မနက်ခင်းတိုင်း အရုဏ်တက်ချိန်ဆိုလျှင် မိုင်မိုင်း အိပ်ရာမှ နိုးလေ့ရှိသည်။
မနေ့ညက အလုပ်များလို့ နောက်ကျမှ အိပ်ရာဝင်ရသည့် ဦးမြတ်သော ကတော့ အိပ်ပျော်နေသေး၍ သူ ဦးမြတ်သောရဲ့ ပခုံးစွန်းကို ဖွဖွလေး နမ်းလိုက်ပြီး ခုတင်ပေါ်မှ သာသာလေး ဆင်းခဲ့၏။
သူ Bathroom ထဲတွင် တစ်ကိုယ်ရေ သန့်စင်ပြီးနောက် Dressing room ထဲတွင် အိမ်နေရင်း ပေါ့ပေါ့ပါးပါး အဝတ်တစ်စုံကို လဲဝတ်လိုက်သည်။ အပြင်မှာရာသီဥတုအေးတာမို့ Shirt လက်ရှည်ပေါ်ကနေ ထောပတ်စိမ်းရောင် Cardigan တစ်ထည်ကိုလည်း ထပ်ဝတ်ခဲ့ပါသည်။
သူ အိပ်ခန်းထဲမှမထွက်ခင် လုပ်နေကျအတိုင်း အခန်းလိုက်ကာတွေကို အနည်းငယ် လှစ်ဟလိုက်၏။
နေထွက်လာလျှင် အခန်းတွင်းသို့ အလင်းရောင်ဖြာကျရုံ အနေအထားလေးပင်။ဦးမြတ်သော အလုပ်လုပ်ရာ ရုံးခန်းထဲတွင်တော့ လေဝင်လေထွက်ကောင်းအောင် ပြတင်းတံခါးတွေ သွားဖွင့်ပေးလိုက်ပြီး မနေ့ညက ဦးမြတ်သော သောက်ထားသော စားပွဲပေါ်ရှိ ကော်ဖီခွက်အလွတ်ကို ယူကာ မိုင်မိုင်း အိမ်အောက်ထပ်သို့ ဆင်းခဲ့၏။
အရင်ဆုံး Kitchen ထဲတွင် သူ ရေနွေးတစ်အိုး တည်သည်။ မနက်ခင်းစောစောမှာ ရေနွေးနွေးလေးတစ်ခွက် သောက်ခြင်းက ကျန်းမာရေးအတွက် ကောင်းမွန်စေပြီး ယခုလို ချမ်းအေးလွန်းသည့် ဆောင်းမနက်ခင်းမှာလည်း ခန္ဓာကိုယ်ကို အတွင်းပိုင်းအထိ နွေးထွေးသွားစေ၏။
မိုင်မိုင်းကတော့ ဆောင်းမနက်ခင်းဆို ရေနွေးနွေးလေးတစ်ခွက်၊ နွေရာသီဆို ရေအေးတစ်ခွက် သောက်ပြီးမှ တခြားလုပ်စရာရှိတာတွေကို ဆက်လုပ်တတ်သည်။
သူ ထမင်း ပေါင်းထားစဥ်မှာတော့ အိမ်နောက်ဖေးရှိ စိုက်ခင်းထဲသို့ ဆင်းခဲ့ကာ ချက်ပြုတ်ရာ၌ လိုအပ်သော လတ်လတ်ဆတ်ဆတ် အသီးအရွက်တချို့ကို ဇကာခြင်းတောင်းလေးထဲ ခူးစွတ်ထည့်ခဲ့ပြီးနောက် Basin မှာ ဆေးကြောသန့်စင်လိုက်၏။
ဒီနေ့အတွက် မနက်စာကို ရွှေတောင်ခေါက်ဆွဲချက်ပြီး ဦးမြတ်သောအတွက် နေ့လယ်စာထမင်းဘူးကိုတော့ ထမင်း၊ ကြက်သားပြား အကြွပ်ကြော်၊ ပန်းပွင့်စိမ်းကြော်၊ ပဲပြားချဥ်စပ်ချက်တို့အပြင် စတော်ဘယ်ရီနှင့်ဘလူးဘယ်ရီသီးတွေကို သပ်သပ်တစ်ဘူး ထည့်ပေးထားလိုက်သည်။
