Chapter 119

357 67 0
                                    

ရီရောင့်သုန်း အိမ်အသစ်တွင် နေ,နေစဉ် မကြာခင်ဝင်တော့မည့် တိုင်ဖွန်းအတွက် သတိပေးချက်များနှင့် တံငါးသည်များအား အန္တရာယ်ကင်းစေရန် အသိပေးသည့် လော်စပီကာအသံကို ကြားလိုက်ရသည်။
 
သူ အိမ်နောက်ဖေးကနေ ထွက်ကြည့်လိုက်ပြီး မဝေးလှသည့်နေရာမှ စက်ဘီးနင်းနေသည့်တစ်စုံတစ်ယောက်က ရှေ့ခြင်းထဲတွင် လော်စပီကာထည့်ကာ ဖွင့်ထားသည်ကို တွေ့လိုက်ရသည်။
 
ရွာလူကြီးချန်က အတော်လေး စွမ်းဆောင်နိုင်တာပဲ မနက်အစောကြီးကို ရလာတော့တာပဲ!
 
ရွာအတွင်းလော်စပီကာမှ သတိပေးချက်များကို နားထောင်ပြီးနောက် ရောင့်သုန်း ဆိပ်ခံဘက် ပြန်ထွက်လာလိုက်ပြီးနောက်တွင်တော့ သူ ပို၍ စိတ်သက်သာရာရတော့သည်။ မည်သို့ဆိုစေ သူ အကောင်းဆုံးလုပ်ခဲ့ပြီးပြီဖြစ်ကာ ရလဒ်အနေနဲ့ကတော့ ကံပေါ်ပဲမူတည်တော့တယ်!
 
တိုင်ဖွန်းမှာ ပြောပြီးသည်နှင့် ရောက်ချလာ၏။ မနက်ခင်းပိုင်းတွင် နေက တောက်ပနေဆဲဖြစ်သော်လည်း နေ့ခင်းပိုင်းတွင် တိမ်ထူလာပြီး လေကထန်လာ၏။ တံခါးနားရှိသစ်ပင်ကြီးမှာ လေပြင်းများကြောင့် ဘယ်ညာယိမ်းခါနေ၏။
 
မိုးက ညရောက်လာသည့်အချိန်တွင် ပို၍သည်းထန်လာခဲ့ပြီး ရောင့်သုန်းနှင့် သူ့ဇနီးမှာ ကောင်းကောင်းအိပ်မပျော်ချေ။ သူတို့ အိမ်အပြင်ဘက်ရှိ လှုပ်ရှားသံနှင့် အိမ်ထဲမှ ရေယိုသံကိုကြားသည့်အချိန်တွင် ချက်ချင်း ထလိုက်ကြသည်။
 
မီးပလပ်ကို တပ်လိုက်သည့်အခါမှပင် မီးပျက်သွားပြီဖြစ်ကြောင်း သူ သိရတော့သည်။
 
သူလည်း ရွေးချယ်စရာမရှိတော့ဘဲ အိပ်ရာဘေးတွင် အသင့်ပြင်ထားသည့် ဖယောင်းတိုင်ကို မီးညှိလိုက်ပြီး ရေခံရန်အတွက် ဇလားများသွားယူရန် အပြင်ဘက် ထွက်လာခဲ့လိုက်သည်။
 
လင်းရှို့ချင်းမှာ အိမ်အသစ်နှင့်ပတ်သက်ပြီး အနည်းငယ်စိတ်ပူနေပြီး 
 
“‌လေတွေဒီလိုပြင်းပုံမျိုးနဲ့ဆို ကျွန်မတို့အိမ်ကို သွားကြည့်လို့ရမှာမဟုတ်ဘူး ရေယို၊ မယို ဘယ်လိုလုပ်သိတော့မလဲ?”
 
“ရပါတယ်ကွာ ဒီတိုင်ဖွန်းရက်မှာ ငါနည်းလမ်းရှာကြည့်လိုက်မယ်၊ ရေယိုရင်တော့ ပြန်ပြင်ဖို့ ပန်းရံသမားကို ပြန်ခေါ်ရမှာပေါ့ ဘာပဲဖြစ်ဖြစ် အလုပ်သစ်ဆိုတော့လည်း အမြန်ပြီးအောင် သူတို့ကို ဝိုင်းကူပေးရမယ်”
 
“အမ်း”
တိုင်ဖွန်းသက်ရောက်မှု မည်မျှထိကြာအုံးမှန်း သူ မသိချေ။ နှစ်ယောက်သားက တစ်ညလုံး မအိပ်ဘဲ ကုတင်ပေါ်တွင် ထိုင်နေလိုက်ကြသည်။
 
အရုဏ်တက်ပြီးနောက် သူတို့ အခန်းပြင်သို့ထွက်ပြီး ဧည့်ခန်းမထဲသို့ရောက်ချိန်တွင် စားပွဲပေါ်တွင် ဘာမှမလုပ်ဘဲထိုင်နေကြသည့် တစ်မိသားစုလုံးကို တွေ့လိုက်ကြသည်။ အပြင်ဘက်တွင် လေက တအုန်းအုန်းတိုက်ခတ်နေသဖြင့်လည်း သူတို့ ဘယ်မှသွားလို့မရကာ တိုင်ဖွန်းပြီးသည့်အထိသာ စောင့်ဆိုင်းရပေတော့မည်။
 
မနက်ခင်း ရှစ်နာရီခွဲဝန်းကျင်လောက်တွင် လေက အနည်းငယ်အားပျော့သွားသော်လည်း မိုးကတော့ သည်းထန်စွာ ရွာနေဆဲပင်။
 
နေ့ခင်းပိုင်းတွင် မိုးရောလေပါ အားပျော့သွားသဖြင့် အဖေရီက မိုးကာဝတ်ကာ အပြင်ထွက်သွားသည်။ သူက ဆိပ်ခံဆီသွားပြီး လှိုင်းမည်မျှကြီးကြောင်း သွားကြည့်ပြီး၊ ရေတက်လာလျှင် သူတို့ရဲ့အိမ်အသစ်ထိ ရေရောက်လောက်မလား? ဒီတစ်ခေါက်တိုင်ဖွန်းက ‌ရွာကို အများကြီးသက်ရောက်မှုဖြစ်စေတော့မှာလား?
 
အိမ်တွင် မိုးကာအင်္ကျီက တစ်ထည်တည်းသာရှိ၍ အဖေရီ ဝတ်ပြီးထွက်သွားချိန်တွင် တခြားသူများ ထွက်လို့မရသဖြင့် အိမ်ထဲတွင်သာ စောင့်ဖို့ တတ်နိုင်တော့သည်။
 
ရလဒ်အနေဖြင့် အဖေရီက နှစ်နာရီကြာပြီးနောက်တွင် ပြန်ရောက်လာခဲ့ပြီး မိုးက တိတ်တော့မည့်ဆဲဆဲပင်။
 
“ငါတို့အိမ်သစ်က အဆင်ပြေတယ်၊ ဒီရေ မရောက်သေးဘူး၊ ဒါပေမဲ့ ရွာထဲကံမကောင်းတဲ့လူတချို့လှေတွေကို အကာကွယ်ဆိပ်ခံဆီ သွားမထားထားတာ အခုတော့ လှိုင်းတွေနဲ့ပါသွားတဲ့ဟာက ပါသွားနဲ့ ပျဉ်စတွေဆို ပင်လယ်ထဲမှာ မျောနေတာ အပုံလိုက်ပဲ၊ ငါကြားတာ လူနှစ်ယောက် ညဘက်ကြီး ပင်လယ်ထဲ အတူထွက်သွားကြတယ်တဲ့ ခုထိ ပြန်မရောက်လာကြသေးဘူး၊ လှိုင်းတွေက အရမ်းကြမ်းနေတာ သူတို့ပြန်လှည့်လာဖို့ မဖြစ်နိုင်ဘူး အခု ကမ်းစပ်မှာ ကသောင်းကနင်းတွေနဲ့”
 
အားလုံးမှာ အဖေရီ၏စကားကိုကြားပြီး ထိတ်လန့်သွားကြသည်။
 
 
“မနေ့ကပဲ ရွာထဲမှာ လော်စပီကာနဲ့ လိုက်လွှင့်နေတာမလား? ဘာလို့ ဒီလူတွေ အတင့်ရဲကြတာလဲ?”
 
“ဘယ်သူသိမလဲ ငါတို့ရဲ့လှေအစုတ်လေးက ရတနာပဲ အဆုံးရှုံးတော့မခံနိုင်ပါဘူး ဒါပေမဲ့ သူတို့တွေ ကံကောင်းနေသေးတယ် ပြောရမှာပဲ”
 
ရီရောင့်သုန်း မျက်မှောင်ကြုတ်လိုက်သည်။
 
လူနှစ်ယောက်? ကံကြမ္မာကကွာ!
 
အပြင်ဘက်တွင် မိုးများဆဲသွားသည်နှင့် ရွာသားများလည်း တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြသည်။ ရွာရှိလူတိုင်းမှာ အနှီကိစ္စအား ဆွေးနွေးနေကြပြီး လှေပျောက်သွားသည်က ကိစ္စသေးသေးလေးဆိုပေမဲ့ အသက်သာပျောက်သွားလျှင် အရာအားလုံးက တကယ်ကို ပျောက်ဆုံးသွားမည်ဖြစ်ကြောင်း ပြောနေကြသည်။
 
မိသားစုနှစ်ခုမှာ ဘေးချင်းကပ်လျက်နေကြခြင်းဖြစ်ပြီး သူတို့ငိုသံကို သူစတင်ကြားလိုက်ရသည်။
 
ရီရောင့်သုန်း ရွာထဲသို့ လျှောက်ပတ်ကြည့်နေရင်း ဆွေးနွေးစကားမျိုးစုံကိုလည်း ကြားနေရသည်။ သူ ရွာရှိ လမ်းလယ်ကောင်ရောက်သည့်အချိန်တွင် အားလုံးက ရွာအဝင်မှ ဆင်းလျှောက်လာနေသည့်လူနှစ်ယောက်အား သရဲတစ္ဆေမြင်သလို ကြည့်နေကြသည်ကို တွေ့လိုက်ရသည်။
 
“အား တကျွမ်းနဲ့ ချန်ရှန်တို့ အသက်ရှင်လျက် ပြန်ရောက်လာတာလား?”
 
“တကယ်!”
“တကယ်ကို ကောင်းချီးပါပဲ မဇူနတ်ဘုရား စောင့်ရှောက်တာပဲ!”
 
“ဘယ်လိုပြန်ရောက်လာတာလဲ? မင်းတို့မိသားစုဝင်တွေ စိတ်ပူလို့သေတော့မယ်၊ မင်းတို့သာ ပြန်မလာရင် ဒီမှာ သူတို့တွေ အသုဘတောင်လုပ်ကြတော့မလို့”
 
 
နှစ်ယောက်သားမှာ အထိတ်တလန့်ဖြစ်သွားကြသည်။
စေတနာကောင်းသည့် ရွာသားများလိုက်လာကြသော်လည်း မည်သူမှ သူတို့ ဘယ်လို့ ပြန်ရောက်လာနိုင်ကြလဲဆိုတာ မသိကြချေ။ ဒီလိုအတင်းအဖျင်းကို သူတို့ ဘယ်အလွတ်ခံပါ့မလဲ?
 
ရီရောင့်သုန်းလည်း စူးစမ်းစွာဖြင့် အနောက်ကနေ လိုက်သွားပြီး သူတို့တံခါးဝတွင် နားထောင်ပြီးကာမှ အကြောင်းစုံသိရတော့သည်။
ဖြစ်ချင်တော့ ညက လေမှာ သူတို့ထင်ထားသည်ထက် ပို၍ပြင်းနေသဖြင့် သူတို့က ဆိပ်ခံတွင်ရပ်ထားသည့် သူတို့လှေကို စိတ်ပူကာ နှစ်ယောက်သားက အဖော်အဖြစ် အတူတူရွက်လွှင့်ကြရန် ဆုံးဖြတ်လိုက်သည်။
 
ပင်လယ်ရှိလေနှင့်လှိုင်းများက ကမ်းစပ်ထက် အဆပေါင်းများစွာပိုပြီးပြင်းထန်လိမ့်မည်လို့ ဘယ်သူကသိပါ့မလဲ၊ ထို့ကြောင့် လှေကို အကာကွယ်ဆိပ်ခံဆီသို့ ခက်ခက်ခဲခဲဖြင့် ရောက်အောင်မောင်းသွားခဲ့ပြီး ညရှိလေများက ပြင်းထန်လွန်းသည်မှာ နှစ်ယောက်သားအား လွင့်ထွက်သွားစေနိုင်လုနီးပါးဖြစ်၍ လေမရှိမိုးမရှိတော့သည့်အချိန်ကိုစောင့်ပြီးမှ ကမ်းစပ်သို့ ပြန်လာကြရန် ဆုံးဖြတ်လိုက်၏။
 
ဖြစ်စဉ်ကိုနားထောင်ပြီးနောက်တွင် ရီရောင့်သုန်းလည်း အိမ်သို့ပြန်ရန် ထွက်လာခဲ့လိုက်သည်။
 
သူတို့ အဆင်ပြေတာပဲကောင်းလှသည်၊ ဒါကို ကောင်းမှုတစ်ခုအဖြစ် သတ်မှတ်လိုက်တာပေါ့၊ ဘယ်သူသိမလဲ သူ ပြန်လည်မွေး‌ဖွားလာခြင်းက ယခင်ဘဝက ကောင်းချီးတွေ စုပြုံလာခြင်းကြောင့်လဲ ဖြစ်နိုင်နေတာပဲမလား?
 
သတင်းမှာ ရွာအနှံ့ လျင်မြန်စွာ ပျံ့နှံ့သွားပြီး အားလုံးမှာလည်း သူတို့အား မဇူနတ်ဘုရားစောင့်ရှောက်ပေးသဖြင့် အန္တရာယ်ကင်းကင်း ပြန်လာနိုင်သည်ဖြစ်ကြောင်း ပြောကြ၏။
 
ရွာလူကြီးချန်မှာလည်း ထိုအခါမှပင် စိတ်သက်သာရာရတော့သည်။ ကံကောင်းထောက်မစွာဖြင့် သူ ရီရောင့်သုန်း၏ မနေ့တနေ့က အကြံပြုချက်ကို နားထောင်မိပေလို့။ စပီကာကို ရွာတွင် ပြန်ကျော့လွှင့်လိုက်ပြီးနောက် ဆိပ်ခံတွင် ထပ်လွှင့်ခဲ့လိုက်သည်။ အသိပေးချက်ကြားလိုက်ကြသည့် ရွာသားအများစုမှာ ဆုံးရှုံးမှုများမဖြစ်စေရန်အတွက် နေ့ခင်းပိုင်းတွင် အကာကွယ်ဆိပ်ခံတွင် ယာယီကမ်းကပ်ထားကြသည်။ ပစ္စည်းအနည်းငယ်ဆုံးရှုံးမှုကလည်း ဆုံးရှုံးမှုပင်။
 
ရွာလူကြီးချန် ရီရောင့်သုန်းအပေါ်ထားသည့် သူ့အမြင်မှာ အနည်း‌ငယ်တိုးတက်လာ၏။
 
ရီရောင့်သုန်း အိမ်သို့ပြန်ရောက်သည်နှင့် မြေလှောင်ကွန်များကို စတင်ပြင်ဆင်လိုက်သည်။ သည်ရက်များအတွင်း သူ မြောလှောင်ကွန်တချို့လုပ်ထားသေး၏။ သူ မနက်ထိစောင့်ကြည့်ရန် စီစဉ်ထားပြီး အကယ်၍ လှိုင်းများသာ သိပ်မကြီးလျှင် ပင်လယ်ထဲ သွားချရပေမည်။
 
လင်းရှို့ချင်း သူ့ဘေးနားတွင် ဆောင့်ကြောင့်ထိုင်ကာ စဉ်းစဉ်းစားစားဖြင့် 
 
“တိုင်ဖွန်းကပြီးသွားပြီဆိုတော့ ကျွန်မတို့တွေ အမျိုးအိမ်ကို ပြန်ကြတော့မလား?”
 
“မင်းစိတ်ချပါ၊ မနက်ဖြန် လှိုင်းတွေသိပ်မကြီးရင် ငါ မြေလှောင်ကွန်တွေ သွားချလိုက်အုံးမယ် တိုင်ဖွန်းပြီးသွားပြီဆိုတော့ ငါးတွေအများကြီးရှိနေလောက်မှာ၊ သန်ဘက်ခါ ငါးတွေသွားသိမ်းပြီးရင် အိမ်အပြန် ပင်လယ်စာတွေ ယူသွားပေးလို့ရတာပေါ့”
 
သူ(မ)က ပြုံးရင်းဖြင့် 
 
“ကျွန်မ ပြီးခဲ့တဲ့တစ်ခေါက်တုန်းကလည်း အများကြီးယူသွားခဲ့တာ၊ ပြီးတော့ ဗီရိုထဲမှာ အစာသွတ်ဘူးနှစ်ဘူးကျန်သေးတယ်၊ လမုန့်ပဲ ထပ်ဝယ်ရအောင်...”
 
“ပြီးခဲ့တဲ့တစ်ခေါက်က ပြီးခဲ့တဲ့တစ်ခေါက်ပေါ့၊ ဒီတစ်ခေါက်တော့ သူတို့ကို ဆောင်းလယ်ပွဲတော်အတွက်ပါ လက်ဆောင်ပေးရမယ်၊ များများပြင်ဆင်သွားရအောင်၊ လမုန့်ရော ဝက်ခြေထောက်ရော ဝယ်၊ ငါက ပင်လယ်စာတချို့ဝယ်ပြီး ယူသွားပေးလိုက်မယ်၊ ကောင်းကောင်းပြင်သွားပေးတော့ မင်း မျက်နှာရတာပေါ့၊ မင်းလည်း ချီးမွမ်းစကားလေးဘာလေး ကြားရမှာပေါ့”
မည်သို့ဆို‌စေ ပြန်လည်မွေးဖွားလာပြီးနောက်မှ သူ(မ)အမျိုးအိမ်သို့ ပထမဆုံးအကြိမ်သွားခြင်းဖြစ်သည်။ သူ၏ယခင်ဘဝကအတွက် အပြစ်ရှိသလိုခံစားရသဖြင့်လည်း သူ လက်ဆောင်များများပြင်ဆင်သွားပေးရမည်ပင်။
 
“ကောင်းပြီ”
 
သူ သူ(မ)မိသားစုအား တန်ဖိုးထားသည်ကိုမြင်တော့ သူ(မ)လည်း ပျော်ရွှင်ရတာပေါ့!
 
ယခင်ကဆို သူ(မ)ရဲ့ကိုယ်ပိုင်ငွေဖြင့်သာ အားလုံးကို ပြင်ဆင်ပေးရခြင်းဖြစ်ပြီး သူကတော့ လုံးလုံးဂရုမစိုက်ပဲ လူပင် ပေါ်မလာချေ။ အချိန်အများစုတွင် သူ(မ)အမေအိမ်သို့ မနက်စောစောသွားပြီး ညဘက်ကျပြန်လာရကာ သူ(မ)မှာ ညအိပ်ချင်လျှင်တောင် အိပ်ခွင့်မရခဲ့ပေ။
 
နောက်တစ်နေ့မနက်ကို စောင့်ပြီးနောက်တွင် လှိုင်းများကျသွားသည်ကို မြင်သည်နှင့် သူ့အဖေနှင့် အကာကွယ်ဆိပ်ခံဆီသို့ သွားကာ လှေပြန်ယူလာခဲ့လိုက်သည်။
 
ဆိပ်ခံတွင် ကမ်းကပ်ပြီးနောက် အိမ်တွင် မြေလှောင်အိမ်ကို သွားယူရန်ပြင်နေစဉ် ကမ်းစပ်ပေါ်တွင် သူ့ရွာမှ ရွာသားများနှင့် ဘေးရွာမှ ရွာသားများပင် ပုံးကိုယ်စီနှင့် ပင်လယ်တူးထွက်လာသည်ကို တွေ့လိုက်ရသည်။
 
သူ အနည်းငယ်လေး နောင်တရချင်လာသည်။ သူ့ခမျာ ပင်လယ်ထဲသွားပြီး မြေလှောင်အိမ်ကို သွားချရအုံးမည်ဖြစ်ကာ အားလုံးနှင့်ပင်လယ်တူးထွက်ဖို့ အချိန်မရှိချေ။ မဟုတ်လျှင် သူလည်း တကယ်ကို ပင်လယ်တူးထွက်ချင်နေသည်။ ယခုဆို ကမ်းခြေတွင် ကောက်စရာအတော်များများရှိနေမည်ပင်။
 
အိမ်တွင် သူ လွန်ခဲ့ရက်များက ကောက်လာခဲ့သည့် ခုံးများကျန်နေသေးပြီး၊ ကံကောင်းစွာဖြင့် ပင်လယ်ရေထဲတွင် ထည့်ထား၍ မပုတ်သွားသေးချေ။
 
ဒီနေ့ ကမ်းခြေမှာ ဘာရတနာတွေရှိနေပြီး သူ့မိန်းမတော့ ဘာတွေရလာအုံးမလဲ မသိဘူး?
 

1982 ခုနှစ်မှ တံငါရွာလေးဆီသို့Where stories live. Discover now