Chapter 87

801 104 0
                                    

အပိုင်း (87)


လွန်ခဲ့သည့် လဝက်လောက်တွင် ရီရောင့်သုန်းတစ်ယောက်တည်း ယွမ် ၄၀၀ နီးပါး ရှာပေးခဲ့ပြီး ယခု တစ်ကြိမ်တွင် ယွမ် ၁၀၀ ကျော်၊ ငွေပမာဏနည်းနည်းချင်းစီဖြင့် မကြာခဏ စုဆောင်းမိသည်မှာ လွန်ခဲ့သည့် နှစ်အနည်းငယ်က ငါးဖမ်းပိုက်များမှ ရရှိသည့် ဝင်ငွေထက်ပင် များစွာ ပိုလေ၏။

လင်းရှို့ချင်း သူ(မ) ကိုယ်တိုင်တောင် သတိမထားမိခဲ့ချေ။ မကြာသေးမီက ရက်များအတွင်း ခင်ပွန်းဖြစ်သူနှင့် မျက်နှာချင်း ဆိုင်ရချိန်တိုင်း သူ(မ) မျက်နှာထက်တွင် အမြဲလိုလို အပြုံးများ ပြည့်နှက်နေပြီး သူ(မ)၏ သဘောထားမှာလည်း ယခင်ကထက် ပိုမို နူးညံ့လာခဲ့သည်။ ကောင်းကင်ပြာကြီး ကွဲပြားနေသည်ကို မပြောနှင့်ဦး၊ ရာသီဥတုမှာလည်း ပိုပိုပြီး ပူအိုက်လို့လာ၏။

သူ(မ) သူ့ကို ပိုက်ဆံ ဘယ်လောက် ရှာ၊ ဘယ်လောက် ပြန်အပ်ရမယ်ဆိုပြီး မတောင်းဆိုချေ။ သူ အလုပ် ကြိုး‌စားနေသည်ကို သူ(မ) မြင်နေသရွေ့ သူ(မ) ကျေနပ်ပါ၏။

ရီရောင့်သုန်း သူ့လက်များကို သူ(မ) အနောက်ကနေ ဖက်လိုက်ပြီး နား,နားကပ်ကာ ;

"ဘယ်လိုလဲ။ မင်း ယောကျာ်းက တော်တယ်မလား။ ပြီးခဲ့တဲ့ လဝက်ကနေ စပြီး ငါ မင်းကို ဘယ်လောက် ရှာပေးခဲ့လဲ တွက်ကြည့်ကြည့် ၇၀၀၊၈၀၀ လောက် ရှိတယ်မလား"

"၆၀၀ ထက်တော့ ကျော်တယ်။ ပြီးတော့ ဒီယွမ် ၁၀၀ ကလည်း မရသေးဘူး"

"အများကြီးပဲမလား...အား၊ ချီးဟ"

သူက သံပူနေချိန်  ကောင်းကောင်း ထုထောင်းရန် ကြံရွယ်နေပြီး လေထုကလည်း အဆင်ပြေ‌ ချော‌မွေ့နေကာ မြှောက်စားမှုလေး တောင်းခါနီးပင်။ အိပ်ရာပေါ်တွင် သူ့သား အကြီးကောင်က သူရဲကောင်အဖြစ် သရုပ်ဆောင်ရန် စောင်ကို ပတ်ပြီး ဝါးခြမ်းပြား တစ်ချောင်း ကိုင်ကာ ကုတင်ပေါ်ကနေ သူ့ကျောပေါ် ခုန်ချလိုက်မယ်လို့တော့ ဘယ်သူက ထင်မိမှာလဲ၊ ရောင့်သုန်း အလစ်ငိုက်မိသွားကာ တစ်ယောက်က ဟန်ချက် မထိန်းနိုင်နှင့် သုံးယောက်သား လဲကျလု နီးပါးပင် ဖြစ်သွား၏။

သူ့နောက်က ကလေးကို လှမ်းဖမ်းထားလိုက်ပြီး ကျိန်ဆဲကာ နောက်လှည့်ကြည့်ပြီး သူ့လက်ထဲမှ ဝါးခြမ်းပြားကို ဆွဲယူကာ ဖင်ကို ရိုက်ပေးလိုက်၏။

"ကောင်စုတ်လေး၊ ငါ မင်းကို မရိုက်ဘူး‌ဆိုတာနဲ့ပဲ မင်းက ခုန်ချင်တိုင်း ခုန်နေရောလား။ အောက်ကိုသာ ပြုတ်ကျသွားရင် သေသွားမယ် သိရဲ့လား"

"အား၊ နာတယ်ဗျ"

ရီချန်ဟူ တစ်ယောက် တုတ်စားမိပြီးနောက် ရှောင်ရှားရန်အတွက် သစ်သားကုတင်ပေါ် ပတ်ပြေးကာ ပြန်ပြောလေ၏။

"အဖေတောင် အခုလေးတင် အမေ့ကို ဖက်သေးတာပဲ၊ သားကျ ဘာလို့ အဖေ့ကို ဖက်လို့ မရတာလဲ"

"မင်းက ငါ့ကို ဖက်ချင်တယ်ပေါ့လေ၊ အမလေး မောင်မင်းကြီးသားရေ၊ ငါ မင်းကို ပြန်ထိန်းလိုက်ရတာကွ၊ ပြီးတော့ မင်းအမေက ငါ့မိန်းမ၊ ငါ သူ့ကို ပိုက်ဆံနဲ့ တင်တောင်းပြီး လက်ထပ်ထားတာ၊ မင်းကျတော့ ငါ့ကို ပိုက်ဆံပေးလို့လား၊ ငါက ဘာလို့ မင်းကို ပေးဖက်ရမှာ"

"ဒါဆိုလည်း သား အဖေ့ကို မဖက်ချင်တော့ဘူး။  မေမေ့ကိုပဲ ဖက်တော့မယ်"

"အကောင်စုတ်"

သူ့ စိတ်ထင် သည်ကလေးတွေက သားတို့ ကြီးလာရင် ဖေဖေ့ကို ပိုက်ဆံတွေပေးမယ်လို့ ပြောမယ် ထင်နေတာ။ ဟွန့်၊ နှလုံးသား မရှိတဲ့ ကြွက်စုတ်လေးတွေ၊ တစ်စက်ကလေးမှ ချစ်ဖို့မကောင်းဘူး။

"လာလေ၊ လာလေ~"

ရီချန်ဟူ တစ်ယောက် သူ့အဖေ၏ ရိုက်နှက်ချက်များကို ခံနေရပြီး လက်ခုပ်တီးကာ အားပေးနေသည့် ရီချန်ယန်ထံ ပြေးသွားကာ သူ့ အနောက်တွင် ဝင်ပုန်းလိုက်ပြီး ဒေါသတကြီး အော်ဟစ်ကာ ကျိန်ဆဲတော့သည်။

"မင်း သစ္စာဖောက်ကောင်။ မင်းက ဘယ်သူ့ဘက်ကလဲ"

"အာ"

"တော်ပြီ။ ပြဿနာ မရှာကြနဲ့တော့၊ သွားပြီး အိပ်ကြတော့။ ထပ်ပြီးခုန်နေရင် အိပ်ရာက ကျိုးသွားလိမ့်မယ်"

လင်းရှို့ချင်းက ရီရောင့်သုန်း လက်ထဲမှ ဝါးခြမ်းပြားကို ဆွဲယူလိုက်ပြီး စားပွဲပေါ် တင်ကာ ရီချန်ဟူ၏ ကိုယ်မှ စောင်ကို ဖြည်လိုက်ပြီး အနည်းငယ် ဆူလိုက်သေး၏။

"တစ်နေကုန် စောင်နဲ့ ယူဆော့နေတာနော်။ ပြဲသွားလို့ကတော့ အမေ မင်းကို ရိုက်မှာ"

ရီချန်ဟူက ရယ်ရယ်မောမောဖြင့် သူ(မ) စကားကို လိမ္မာစွာ တုံ့ပြန်လိုက်၏။

ရီရောင့်သုန်း တစ်နေကုန် ပင်ပန်းနေပြီ ဖြစ်ကာ လေထုကို အဖျက်စီးခံလိုက်ရသည်နှင့် ထပ်ပြီး မြူစွယ်ဖျားယောင်နေဖို့ စိတ်မပါတော့သဖြင့် အိပ်ရာပေါ် ပစ်လှဲချလိုက်ပြီး ပင့်သက်ချလိုက်မိတော့၏။ လှဲနေရတာ သက်တောင့်သက်သာ ရှိလိုက်တာကွာ။

"မနက်ဖြန်ကျ ငါ မြို့ပေါ်တက်မလို့။ မင်း ဘာမှာစရာရှိသေးလဲ"

"မမှာတော့ဘူး။ အိုး ဟုတ်သား၊ တလက်စတည်း ရှင့်အတွက် အင်္ကျီလေးပါ ဝယ်ခဲ့လိုက်၊ ကျွန်မ ရှင့်ကို အင်္ကျီ နှစ််စုံ ချုပ်ပေးမယ်၊ ချုပ်ပေးမယ်နဲ့ ပြောနေတာ အချိန်က မရဘူး ဖြစ်နေတယ်"

"ဟမ်၊ ဒီလိုဆိုရင်ရော၊ မနက်ဖြန် အတူသွားကြမလား"

"ကျွန်မက အိမ်မှာ လုပ်စရာတွေ တပုံကြီး၊ နောက်ဖေးမှာလည်း အခွံ မချွတ်ရသေးတဲ့ဟာတွေ အပုံလိုက်နဲ့၊ ရှင်နဲ့ အတူလိုက်ဖို့ အချိန်မရှိပါဘူးတော်၊ ရှင့်ဘာသာရှင် လမ်းဘေးက ဈေးဆိုင်‌လေးဖြစ်ဖြစ် ဝင်ပြီး သူဌေးကို အရောင်နက်နက် ကော်တွန်စ ယူမယ်လို့သာ ပြောလိုက်၊ တစ်ရောင်စီကို ၂ မီတာစီ ဖြတ်ခဲ့လိုက်"

"အိုး"

သူက ပလုံးပထွေး တုံ့ပြန်လိုက်ပြီး ထို့နောက် တစ်ခုခုကို နားလည်သွားကာ ;

"ဘယ်ဆိုင်ကလဲ"

"အပမ်းကြီးတယ်လို့ မထင်ရင် ဆိုင် နည်းနည်းပါးပါး လိုက်ပတ်မေးကြည့်ပေါ့၊ ပြီးရင် ဈေးညှိပြီး အတန်ဆုံး ဆိုင်ကသာ ဝယ်ခဲ့လိုက်"

ရီရောင့်သုန်း၏ နှုတ်ခမ်းထောင့်မှာ လှုပ်သွားရ၏။ မမေးမိလျှင် အကောင်းသား သူလို ယောကျာ်းကြီးတစ်ယောက်က အမျိုးသမီး တစ်ယောက်နှင့် ပြိုင်ပြီး ငွေဆင့် အနည်းငယ်လောက်ကို ဘယ်လို ဈေးဆစ်ယူရဲပါ့မလဲ။ သူ့ကို ဆိုင်တွေ လိုက်ပတ်မေးကြည့်ခိုင်းတာက......

"အဲ့တော့မှပဲ ကြည့်လုပ်ကြတာပေါ့ကွာ၊ မနက်ဖြန် ငါ့ကို ပိုက်ဆံပေးဖို့ မမေ့နဲ့အုံး၊ ငါ့ အိတ်ကပ်ထဲမှာ မူးလို့တောင် ရှုစရာ မရှိတော့ဘူး"

"သိပါပြီတော်၊ မီးပိတ်ပြီး အိပ်တော့၊ မီးသာဖွင့်ထားလို့ကတော့ ဟိုနှစ်ကောင် အိပ်မှာ မဟုတ်ဘူး"

မျက်လုံးဖွင့်လျက်သားဖြင့် ကစားနေကြဆဲဖြစ်သည့် သားနှစ်ယောက်ကို ကြည့်ကာ ရီရောင့်သုန်း အိပ်ရာ နံဘေးရှိ ဝိုင်ယာကြိုးကို ထိလိုက်ပြီး ဆွဲဖြုတ်လိုက်သည်။ မည်းမှောင်သွားပြီး နောက်တွင်မှ နှစ်ယောက်သားက တဖြည်းဖြည်း ငြိမ်ကျသွား၏။

နောက်တစ်နေ့တွင် ရီရောင့်သုန်း တစ်ယောက် သူ့ဘေးတွင် လှုပ်ရှားမှု ရှိလာသည်နှင့် တစ်ပြိုင်နက် နိုးလာခဲ့သော်လည်း ကိုယ်က လှုပ်ချင်စိတ် မရှိသေး၊ စားသောက်ဆိုင်ကလည်း ထိုမျှအစောကြီး ဖွင့်မည်မဟုတ်ပေ။

"နိုးပြီလား"

သူက ဘေးတစောင်း ပြန်လှဲလိုက်ပြီး ဘေးစောင်းအိပ်နေသည့် သူ့သား အကြီးကောင်၏ ကိုယ်ပေါ် ခြေထောက် ပစ်တင်လိုက်ပြီး ဗလုံးဗထွေး အသံဖြင့် :

"ပိုက်ဆံကို စားပွဲပေါ်တင်ထားခဲ့လိုက်နော်၊ ငါ ထတာနဲ့ မြို့ပေါ်ကို သွားမှာ"

"အင်း၊ ဒါဆို ကလေး နှစ်ယောက် နိုးလာရင် သူတို့ကို အိမ်ဝိုင်းဆီ အရင် ခေါ်လာခဲ့ပေးလိုက်နော်"

"အမ်"

ယခု ရက်ပိုင်း အစောကြီး ထနေကျ ဖြစ်သွားလို့လား မသိ။ သူ၏ ဇီဝနှိုးစက်က အလုပ်လုပ်နေကာ အလွန်အိပ်ချင်နေပြီး တစ်ခဏလောက် ပြန်အိပ်ချင်နေသည့်တိုင် ဟိုလှည့် ဒီလှည့်ဖြင့် ဆက်ပြီး အိပ်လို့ မပျော်တော့ပြီး လူက ပိုပိုနိုးလာ၏။

သူ မျက်လုံးဖွင့်ပြီး ထထိုင်လိုက်တော့သည်။ စားပွဲပေါ်မှ သေသပ်စွာ ခေါက်တင်ထားသည့် အဝတ်ကို ယူဝတ်လိုက်ပြီး သူ အိပ်မပျော်တော့မှဖြင့် မြို့ပေါ် စောစောသွားသည်က ကောင်းလိမ့်မည်လို့ စဉ်းစားလိုက်သည်။

ယခုအချိန်တွင် မည်သူကမှ ပင်လယ် ကြက်ခြေထောက်ကို မသိကြဘူးဆိုတာ သူ လုံးဝ မယုံကြည်ပေ။

တွေးရင်းဖြင့် ကလေး နှစ်ယောက် နိုးသည်အထိကို စောင့်မနေတော့ဘဲ အနောက်ဘက်တံခါးရှိ ကမာခွံဖွင့်နေသည့် ရီဟွေ့မေကို လှမ်းအော်လိုက်သည်။

"ကလေးတွေ နိုးလာရင် သူတို့ကို တစ်ချက်ကြည့်ပြီး ကူညီပေးလိုက်ဦး၊ မျက်နှာသစ် သွားတိုက်တာပါ လုပ်ပေးလိုက်၊ နင် မကြည့်ချင်ရင် အကြီးဆုံး တူလေးကို အိမ်ဝိုင်းဆီ ခေါ်သွားခိုင်းလိုက်"

ရီဟွေ့မေ နှုတ်ခမ်းကို စေ့ထားလိုက်သည်။ အိမ်မှာနေပြီးတော့ ဘယ်လိုလုပ်ပြီး ကူညီလို့ရမှာလဲ။ သက်သက်မဲ့ လူကို လာညာနေတာ။

ရီရောင့်သုန်းက လက်ထဲကို ပုံး တစ်ပုံး ဆွဲရင် အလျင်အမြန် ထွက်တော့မည့် အချိန် မမျှော်လင့်ထားစွာဖြင့် တံခါးရှေ့ရှိ အားကွမ်နှင့် သွားတိုးလေ၏။

"ဘယ်လိုလုပ်ပြီး ဒီကိုရောက်နေတာလဲ"

"မင်းတို့အတွက် ဖရဲသီး လာပို့ပေးတာ"

"ကောင်းလှချည်းလား။ ငါ့အိမ်ကို လာပို့စရာ မလိုပါဘူးကွာ။ အိမ်ဝိုင်းဆီပဲ သွားပို့ရအောင်၊ အိမ်မှာက ငါ့ညီမလေးနဲ့ အိပ်နေသေးတဲ့ ကလေးတွေပဲ ရှိတယ်၊ တခြားလူတွေ အကုန်လုံး ဟိုမှာ အလုပ်သွားလုပ်နေကြပြီ၊ သူတို့ဆီ ဖရဲသီး သွားပို့လိုက်တော့ သူတို့လည်း ရေငတ်ပြေ စားလို့ရသွားတာပေါ့"

"အာ"

အားကွမ်၏ မျက်လုံးများ အရောင်လက်သွားပြီး အပြုံးဖြင့် :

"ရပါတယ်ကွ၊ ငါ့မှာ ဖရဲသီးတွေ အများကြီး ပါလာတာပဲ။ ဒီကို ရောက်နေမှဖြင့် နှစ်လုံးကို အိမ်ထဲ ဝင်ထားခဲ့လိုက်မယ်လေ၊ နောက်မှ အိမ်ဝိုင်းဆီ သွားပို့ပေးလိုက်မယ်"

"ဟုတ်ပြီလေ။ ဒါဆိုလည်း ပေး ငါ့ကို"

"ရတယ်။ ငါ မင်းအတွက် သွားထားပေးမယ်"

"သိပ်တွေ သဘောထားကြီးနေပါလား"

"လိုအပ်လို့ပေါ့ကွ၊ မင်း ချမ်းသာသွားရင်တော့ ဒီကညီအစ်ကိုတွေကို မမေ့နဲ့ပေါ့ကွာ"

"လေကြောရှည်နေတာ လျှော့ပြီး မြန်မြန် လှေဝယ်ကြ"

ရီရောင့်သုန်း တံခါးဝတွင် စောင့်နေ၏။ သူက အားကွမ် ပြန်ထွက်လာမည်ကို စောင့်ပြီး သူနှင့်အတူ မြို့ပေါ်သွားချင်သလား မေးမလို့ပင်။ သည်ကောင်က ဖရဲသီးနှစ်လုံး ဝင်ထား‌နေတာ တော်ရုံ ပြန်မထွက်လာလောက်ဘူးလို့ ဘယ်သူက ထင်မိမှာလဲ။

သူ ဝင်ကြည့်ဖို့ ဆုံးဖြတ်လိုက်ပြီး အထဲသို့ ဝင်လိုက်သည်နှင့် နောက်ဖေးမှ စကားပြောသံများနှင့် ရယ်သံကို ကြားလိုက်ရသည်။

"အားကွမ်၊ မင်းဘာလုပ်နေတာလဲ။ ငါကဖြင့် မင်းကို ဟိုမှာ အကြာကြီး စောင့်နေရတာ၊ မင်းက ဒီမှာ လာပြီး အဖွဲ့ကျနေတယ်ပေါ့"

"ဟမ်"

အားကွမ်က သူ့ကို ထိတ်ထိတ်ပျာပျာဖြင့် လှည့်ကြည့်လိုက်ပြီး အပြစ်ရှိစိတ်လေးဖြင့် ;

"မင်းက ဒီမှာ ရှိနေတာလား"

"ပေါက်တတ်ကရတွေ၊ ငါ မင်းကို တံခါးမှာ စောင့်နေတာဟ၊ မင်း ဘာတွေ ရစ်ကြောရှည်နေတာလေ"

"မဟုတ်ပါဘူး။ အထဲ ရောက်နေလက်စနဲ့ နှုတ်ဆက်ပြီး စကားလေး နည်းနည်း‌ပါးပါး ပြောတာပေါ့..."

"ငါ မြို့ပေါ်သွားမလို့၊ မင်း အတူလိုက်ချင်လား"

"မင်းကသွားမလို့လား? နေဒီလောက်ပူတာ ဘာလို့သွားနေမှာလဲ ငါတော့ မလိုက်တော့ဘူး"

"အဖော်ရအောင်လို့ပေါ့ကွာ"

"ဟင့်အင်း၊ မင်းတို့ အိမ်ဝိုင်းကို ခဏနေ ဖရဲသီးပို့ချင်သေးတာမလား။ ငါ သွားပို့ရင်းနဲ့ အကူအညီလိုရင် ကူညီလို့ရအောင် ကြည့်ကြည့်လိုက်မယ်"

"အိုခေ၊ ညီအစ်ကိုကောင်းပဲ မင်းက"

ရီရောင့်သုန်း တစ်ယောက် သူ့အပေါ် သံသယ မရှိလေပြီး ;

"ဒါဆို ငါသွားနှင့်ပြီနော်"



1982 ခုနှစ်မှ တံငါရွာလေးဆီသို့Where stories live. Discover now