Chapter 95

772 98 0
                                    

အပိုင်း (၉၅)


ဩဂုတ်လ ၂၀ ရက်နေ့တွင် အားကွမ်၊ အသေးလေးနှင့် အားကျန်းတို့ မှာထားသည့် လှေက တရားဝင် ရောက်ရှိလို့လာ၏။

သူတို့က အားလုံးကို မကြေညာခင် တစ်စုံတစ်ယောက်အား လှေကို သုံးရက်ကြာ စောင့်ကြည့်ခိုင်းထားပြီးနောက်မှ ဆိပ်ခံတွင် ဗျောက်အိုးဖောက်မည်ဖြစ်ကြောင်း သတင်းပါးလိုက်ကြသည်။

ကျန်သည့် သူငယ်ချင်း သုံးယောက်မှာ ထိုသုံးယောက် လှေကို အတူ ပေါင်းဝယ်လိုက်ကြကြောင်း နောက်မှသိရပြီး အမျိုးမျိုး အထွေထွေ တုံ့ပြန်မှုများဖြစ်လာရသည်။

ဖက်တီးက အနည်းငယ် အံ့အားသင့်နေဟန်ဖြင့် ;

"မင်းတို့ ဘယ်ချိန်တုန်းက မှာလိုက်ကြတာလဲ။ ငါတို့ကိုလည်း တစ်ခါမှ မပြောဖူးပါလား"

"ဟမ်၊ ငါတို့ မပြောဖူးဘူးလား"

သုံးယောက်သားက အချင်းချင်း ကြည့်လိုက်ကြပြီး ဖက်တီးကို ပြန်ကြည့်လိုက်ကြသည်။

အားကွမ် ; "ငါက အားတာတဲ့ အားသုန်းတို့ အိမ်ဝိုင်းကို ကူပေးနေတာဆိုတော့ မင်းတို့နဲ့ မဆုံဖြစ်တော့ မပြောဖြစ်ဘူး၊ ငါ့စိတ်ထင် မင်းတို့ နှစ်ကောင် ပြောပြီးလောက်ပြီ ထင်တာ"

အားကျန်းကလည်း အပြစ်ကင်းစွာဖြင့် ;

"မပြောဖြစ်ဘူးလေ၊ မင်းမှ အိမ်မှာ ရှိမနေတော့ ငါတို့မှာ လူစုဖို့ နေရာ မရှိဘူးလေ"

"ငါလည်း အလုပ်တွေ အရမ်းရှုပ်သွားပြီး ပြောဖို့ မေ့သွားတာ"

အားဝေက မကျေမနပ် မျက်မှောင်ကြုတ်ရင်းဖြင့် ;

"မင်းတို့ကောင်တွေက သိပ်လျှိုတာပဲ၊ လှေကို စုဝယ်မဲ့အကြောင်း တစ်ခွန်းမှ မဟကြဘူး၊ ဘာလဲ လူများများနဲ့ စုဝယ်ရင် ပိုက်ဆံခွဲတဲ့အခါကျ နည်းနည်းပဲရမှာ စိုးရိမ်လို့လား"

အားကွမ်၏ မျက်ခုံးများက မြှင့်တက်သွားပြီး သူ့ကို မယုံကြည်နိုင်စွာ ကြည့်ကာ ;

"မင်းက ဘာလို့ အဲ့လိုတွေးရတာလဲ။ ငါတို့က ပြီးခဲ့တဲ့ ၁၅ ရက်နေ့တုန်းက အားသုန်းရဲ့လှေသေးသေးလေးထဲ တိုးကြိတ်ပြီး လိုက်သွားရင်း ကျင်းထောင်ကျော်ရှိတဲ့ ပင်လယ် ဝံပုလွေတွေ အများကြီး ရလိုက်လို့ အားကျသွားတာ၊ အဲ့ဒါနဲ့ ငါတို့‌ ဝေစုရလာတဲ့ ပိုက်ဆံနဲ့ လှေကို စုဝယ်ကြဖို့ ဆုံးဖြတ်လိုက်တာ၊ အားသုန်းရဲ့လှေကိုပဲ နေ့တိုင်း သွားသုံးနေလို့ မရဘူးလေ၊ သူလည်း သူ့ကွန် သူ့ဘာသာသူ လွှတ်ချင်မှာပေါ့"

အားကျန်းကလည်း သံယောင်လိုက်ပြီး :

"ဟုတ်တယ်ကွ၊ ငါတို့က သွေပူတုန်း ဆုံးဖြတ်ချက်ချလိုက်ကြတာ။ ပြီးတော့ အဲ့တုန်းက မင်းတို့မှ မပါတာ"

ထိုအရာကို မပြောလိုက်လျှင် အဆင်ပြေဦးမည်ဖြစ် ပြီး ဟောင်ဇီကတောင် ပျော်မနေတော့ချေ။ သူဆို ပိုက်ဆံရမဲ့ အခွင့်အရေးကို နှစ်ခါတောင် လက်လွှတ်ခဲ့ရတာ။

"မင်းတို့ ငါ့ကို ကြိုပြောကြလေ၊ မင်းတို့ ကြိုမပြောရင် ဘယ်သူက အိမ်မှာနေပြီး ‌တစ်နေကုန် အလဟဿ ထိုင်စောင့်နေမှာလဲ။

"ငါတို့ကရော ဒီလို အချီကြီး မိလာလိမ့်မယ်ဆိုတာ သိတယ် ထင်လို့လား။ ငါတို့ မင်းအိမ်ကို မလာခေါ်တာလဲ မဟုတ်ဘူး၊ မင်းဘာသာမင်း ရှိမနေတာ"

အသေးလေးမှာလည်း စိတ်ဆိုးလာရတော့သည်။ ထို ၁၅ ရက်နေ့တုန်းက သူလည်း သွားဖို့ စီစဉ်လိုက်ပြီး အားလုံးကိုလည်း သွားခေါ်ခဲ့သည်။ မည်သူ့ကိုမျှ သီးသန့် ချန်ထားခဲ့ခြင်းမျိုး မရှိပြီး သူတို့ကသာ အကြောင်းပြချက် ကိုယ်စီဖြင့် အိမ်တွင် မရှိကြချည်းသာ။

အားကျန်းကလည်း အားဝေကို စိတ်မချမ်းမသာကြည့်ကာ ;

"၁၅ ရက်နေ့ မနက်တုန်းက ငါတို့ အသေးလေး မင်းကို လာခေါ်ခဲ့ပါသေးတယ်၊ မင်းကို မင်းအဖေက ဖရဲသီး သယ်ဖို့ တောင်ပေါ် ခေါ်သွားတယ်ဆိုလို့၊ ဘယ်သူ့ကို သွားပြီး အပြစ်တင်ရမှာလဲ"

အားဝေ ; "ပိုက်ဆံအကြောင်းကို ပြောနေတာ မဟုတ်ဘူး၊ မသွားရဘူးဆိုတော့လည်း မသွားဘူးပေါ့၊ ဒါပေမဲ့ လှေဝယ်မဲ့ ကိစ္စကိုတော့ ငါတို့ကို အသိပေးသင့်တယ်လေ"

"ငါ မပြောဖြစ်ဘူးဆိုတာက မေ့သွားခဲ့လိုလေ၊ အားသုန်းနဲ့ ငါက ဒီရက်ပိုင်း ခွေးလိုပဲ တစ်နေကုန် ပင်ပန်းနေတာ။ အိမ်ပြန်ရောက်ပြီး တစ်ခါတည်း ခေါင်းချတာနဲ့ အိပ်ပျော်တော့တာပဲ၊ ပြီးတော့ ဒီရက်ပိုင်းမှာ ငါတို့ အတူ မဆုံဖြစ်ကြဘူး မဟုတ်ဘူးလား၊ အချိန်ကလည်း ရှိမနေတာနဲ့ အထူးတလည်ပြောမနေတော့တာ"

အားကွမ် သူ့ကို အတတ်နိုင်ဆုံး ကြိုးစား ရှင်းပြနေသည်။ မည်သို့‌ဆိုစေ ပေါင်းလာကြတာဖြင့် နှစ်ပေါင်းမနည်းတော့ပြီး၊ ယခုလို ကိစ္စအသေးအမွှားလေးဖြင့် ပြဿနာ မတက်ချင်ပေ။

အသေးလေးက ; "မင်းတို့မှာ စိတ်ကူးရှိ နေတယ်ဆိုလည်း မင်းတို့အတူ ပေါင်းဝယ်လိုက်ကြပါလား။ ဘာတွေ ဒီလောက် ခက်နေစရာလိုလို့လဲ"

အားဝေက လှောင်ရယ်ကာ ;

"အေး၊ မင်းတို့ပြောတော့သာ လွယ်တာ၊ လှေ ဝယ်ဖို့ဆိုတာ ကိစ္စသေးသေးလေး မဟုတ်ဘူး၊ ဝယ်ချင်တယ်ဆိုတိုင်း ဝယ်နိုင်သွားရောလား"

"ဒါဆိုလည်း မင်း ဘာတွေ လေကြောရှည်နေသေးတာလဲ။ မင်းတို့ လူနည်းနည်းလေးပဲ စုဝယ်ကြလေဟ"

အားကျန်းမှာ ပြောရင်းဖြင့် ဒေါသလည်း ထွက်လာရကာ လေသံများပင် မြင့်ကုန်ပြီး ;

"မင်း ပြောတယ်နော်။ ပိုက်ဆံအကြောင်းကို ပြောတာ မဟုတ်ဘူးဆိုပြီးတော့၊ ဒါပေမဲ့ ငါမင်းကို လှေဝယ်ဖို့ ပြောတဲ့အခါကျတော့  လှေဝယ်တာ ကိစ္စသေးသေးမွှားမွှား မဟုတ်ဘူး။ ဝယ်ချင်တိုင်း ဝယ်လို့မရဘူးတဲ့၊ ဒါဆို ငါတို့ မင်းကို ကြိုပြောလည်း ဘာထူးလဲ မင်းဟာက အခုချက်ချင်းလည်း ဆုံးဖြတ်ချက် မချနိုင်ဘူး၊ ငါတို့ မင်းကို ဘာလုပ်ဖို့ပြောနေတော့မှာလဲ"

အားဝေ၏ မျက်နှာမှာ ရုတ်ခြည်း အရုပ်ဆိုးသွားရပြီး ဟောင်ဇီကပါ ဝင်ပြောလာ၏။

"ငါ ပြောချင်တာက ငါတို့ကို အရင် ပြောပြပေးဖို့၊ အဲ့တော့မှ ငါတို့ ဖက်စပ် လုပ်မလား၊ မလုပ်ဘူးလား ဆုံးဖြတ်လို့ရမှာပေါ့၊ ဒီလို မင်းတို့ လှေဝယ်ပြီးသွားတော့မှ ငါတို့ သိရတာမျိုးကျတော့ မဟုတ်သေးဘူးလေကွာ"

အားကွမ်က ထေ့ငေါ့စွာဖြင့် ;

"မင်းတို့ အစီအစဉ် ရှိရင် စုဝယ်ကြလေ၊ ဘာတွေ ဒီလောက် ဖြစ်စရာလိုလဲ။ သစ်သားလှေလေး တစ်စင်းတည်းနဲ့...၊ မင်းတို့က ငါးယောက် အတူတူ စုဝယ်ချင်ပြီး လှေအကြီးကြီးဆိုပြီး မြင်နေကြတော့မှာလား။ သူများကြား အော်ရယ်နေမယ်၊ သံလှေဆိုရင်တောင် လူ ငါးယောက် မဆံ့ဘူး"

"မင်းတို့ကိုက ငါတို့ကို ညီအစ်ကိုလို့ မသတ်မှတ်တာ၊ ငါတို့ကို တမင်သက်သက် ရှောင်ဖယ်ရှောင်ဖယ်နဲ့...."

"တစ်ယောက်ကို တစ်ယောက် ခံစားချက်တွေနာကျင်စေမဲ့ စကားကို မပြောလို့ မရဘူးလား မင်း။ အရှေ့နှစ်ကြိမ်က ပိုက်ဆံ ခွဲတာကြောင့် မဟုတ်ရင်လည်း ငါတို့ သုံးယောက်က စပ်တူ မင်းတို့နှစ်ယောက် စပ်တူလုပ်လို့ ရနေတယ်မလား၊ လူ နှစ်ယောက်နဲ့ သုံးယောက်က ဘာကွာသွားမှာမလို့လဲ၊ မဟုတ်လည်း ဈေးနည်းနည်းတော်တဲ့ လှေ ရှာလိုက်လည်း ရနေတဲ့ ကိစ္စကို"

ရီရောင့်သုန်းမှာ သူတို့ အနှီကိစ္စနှင့် ပတ်သက်ပြီး စကားများနေကြသည်ကို ကြားရချိန်တွင် ပြောစရာစကားများ မဲ့သွားရတော့သည်။ လှေဝယ်သည့် ကိစ္စက ကိစ္စကြီး တစ်ခု ဖြစ်သော်ငြားလည်း နောက်ဆုံး စီစစ်ချက်က ရှေ့တစ်ခေါက်က သူတို့ ဝေစု မရလိုက်ခြင်းကြောင့်ပင်။

အားလုံးမှာ တစ်အိမ်ဝင် တစ်အိမ်ထွက်ဖြင့် မိသားစုများလိုဖြစ်ပြီး မည်သူကမှလည်း ပိုမချမ်းသာကြသည့် ဆင်းရဲသည့် တစ္ဆေလေးများဖြစ်ကာ ရုတ်တရက် အတူတူ သွားဖော် လာဖော် ညီအစ်ကိုများက သူတို့ကို မခေါ်သွားသည်က နည်းနည်းတော့ စိတ်မသက်သာချင်စရာ‌ပင်။

လှေကို စုဝယ်လိုက်ကြသည့်ကိစ္စက မီးစာ ညှိလိုက်သလိုပင်။

ယခုအချိန်တွင် သူတို့ ပြောနေကြသည်က ပိုက်ဆံကိစ္စကြောင့် မဟုတ်၊ သူတို့ကို ကြိုမပြောခဲ့ကြလို့သာ တွင်တွင် ပြော‌နေကြသည်။ သူတို့ သူ့စိတ်ကို မဖော်ထုတ်လိုခြင်း မဟုတ်၊ သူတို့ ဒီဟန်ဆောင်မျက်နှာဖုံးအား မဆွဲဖြဲချင်ရုံပင်။

သူတို့ထဲက တချို့မှာ နှလုံးသားများထဲတွင် ကြေးမုံ တစ်ချပ်လိုပင်။ သူတို့ ထွက်လာပြီး ပြဿနာက အရုပ်ဆိုးလွန်းသွားမည်ကို  ကြောက်ရွံ့နေကြပြီး ညီအစ်ကိုလိုတောင် ဟန်မဆောင်ချင်တော့ပေ။

ဖက်တီးမှာလည်း သူတို့ ငြင်းခုန်နေသံများကို နားထောင်ရင်း မျက်မှောင်ကြုတ်လာတော့သည်။ သူ့မိသားစုက တံငါအလုပ် မလုပ်သဖြင့်လည်း သူအနေဖြင့် ဒါတွေကို ဂရုစိုက်စရာ မလိုချေ။ ထိုအချိန်တုန်းကလည်း သူကိုယ်တိုင်ကိုယ်က မလိုက်ချင်ခဲ့သည်ဖြစ်ရာ မည်သည့် မမျှတမှုမျိုးမှ မခံစားရ။

သို့သော် အားဝေနှင့် ဟောင်ဇီတို့၏ ခံစားကိုလည်း သူ နားလည်သည်။ သူတို့မှာ နှစ်ကြိမ်စလုံး ပိုက်ဆံမရခြင်းကြောင့်လည်း ခံပြင်းနေကြခြင်း....

သို့ရာတွင် ဒီကိစ္စကြောင့်လေးဖြင့် သူငယ်ချင်းဆက်ဆံရေး ပြိုလဲသွားရန် မလိုအပ်ပေ။

ရီရောင့်သုန်း သူ့အသံ ပြန်ထွက်လာသည်နှင့် ဒေါသတကြီး ဖြစ်နေသည့် အားကွမ်ကိုလည်း ဆွဲကာ အခြေအနေကို ​ပြေရာပြေကြောင်း ဖြေရှင်းရန် ကြိုးစားလိုက်သည်။

"ဟုတ်ပါတယ်ကွာ၊ မင်းတို့လည်း လှေနည်းနည်းသေးတာလေး စုဝယ်လိုက်ပေါ့၊ မင်းတို့ နှစ်ယောက်သာ အလုပ်ကြိုးစားရင် ပိုက်ဆံကို မင်းတို့ နှစ်ယောက်တည်း အတူတူ ခွဲရမှာ၊ လှေသေးလေးဆို လူ နှစ်ယောက်ပဲ အလုပ်လုပ်ဖို့ လိုတာ၊ လူ အရမ်းများနေလည်း အသုံးဝင်တာမှ မဟုတ်တာ၊ လူအများကြီးနဲ့ကျ ကွန်ပစ်ဖို့က လွယ်မှာ မဟုတ်ဘူး၊ အကုန်လုံး ထိုင်ပြီးကြည့်နေရမှာ၊ တစ်ယောက်လောက်ပဲ အာရုံစိုက်နေရင် ရပြီ"

ရီရောင့်သုန်း သေချာ ရှင်းပြမှပင် ‌အားဝေ တစ်ယောက် အနည်းငယ် စိတ်ပြေလျော့လာ၏။

"ဟုတ််တယ်။ အဲ့ဒါအမှန်ပဲ"

ရီရောင့်သုန်း တစ်ယောက် ပင့်သက်ချလိုက်ပြီး;

"လှေသေးသေးလေးကို ငါးယောက် ပိုင်တယ်ပဲထား၊ ပင်လယ်ထဲ ထွက်ပြီး ကွန်သွားချရင် ဒီလူငါးယောက်နဲ့ လှေသေးသေးလေးထဲကို လူ လေးယောက်က ထိုင်ကြည့်ပြီး နောက် တစ်ယောက်က ကွန်ပစ်၊ ပြီးရင် ကွန်ကို ဆွဲတင်၊ ပင်လယ်စာတွေအများကြီး ရလာလည်း ကူဖို့မှ အများဆုံး လူတစ်ယောက်၊ နှစ်ယောက်ပေါ့။ မင်းက အဲ့လို ဖြစ်ချင်တာလား"

ဟောင်ဇီမှာ ရောင့်သုန်းကို တစ်လှည့်၊ အားဝေကို တစ်လှည့် ကြည့်ပြီး အားဝေ ပုခုံးကို ပုတ်ကာ ;

"အားသုန်းပြောတာ မှန်တယ်ကွ၊ လှေသေးလေးထဲ လူ သုံးယောက်နဲ့တင် အတော်လေး များနေပြီ၊ သူတို့ ငါတို့ကို မပြောတာ သဘာဝကျပါတယ်ကွာ"

ဟောင်ဇီ၏ စကားမှာ အစက နှစ်သိမ့်ပေးသည့်စကားဖြစ်သော်လည်း အားဝေ၏ နားထဲ ရောက်သည့်အချိန်တွင် သဘောတရားက ပြောင်းလဲသွားကာ သူက အေးစက်စက် နှာမှုတ်လိုက်ပြီး ;

"ဟုတ်တယ်။ သူတို့က အစကတည်းက ဆုံးဖြတ်ပြီးနေပြီပဲ။ ငါတို့ကို ပြောတာ မပြောတာက ဘာအရေးပါလို့လဲ၊ သူတို့အတွက် အစကတည်းက ငါတို့က အရေးပါတာမှ မဟုတ်တာ"

သူက ပြောပြီးနောက် ဟောင်ဇီ၏ လက်ကို ဖယ်ချကာ လှည့်ထွက်သွားသည်။

"ဟေး၊ အားဝေ၊ အားဝေ"

ဟောင်ဇီက သူတို့ကို တစ်ချက်ကြည့်ပြီး အားဝေနောက် ပြေးလိုက်သွား၏။

ဖက်တီးမှာ နှစ်ယောက်သား ထွက်သွားသည်ကို ကြည့်ပြီး ခေါင်းကို စိတ်ရှုပ်ရှုပ်ဖြင့် ကုပ်ကာ ;

"အို့၊ ဘယ်ကနေ ဘယ်လိုလုပ်ပြီး စ,စကားများကြတာလဲ"

အားကွမ်မှာလည်း စိတ်မကြည်နေတော့ပေ။ သူ အစက အားလုံးကို ခေါ်ပြီး နောက် သုံးရက်လောက်နေရင် ပင်လယ်ထဲ ပြန်ထွက်ကြမည် ဖြစ်ကြောင်း အသိပေးကာ ဆိပ်ခံတွင် ဗျောက်အိုးဖောက်ချင်လို့ပင်။ သို့သော်လည်း အခြေအနေများက ပျော်ရွှင်စရာ ကိစ္စကနေ ရန်ပွဲ ဖြစ်သွားရသည်။

"သူတို့က ပိုက်ဆံကြောင့် မဟုတ်ဘူးလည်း ပြောသေး၊ ပြီးခဲ့တဲ့နှစ်ခေါက်က ငါးဖမ်းတာ မလိုက်ရလို့ ဝေစု ကိစ္စကြောင့်နဲ့ ငါတို့မှာ လှေဝယ်ဖို့လည်း ပိုက်ဆံ ရှိလာရော သူတို့ ဒေါသကို ငါတို့အပေါ် လာပုံချပြီး ပြဿနာ ရှာချင်နေကြတာ"

"အင်းလေ။ ဘယ်သူက မသိတာကြလို့၊ မကောင်းတတ်လို့သာ ငြိမ်နေရတာ"

အားကျန်းကလည်း အထင်အမြင် သေးစွာ ဝင်ပြောလာ၏။

"ငါတို့ ငါးသွားဖမ်းတာ ပိုက်ဆံ မရှာနိုင်လာခဲ့ရင်ရော၊ သက်သက်မဲ့ သူမလိုက်ရတိုင်း၊ ပြီးတော့ ငါတို့ကလည်း သူ့ကို တမင်သက်သက် မခေါ်သွားတာလည်း မဟုတ်ဘူး"

တစ်ယောက်တစ်ပေါက် ‌ဒေါသသံများကို နားထောင်ရင်း ရီရောင့်သုန်း တစ်ယောက် လွန်စွာ ကူကယ်ရာမဲ့နေရတော့သည်။

"ထားလိုက်ပါတော့ကွာ၊ ဘာမှပြောမနေကြနဲ့။ အားဝေကို တစ်ရက် နှစ်ရက်လောက် စိတ်ငြိမ်အောင် ပေးနေခိုင်းလိုက်၊ အေး‌ဆေးပေါ့ကွာ"

"ဘာမှ မအေးဆေးနေဘူး"

အားကွမ် တစ်ယောက် မေးပေါ် လက်ထောက်ကာ ထိုင်ချလိုက်တော့သည်။

သူငယ်ချင်းများမှာ ပိုက်ဆံကိစ္စနှင့် ပတ်သက်လာမည်ကို အကြောက်ကြဆုံး ဖြစ်သည်။ အကယ်၍ နှစ်ဦးနှစ်ဖက် မျှမျှတတ တွေးပေးကြလျှင် အဆင်ပြေမည်ပင်။

သို့သော် ခေါင်းမာပြီး နည်းနည်းလေးမှ အလျှော့‌မပေးချင်ကြသည့်သူများနှင့် တွေ့လျှင် ခက်ရော့ပေတော့မည်။

"ငါ သူ့ကို ဂရုစိုက်မနေတော့ဘူး။ သန်ဘက်ခါကျရင် မနက်စောစော လှေထွက်မယ်။ နောက်အကျဆုံး တစ်ဆယ့်တစ်နာရီလောက် ဆိပ်ခံကို ပြန်လာခဲ့မယ်၊ မနက်ခင်းပိုင်းဆိုတော့.....ငါတို့ ဘယ်နှရီလောက်တွေ့ကြမှာလဲ"

အသေးလေးက ခေါင်းကုတ်ကာ ဘယ်အချိန်မှန်း သူလည်း မမှတ်မိတော့ချေ။ သူက အားကွမ်နှင့် အားကျန်းဘက်ကို လှည့်ကြည့်လိုက်သည်။ သူတို့လည်း အနည်းငယ် တွေဝေနေကြ၏။ သူက လက်ကို ခါလိုက်ရင်း ;

"ထားပါ၊ ၈ နာရီကနေ ၁၀ နာရီ၊ အဲ့ဒါ အကောင်းဆုံးပဲ"

ရီရောင့်သုန်းက မျက်စောင်းထိုးကာ ;

"၉ နာရီကနေ ၁၁ နာရီ မဟုတ်ဘူးလား... နားလည်ပြီ အဲ့အချိန်ကျရင် ငါ ဖက်တီးကို ခေါ်လာခဲ့လိုက်မယ်။ ပြီးတော့ မင်းတို့ကို ဗျောက်အိုးတွေ ဝယ်ပြီး ဆိပ်ခံမှာ ၈ နာရီကျ သွားစောင့်နေလိုက်မယ်"

အားကွမ်က ပြုံးရင်းဖြင့် ;

"မင်းလှေထွက်တုန်းကတော့ ဗျောက်အိုးလည်း မဖောက်ပါလား..."

"အဲ့ဒါကတော့၊ လှေသစ်မှ မဟုတ်တာ ဒီအတိုင်း ရိုးရိုးတမ်းတမ်း ဖွင့်ပွဲလုပ်လိုက်ရင် ပြီးတာပဲ၊ ပြီးတော့ ငါ ချမ်းသာလာရင် လှေကြီး ပြန်ပြောင်းဝယ်မှာ၊ အဲ့တော့မှပဲ မင်းတို့ကို ငါ့အတွက် ‌ဗျောက်အိုးဖောက်ခိုင်းတော့မယ်"

"အပြောက လွယ်တယ်နော်။ ဒါပေမဲ့ မင်း အခုလို ကြိုးစားပုံမျိုးနဲ့ဆို ဘုရားက မင်းကို ချမ်းသာအောင် လုပ်ပေးချင် လုပ်ပေးလောက်မှာ"

"ဟေး၊ အတူတူ ချမ်းသာကြရအောင်ကွာ"

ငါးယောက်သားမှာ စကားတပြောပြော ရယ်မောရင်းဖြင့်၊ ခုလေးတင် ဖြစ်ပျက်သွားခဲ့သည့် ကိစ္စကို ခဏတာ မေ့လျော့ထားလိုက်ကြသည်။

(ရီရောင့်သုန်း၊ အားကွမ်၊ အားကျန်း၊ အသေးလေး၊ ဖက်တီး၊ အားဝေ၊ ဟောင်ဇီ ရောင့်သုန်းတို့သူငယ်ချင်း ခုနစ်ယောက်ပါ)

1982 ခုနှစ်မှ တံငါရွာလေးဆီသို့Where stories live. Discover now