9 : Wunna (zawgyi)

3.1K 260 14
                                    

တောင်ကုန်းကျောင်းစုံညီပွဲတော် ဟာသိပ်မခမ်းနားပေမဲ့ ချစ်စရာတော့အကောင်းသား။ကျွန်တော်တို့ ၈တန်းကျောင်းသားတွေကတော့ ပွဲကြည့်ပရိသတ်ပေါ့လေ။အလိုလိုချစ်စရာကောင်းနေတဲ့ ကလေးတွေက အက ကကြတော့ ပိုပြီးချစ်စရာကောင်းသွားတော့တယ်။

စတိတ်စင်ဘေးမှာ ကျွန်တော်တို့သူငယ်ချင်းတစ်စုရပ်ကြည့်နေရာက စင်အနောက်ဘက်ကိုကျွန်တော်အကြည့်ရောက်သွားတော့ ငိုနေတဲ့ ကလေးတစ်ယောက်ကိုတွေ့တယ်။ဘာဖြစ်လို့ပါလိမ့်။ သူ့ဆရာမကလည်း ကလေးကိုမချော့တတ်ဘဲ အခက်တွေ့နေတဲ့ပုံ။ကလေး ဝတ်ထားတဲ့ (ကာတွန်းကားတွေထဲက Princess တွေဝတ်တတ်တဲ့) အပြာရောင်ဂါဝန်က လေအတိုက်မှာ တလွင့်လွင့်။

ငိုနေတာကပင် ပိုချစ်ဖို့ကောင်းနေတဲ့ အဲဒီကလေးလေးအနားကို ကျွန်တော်အပြေးလေးရောက်သွားတယ်။

"ကလေး ဘာဖြစ်လို့လဲ ဆရာမ"

ကျွန်တော်ကသူ့ဆရာမကိုမေးတော့ ကျွန်တော့်ကိုတစ်ချက်မော့ကြည့်ပြီး ခေါင်းပြန်ငုပ်သွားကာ ငိုမြဲငိုလျက်။

"စင်ပေါ်တက်ရမှာ ကြောက်လို့တဲ့ ဘယ်လိုမှ ချော့လို့မရဘူး သားရယ် ငိုးချည်း ငိုနေတာပဲ"

ကျွန်တော့်ကိုသူ့ဆရာမက ရှင်းပြနေစဉ်မှာပဲ အစီအစဉ်တင်ဆက်သူက ဒုတိယတန်း ကျောင်းသားလေးနှစ်ယောက်က ရတနာဦးရဲ့ စင်ဒရဲလား သီချင်းနဲ့ကပြဖျော်ဖြေမှာဖြစ်ကြောင်း ကြေငြာတယ်။နံဘေးမှာ ရပ်နေတဲ့ အနောက်တိုင်းဝတ်စုံဝတ်ထားတဲ့ကလေးကိုကြည့်ပြီး ငိုနေတဲ့သူကလေးက စင်ဒရဲလားဖြစ်မယ်မှန်းသိရတယ်။မိန်းကလေးနဲ့ တူလွန်းသောမျက်နှာ၊ခန္ဓာကိုယ်ကြောင့် မိန်းကလေးလို့ ကျွန်တော်ထင်လိုက်တဲ့ ကလေးမှာ အမှန်တော့ ယောကျာ်းကလေးတဲ့။

ကျွန်တော် သူရှေ့ထိုင်ချလိုက်ပြီး အငိုတိတ်အောင် ချော့ကြည့်တယ်။ ငိုနေတဲ့ကြားက သူ့လက်ဖဝါးနုနုလေးကို ဆုပ်ကိုင်လိုက်ပြီး သူ့မျက်လုံးကိုအသေအချာကြည့်နေတဲ့ ကျွန်တော့်ကို ပြန်ကြည့်လာတယ်။

"ကလေး ကချင်တယ်မဟုတ်လား"

ခေါင်းညိတ်ပြတယ်။

သူစိမ်း (Unicode & Zawgyi) [ Completed ] Where stories live. Discover now