9.7

5.7K 900 62
                                    

<Unicode>

ကပွဲအခမ်းအနားကို သုံးရက်တိုင်တိုင် ကျင်းပတာဖြစ်သော်လည်း တီမာနှင့် ယီတာမိုသည် တစ်ယောက်နှင့်တစ်ယောက် သိသွားပြီဖြစ်၍ ဒုတိယနေ့မှစကာ ရှန့်ခယ် လိုက်မသွားတော့ပေ။ ယခုဆို ကပွဲများတိုင်းတွင် တီမာသာ ယီတာမို၏ ပင်တိုင်ကဖော် ဖြစ်နေပြီ ဖြစ်သည်။

ရှန့်ခယ်၏ ရည်ရွယ်ချက်မှာ ထိုနှစ်ယောက် ထိတွေ့မှု များနိုင်သလောက် များလာဖို့ ဖြစ်သည်။ လူပို တတိယဘီးလေး ဖြစ်ဖို့ မဟုတ်။ ရှုမျိုးစုတွင်လည်း ကိုယ်ပိုင် တာဝန်တွေရှိသေးသည်။ ဒါကတော့ အပြင်ထွက်ပြီး ကိုယ်ပိုင် ဆိုင်ခန်းလေးဖွင့်ကာ လက်လုပ်ထည်များ၊ အချို မုန့်များ၊ နှင့် အခြား တိုလီမုတ်စများ ရောင်းချရန်ဖြစ်သည်။ ဝင်ငွေရှာရင်း ပတ်ဝန်းကျင်ကို ပိုရင်းနှီးလာအောင် လုပ်မည်ဟု တွေးထားကြပုံပင်။

ရှုမျိုးစု သက်ကြီးပိုင်းများသည် လူငယ်များကို တောင်ပေါ်တွင် ဘဝတစ်သက်လုံး မနေစေချင်ကြ။ လူငယ်ပီပီ အခွင့်အရေးရရင်ရသလို အပြင်ထွက်ပြီး အတွေ့အကြုံယူစေချင်ကြသည်။ ၎င်းတို့က တော်ဝင်မင်းသားနှင့် လက်ဆက်ကာ ယီမျိုးစုနှင့် ဆက်နွယ်ချင်တာထက် ၎င်းတို့ကိုသာ မြို့တော်ဆီ ပြောင်းရွှေ့အခြေချ၍ နေထိုင်ခွင့်ပြုစေလိုခြင်း ဖြစ်သည်။

ဒီဘဝတွင် ယီတာမိုနှင့် စစ်နတ်ဘုရား၏ ခွင့်ပြုချက်လည်း ရထားပြီးဖြစ်ရာ ရှုမျိုးစု၏ ဆန္ဒကား စောစောစီးစီး ပြည့်ဝလိမ့်မည်ဟု ရှန့်ခယ်မှန်းထားသည်။ တော်ဝင်မိသားစုနှင့် လက်ထပ်ဖို့ အရေးတွင်တော့ ကံအကြောင်းပါက ဖြစ်လာပေလိမ့်မည်။ အတင်း ဖိအားပေးနေစရာ အကြောင်းမရှိချေ။ ဤ ကမ္ဘာတွင် မိဘစီစဉ်ပေးသော လက်ထပ်ပွဲများ၊ ရာထူးအရေးအတွက် လက်ထပ်ရခြင်းများရှိသော်လည်း လူအတော်များများကတော့ ကိုယ်ချစ်ကိုပဲ ရှာချင်ကြသည်။ ထို့ကြောင့်လည်း အချစ်နတ်ဘုရားနေးလ်မှာ စွမ်းအင်ကြီးမားနေခြင်း ဖြစ်လေသည်။

မကောင်းမှုနတ်ဘုရား ထကြွသောင်းကျန်းခဲ့သော စစ်ပွဲများသည့် တခေတ်တခါတုန်းကသာဆိုလျှင် ဤ အချစ်နတ်ဘုရား ဘယ်နားသွားပြီး ပန်းသီးပင်စိုက်ရမလဲတောင် သိမှာမဟုတ်ပေ။ ဝါအရဆိုလျှင် မကောင်းမှုနတ်ဘုရားသည် နေးလ်ထက် နှစ်ပေါင်းများစွာ ပိုသာသော်လည်း ဤသူကား အကြီးကို အကြီးလို ရိုသေလေးစားသမှုမရှိချေ။ ရှန့်ခယ်အား အချစ်ဆိုတာ ဖင်မှန်းခေါင်းမှန်းတောင်မသိသည့် မနူးမနပ် ဆင်းရဲသားနတ်ဘုရားငယ်လေးဟု သတ်မှတ်ကာ မကြာခဏ အတူတူလာအချိန်ဖြုန်းလေ့ရှိသည်။

ချစ်သူ့ နတ်ဘုရား〖 Completed 〗Where stories live. Discover now