(၁၁)

194 10 0
                                    

သံသရာကိုမျှော်ကိုးပြီး
နောင်ဘ၀ဆိုတာကိုမရှိစေချင်ခဲ့ဘူးကလေးရယ်
နင်နဲ့မတွေ့ခင်အထိကပေါ့
နောက်ဘ၀ဆိုတာမှာ လူပြန်ဖြစ်ချင်တဲ့စိတ်
တစ်စိုးတစ်စိမှမရှိခဲ့ဖူးတာပါ
တစ်ဘ၀ဆိုတာနဲ့တင် ရုန်းကန်ရခြင်းအလုံးစုံ
ချုပ်ငြိမ်းပါတော့ပေါ့ ဒီလိုငါဆန္ဒရှိခဲ့တယ်

ကလေးရေ
ဒီလိုရေခြားမြေခြားပြီး မွေးဖွားလာခြင်းတွေ
ဒီဘ၀နောက်ဆုံးဖြစ်ပါစေလေ...
မတော်တဆများ နောင်ဘ၀တစ်ခုမှာ
ငါတို့အတူတူလူပြန်ဖြစ်ခဲ့ရင်
နင့်ရဲ့အစ်မကြီး ငါဖြစ်ပါရစေလား...

နင့်ဆံပင်တွေ အမြတ်တနိုးငါဖွပစ်မယ်
နင့်ပါးနှစ်ဖက် အသည်းယားစွာ ငါဖျစ်ညှစ်ပစ်ချင်ရဲ့
နင်ကတီတီတာတာငါ့အပေါ်ဆိုးနွဲ့ဂျီကျပေါ့
ငါကမောင်ငယ်လေးအပေါ်
မငြိုငြင်နိုင်တဲ့ မေတ္တာတရားတွေနဲ့
လုံလောက်တဲ့ နွေးထွေးမှုတွေ
နင့်အပေါ်အုပ်မိုးဖြန့်ကျက်မယ်
ခဏခဏဆူထော်တတ်တဲ့ နှုတ်ခမ်းတွေဟာ
ငါ့အပေါ်အလိုမကျမှုကြောင့်
စိတ်ကောက်ခြင်းမျိုးလည်းဖြစ်ပါစေ

တစ်ချိန်မှာအတောင်အလက်စုံလို့
နင်ရွေးချယ်ကာလျှောက်လှမ်းသွားမယ့်
ဘဝရဲ့အချိုးအဆစ်တွေမှာလည်း
အေးချမ်းမယ့် အသိုက်အမြုံလေးကို
မှန်းဆလို့ ငါစိတ်ချပါရစေ

ဒီဘ၀မှာတော့ နင့်ကိုအသည်းယားတိုင်း
ငါဟာအိပ်မက်တွေထဲ မျောလွင့်ချင်ခဲ့တယ်..
စိတ်ကူးအပိုင်းအစတွေဖြန့်ကျက်တယ်
အိပ်မက်တွေနဲ့ တစ်ကိုယ်ရေစာစိတ်ကူးတွေထဲမှာတော့
နင့်ပါးနှစ်ဖက်ကိုငါပိုင်တယ်
နင့်ဆံပင်လေးတွေငါပိုင်တယ်
နင့်လက်ချောင်းလေးတွေငါပိုင်တယ်
ငါတို့ကြား ဘာသာစကားတွေ ရေလေမြေနဲ့
နိုင်ငံတွေ ဘာဆိုဘာမှခြားမနေဘူးပေါ့ကွယ်

ငါ့ဘ၀ရဲ့အဖိုးတန်မင်းသားငယ်
လှပစွာဆက်ပြီးရှင်သန်ပေးပါ
ကောင်းမွန်စွာ ဆက်ပြီးကြီးပြင်းလာပေးပါ
ဘယ်လိုအထိအခိုက်အနာတရတွေကြောင့်မှ
ရင်မှာပျိုးတဲ့သစ်ပင်ငယ်လေး မညှိုးနွမ်းစေလိုဘူး
ငါ့ကလေးငယ် အနာတရကင်းပါစေ... ။

P R E C I O U S Where stories live. Discover now