"ကျောင်းတက်ရတာ ဘယ်လိုလဲ"ကျောင်းပိတ်ရက် စနေနေ့ မနက်ခင်းတွင် မနက်စာစားနေရင်း ဦးမြတ်သောမာန်က မိုင်မိုင်းကို မေးလာခြင်းဖြစ်သည်။
"အဆင်ပြေပါတယ်ဗျ"
အခုမှ ကျောင်းတစ်ပတ်မျှသာ တက်ရသေးသော်လည်း မိုင်မိုင်း ကိုယ်စိတ်ပါဝင်စားသည့် ဘာသာရပ်ကို သင်ယူနေရ၍ တက္ကသိုလ်မှာ ပျော်ပါ၏။
"ရည်းစားရပြီလား"
"ဗျာ"
တက္ကသိုလ်ကျောင်းသားတစ်ယောက်အနေဖြင့် ထိုမေးခွန်းမျိုး မေးခံရတာ မဆန်းသော်လည်း အနှောင်အဖွဲ့ရှိပြီးသား မိုင်မိုင်းအတွက်တော့ အဲသည်လောက် ရိုးရှင်းသည့် ကိစ္စမဟုတ်။
"မိုင်မိုင်း မထားပါဘူး"
ကျွန်တော်အစား ကိုယ့်နာမည်ကို ရှေ့ထားပြောတာ ကလေးဆန်မိခြင်းမဟုတ်ပါ။ မိုင်မိုင်းရဲ့သစ္စာတရားကို အမည်နာမအားဖြင့် ကတိကဝတ်တည်ခြင်းဖြစ်၏။
"ဘာလို့ မထားတာလဲ"
ဦးမြတ်သောရဲ့ဘက်က သူ့ကို ဘယ်လို မြင်သည် မသိသော်လည်း မိုင်မိုင်းကတော့ ဦးမြတ်သောနှင့် စေ့စပ်လိုက်ကတည်းက ဦးမြတ်သောကို သူ့ရဲ့ သက်ဆိုင်သူဟု ရင်ထဲမှာလည်း စွဲမှတ်ထားခဲ့သည်။
"ဒီလက်ဖွဲ့ကြိုးချည်လိုက်ကတည်းက ကျွန်တော့်ရဲ့စိတ်ဝိဥာဥ်ကို ဦးမြတ်သောမာန် ပိုင်တယ်လေ"
လက်ထပ်ပြီးလျှင်မူ စိတ်နှင့်ခန္ဓာ နှစ်ပါးလုံးကို ကိုယ့်အိမ်ထောင်ဖက်က ပိုင်ဆိုင်မည်ဖြစ်ကြောင်း အယူအဆ ထုံးတမ်းတွေကို မပြောပြခင် ရေနွေးခွက်ကိုင်ထားတဲ့ လူကြီးရဲ့လက်ကို သတိထားကြည့်မိချိန်တွင် တစ်ဖက်သတ် ခံယူချက်တွေနှင့်မိုင်မိုင်း ရှက်ရွံ့စွာပင် မျက်လွှာချလိုက်မိပါတော့သည်။
"ကိုယ် အဲဒီလိုတွေ အယုံအကြည်မရှိဘူး"
မယုံကြည်လျှင်တောင် ဦးမြတ်သောမာန်က သူတို့နှစ်ယောက်ရဲ့စေ့စပ်ခြင်းနှင့်ပတ်သက်၍ နည်းနည်းလောက်တော့ အလေးအနက် ထားလိမ့်မည်ဟု မိုင်မိုင်း ထင်ခဲ့မိတာပင်။ အခုတော့ နှစ်ဘက် မိဘတွေရှေ့မှာ ရိုးရာဓလေ့ ထုံးတမ်းတွေနှင့်အညီ လက်ဖွဲ့ကြိုးတွေကို အပြန်အလှန် ချည်နှောင်ခဲ့ကြသမျှ ဘာမှ အဓိပ္ပါယ် မရှိဘူးတဲ့လား။
![](https://img.wattpad.com/cover/219841639-288-k300933.jpg)