခံထိပြန်တယ်။

အဲ့ဒါ သူ့အဖေရဲ့ပုံစံပဲ။ သူ့အဖေ တစ်ယောက်တည်းကပဲ သံကို သံမဏိ မဖြစ်လို့ဆိုပြီး သူ့ကို ဆူပူနေတာ။

သည်မာ၊ သူ ပြန်ရောက်လာပြီးကတည်းက သူငယ်ချင်းတွေနဲ့ လည်တာက လွဲရင်း အလုပ်ကြိုးစားနေတာပဲ မဟုတ်လား။

ရီရောင့်သုန်းမှာ ကူကယ်ရာမဲ့စွာဖြင့် ;

"အဖေဗျ၊ ကျွန်တော် အခု နောက်ပိုင်း အလုပ်ကြိုးစားပြီး လိမ်လိမ်မာမာ နေပေးနေတယ်မလား။ ကျွန်တော့်ကို နည်းနည်းပါးပါး အကောင်းပြောပေးလို့ မရဘူးလားဗျာ"

ဦးလေး လင်းက ပြုံးပြီး ;

"ဟုတ်သားပဲ ရီလောင်စမ်းရာ၊ ရောင့်သုန်းက ခုနောက်ပိုင်း ဝီရီယရှိရှိနဲ့ ကြိုးစားနေတာပဲကို၊ သူ အကောင်းကြီးတွေ ဖမ်းမိလာတယ်လို့ ငါ ကြားတယ်။ ငါတို့တွေ တံငါးသည် ဖြစ်လာတာပဲ ငါတို့တစ်သက် ရှိနေပြီ။ ဘယ်တုန်းကများ အဲ့လို ရှားပါးတွေ ဖမ်းမိဖူးလို့လဲ"

"ဒါကတော့ ဒါပေါ့။ အဲ့ဒါက ကံကောင်းနေလို့လေ၊ ဘယ်သူကများ ဘဝတစ်သက်လုံး ကံကောင်းနေနိုင်လို့လဲ။ ငါတို့လို ကျေးလက်နေ ရွာသားတွေက အလုပ်ကို ကြိုးကြိုးစားစား လုပ်နေမှရမှာ၊ နေ့တိုင်း အချီကြီးမိပြီး ပြန်လာနိုင်လိမ့်မယ်လို့ ဘယ်သူမှအာမ,မခံနိုင်ဘူး၊ ပင်လယ်မှာက မှန်းလို့ မရတဲ့ အရာတွေ အများကြီး ရှိနေတာ ကုန်းပေါ်မှာထက်တောင် အန္တရာယ် ပိုများသေးတယ်"

"အန္တရာယ်များလို့ပဲ ကံဆိုတာ အရေးကြီးတာပေါ့ကွာ၊ မဟုတ်ရင် ပင်လယ်ထွက်တဲ့ အချိန်ကျ တစ်ချို့ အများကြီး ဖမ်းမိတဲ့အချိန် တစ်ချို့ကျ နည်းနည်းလေး ပဲရတာလေ၊ တစ်ချို့ဆို ပင်လယ်ထဲမှာ အသက်တောင် ဆုံးရှုံးသွားရတာလေ၊ မဟုတ်ဘူးလား"

ဤအရာက တကယ့် အမှန်တရာပင်။ အဖေ ရီက ဆက်ပြီး မငြင်းခုံတော့ပြီး ရီရောင့်သုန်းက သဘောတူ၏။

"ဦးလေး လင်း ပြောတာ အရမ်း မှန်တာပဲဗျာ၊ ကံဆိုတာ ပင်လယ်မှာ အလုပ်လုပ်နေတဲ့ ကျွန်တော်တို့အတွက် အရမ်း အရေးပါတာပေါ့"

"ဟုတ်တယ်။ ဒါကြောင့်လည်း ငါ မေးနေတာပေါ့။ မင်းတို့ ဒီနေ့ ဘယ်လောက်ရခဲ့လဲလို့"

သည်မေးခွန်က အဖေ ရီကို သွားထိလေသည်။ သူက ပြုံးရင်းဖြင့် ;

"ငါတို့ စကိတ်ငါး သုံးကွန် မိလာခဲ့တယ်၊ တစ်ကွန်က ဘလန်ငါးရယ်၊ နောက်တစ်ကွန်က ပုစွန်နဲ့ကဏန်း..."

အဖေ ရီ၏ စကားမဆုံးသေးခင်ပင် ဦးလေး လင်းမှာ အံ့ဩတကြီးဖြင့် ...

"ဒီလောက်တောင် အများကြီးလား။ စကိတ်ငါး သုံးကွန်တောင်လေ သေချာပေါက် ကျင်း တစ်ရာကျော်ရှိမှာပဲ ဟုတ်တယ်မလား။ ဝိုး...ဘလန်ငါးရော၊ ပုစွန်နဲ့ ကဏန်းရော..မင်းတို့ ဒီနေ့ အတော်ရလာကြတာပဲ"

"အဲ့ထက်ပိုတယ်။ စကိတ်ငါးက လေး၊ ငါး ရာကျော်ဝန်းကျင် ဖမ်းမိလာတာ၊ ပြီးတော့ ငါတို့ သုံးကျင်းနီးပါး ရှိတဲ့ ငါးနီကွက်လည်း ဖမ်းမိလာသေးတယ်ကွ"

"ဘာ၊ ငါးနီ ဟုတ်လား"

"ငါးနီကွက်ကွ၊ ငါးနီက ဘာလုပ်လို့ရမှာလဲ။ ထည့်ပြောဖို့တောင် လိုလို့လားကွ"

"အား၊ ငါးနီကွက်လား။ သုံးကျင်းနီးပါးတောင်လေ။ ငါ့ကို ပြစမ်းပါဦး။ မင်းတို့ တကယ်ကြီး ငါးနီကွက်ကို မိလာကြတာလား။ မင်းတို့မိသားစုတော့ ဒီရက်ပိုင်း အရမ်း ကံကောင်းနေတာပဲကွာ၊ ဘယ်လိုလုပ်ပြီး ဒီလိုကောင်းတဲ့ အရာတွေနဲ့ပဲ အမြဲကြုံနေရတာလဲ"

ဦးလေး  လင်းက လည်ပင်းကို ဆန့်ထုတ်ပြီး ဘူးလေး တစ်ဘူးထဲကနေ အနီရောင်အစင်း၊ အကွက်မျိုးစုံနှင့် ငါးကြီး တစ်ကောင်အား ရီရောင့်သုန်း ထုတ်လာသည်ကို မြင်လိုက်သည်။ သူ့မျက်လုံးများက ပြူးကျယ်လာတော့သည်။

"မယုံနိုင်စရာကြီးကွာ။ တကယ်ကြီး ငါးနီကွက်ကြီးဟ။ မင်းတို့မိသားစုရဲ့ကံကတော့ကွာ တော်တော်ကောင်းနေတာပဲ၊ ကြည့်ရတာ အိမ်အသစ်ရဲ့ဖုန်ရွှေ ကောင်းတာကြောင့်များလား"

"အင်း၊ မသိနိုင်ဘူးလေ။ ဟုတ်ချင်ဟုတ်မှာပေါ့"

အဖေ ရီမှာ မနေ့က သူတို့ အိမ်အသစ်၏ ဖုန်ရွှေ ကောင်းကြောင်း တစ်စုံတစ်ဦး ပြောနေသံကို ကြားခဲ့ရသည်။

"ဝိုး၊ မင်းတို့တော့ ဒီနေ့လည်း ဂျက်ပေါ့ကြီး မိလာကြတာပဲ။ ကျင်း သုံး၊ လေးရာကျော် စကိတ်ငါးတစ်မျိုးတည်းနဲ့တင် ခြောက်ဆယ်၊ ခုနစ်ဆယ် ယွမ်လောက် ရနေပြီ၊ ဒီငါးနီကွက်က သေချာတယ်၊ အနည်းဆုံး ယွမ်ရာကျော်ရမှာ၊ ပြီးတော့ တစ်ခြားပင်လယ်စာတွေလည်း ရှိ...."

"ဘာ၊ ငါးနီကွက်လား"

ကမ်းခြေသို့ နီးကပ်လာသည်နှင့် သူတို့၏ စကားဝိုင်းက အနီးအနားရှိ လှေများမှ ရွာသားများ၏ အာရုံကို ဖမ်းစားနိုင်သွား၏။ လှေစက်အင်ဂျင်၏ ကျယ်လောင်သောအသံကြောင့် သူတို့မှာ အသံကျယ်ကျယ် ပြောရလေသည်။ ယင်းမှာ ပဒူကောင် အသိုက်ကို တုတ်နှင့်ထိုးလိုက်သလိုပင် လူတိုင်းက ငါးနီကွတ်အကြောင်း မေးမြန်းလာကြသည်။

ရီရောင့်သုန်းက ငါးကို သေတ္တာထဲ ပြန်ထည့်ပြီးပြီဖြစ်ရာ ထပ်ပြီး မထုတ်ချင်တော့သဖြင့် ;

"ကုန်တွေ ချတဲ့အခါကျရင် ကြည့်လို့ရမယ်"

ရီရောင့်သုန်းမှ မထုတ်ပြတော့သည်ဖြစ်ရာ ငါးကို မြင်ဖူးသွားသည့် ဦးလေး လင်းက သဘာဝအတိုင်း သူတို့ကို ကြွားလုံးထုတ်တော့သည်။ ယခုအခါတွင် လူတိုင်းမှာ ရီမိသားစုက မကြာသေးမီက မည်သို့သော အံ့သြဖွယ်ကောင်းသည့် ကံကောင်းမှုမျိုး ရှိနေသလဲကို ပိုပြီး သိချင်လာကြတော့သည်။

သည်ကြားချိန်လေးအတွင်း သူတို့ ကုန်ချသည့်အချိန်တွင် ဆိပ်ခံနားတစ်ဝိုက်၌ လူ အများအပြား  စုရုံးရောက်ရှိလာကြသည်။

သူတို့ စကိတ်ငါးများကို လှေပေါ်မှ ချသည့်အခါတွင် လူများက အလွန် အံ့အား မသင့်သွားချေ။ သို့သော် သူတို့ တစ်ပုံးပြီး တစ်ပုံးချသည့်အချိန်တွင်တော့ အားလုံး အံ့ဩသွားကြတော့သည်..။

"ရီလောင်စမ်း။ မင်းတို့ အချီကြီး မိလာကြတာလား"

"စကိတ်ငါးတွေ အများကြီးပဲရော၊ ကျင်း ရာကျော်တယ်မလား"

"သုံးကျင်း နီးပါး ရှိတဲ့ ငါးနီကွက်လည်း မိထားသေးတယ်လို့ ငါ ကြားတယ်"

"အဟုတ်ပဲလား"

"ဟုတ်တယ်ဟ။ တကယ်ကြီး ငါးနီကွက်ကြီး"

ငါးမျိုးစုံ၏ ပုံးပေါ်တွင် တင်ထားသည့် ငါးနီကွက် ပုံးကို မြင်ရချိန်တွင် အားလုံးမှာ စုပြုံလာကြပြီး ဤငါး မည်မျှ တန်ကြေးရှိကြောင်း ဆွေးနွေးကြတော့သည်။

"အားလုံးပဲ လမ်းလေး ဖယ်ပေးကြပါဦး ရှင်။ ကျွန်မတို့ ကုန်တွေကို အရင်ဆုံး အလေး ပေးချိန်ကြပါဦး၊ ချိန်ပြီးတာနဲ့ ဘယ်လောက်တန်လဲဆိုတာ ကျွန်မတို့ အားလုံး သိကြမှာပဲမလား"

အမေ ရီက ရွှင်ပြမှုများဖြင့် ပြုံးပျော်နေ၏။ ယနေ့ အများကြီး ဖမ်းမိလာလိမ့်မည်လို့ သူ(မ) မမျှော်လင့်ထားမိပေ။

ငါးနီကွက်ကြီးကို မြင်လိုက်ရသည့် အားချိုင်၏ မျက်နှာမှာလည်း အပြုံးကြီးကြီး တစ်ပွင့် ရှိလို့နေ၏။ ယခုရက်ပိုင်း သူ့တွင် ရှားပါး ငါးများ ရောင်းရန် ရှိနေပြီး မြို့ပေါ်ရှိ ဟုန်းရှန်ဟိုတယ်၏ ပိုင်ရှင် အငယ်ဆုံးသားသည်ပင် သူ့အား မှတ်မိနေချေပြီ။ သူက သူ့ကို မည်သည့် ကောင်းသည့် ပစ္စည်းမှန်သမျှ သူ့ဆီ ပို့လာပေးရန်ပါ ပြောလာခဲ့သည်။

ဟုန်းရှန်ဟိုတယ်မှာ သူတို့မြို့နယ်တွင် အကြီးဆုံးဖြစ်ပြီး သူတို့တွင် OK lounge တစ်ခုတောင် ရှိလေသည်။ လူချမ်းသာများက ဤနေရာတွင် ဖောဖောသီသီ သုံးကြ၏။ ယနေ့ခေတ်အခါတွင် သူတို့ဒေသ၌ ပြည့်တန်ဆာ လုပ်ငန်းကဲ့သို့သော တရားမဝင် လုပ်ငန်းများကို ဖြိုဖျက်ရေးမှာ အလွန်တင်းကျပ်ထားခြင်းမျိုး မရှိပေ။ အနီးအနားရှိ မြို့များနှင့် မြို့ကြီးများတွင်ပင် ချမ်းသာသည့် ပုဂ္ဂိုလ်များနှင့် အရာရှိ အများအပြားပါ ထိုနေရာသို့ ဖျော်ဖြေရေး သဘောမျိုးဖြင့် သွားရောက်ပျော်ပါးတတ်ကြသည်။

အားချိုင်က ပျော်ရွှင်စွာဖြင့် ;

"ဒီငါးနီကွက်ကြီးက လုံးဝ အမိုက်စားပဲ၊ အရင်ဆုံး အလေးချိန် ကြည့်ရအောင်"

ရီရောင့်သုန်းက သူ့ကို စီးကရက် တစ်လိပ် ကမ်းပေးလိုက်ပြီး ;

"တစ်ကျင်း ဈေးဘယ်လောက် ရမလဲကို အရင် ပြောရအောင်လေ၊ ချိုင်ကော"


1982 ခုနှစ်မှ တံငါရွာလေးဆီသို့Where stories live. Discover now