(၁၀)

191 10 0
                                    

ငယ်ငယ်က မိုးရာသီဆို
စက္ကူလှေလေးတွေခေါက်ပြီး
အိမ်ရှေ့ရေမြောင်းမှတဆင့် သူသွားလိုရာ
ရွက်လွင့်စေဖို့ မျှောလွှတ်ခဲ့ဖူးတယ်
ရိုးရှင်းစွာနဲ့ ဘယ်ကိုရောက်ပါစေကြောင်း
လိပ်မူထားတဲ့ တံဆိပ်ခေါင်းမပါဝင်ခဲ့ဘူး

ပစ္စုပ္ပန်ကာလ...
စက္ကူလှေလေးတွေနေရာမှာ
စက္ကူလေယာဉ်ပျံကြီးအစားထိုးလာခဲ့ပြီ
ဒီတစ်ခါစိတ်ခံစားချက်တွေရိုးရှင်းမနေခဲ့ဘူး
ဆော့ချင်ရုံသက်သက် ပေါ့ပါးမနေဘဲ
မရောက်သောချစ်ခြင်းမေတ္တာတွေ
ရောက်ပါစေကြောင်း ခပ်တိုးတိုးဆုတောင်းတွေနဲ့
မ၀ံ့မရဲမျှော်လင့်ချက်တွေနဲ့
မေတ္တာတရားတွေ တစ်စက်ချင်းပျော်ဝင်စေလို့
ယုယုယယခေါက်ရိုးချိုးချတယ်
ဘေးကိုပျံ့မသွားစေဖို့ ဖိတ်စင်လွင့်ပြယ်မသွားစေဖို့နဲ့
ရည်ညွှန်းသူဆီရောက်တဲ့အခါ
ပကတိသန့်ရှင်းနေစေရန် အလို့ငှာ
လှပစွာသိမ်းဆည်းထုတ်ပိုးတယ်
အချိန်ဒီရေကာလအပိုင်းအခြားတွေအတွင်း
တိုက်ခတ်မှုလေထုအနိမ့်အမြင့်တွေအကြား
တစ်စစီပဲ့ကြွေမသွားစေဖို့
မြတ်နိုးမှုအသီးအပွင့်လေးတွေ ခိုင်မြဲစွာ ချိတ်တွဲထားမယ်

ဘယ်လိုလဲကွယ်...
စက္ကူလေယာဉ်ပျံတွေခေါက်မယ်
မင်းနေထိုင်ရာအရပ်ကိုလိပ်မူလို့
ချစ်ခြင်းမေတ္တာတွေ ထုတ်ပိုး
ပစ်လွှတ်လိုက်မယ် ရောက်နိုင်မလား ။

P R E C I O U S Where stories live. Discover now