ပြန်လာမှ စကားပြောမယ်ဟုဆိုခဲ့သည့် ဦးမြတ်သောက ဒီနေ့ ရုံးဆင်းချိန် နောက်ကျပါသည်။ ည ခုနှစ်နာရီမှ အိမ်ပြန်ရောက်သည့် လူကြီးကို ကြည့်ရတာ အလုပ်ပင်ပန်းနေပုံမို့ မိုင်မိုင်း မနက်က ကိစ္စကို အစမဖော်ဘဲ ငြိမ်နေလိုက်၏။
သူ ညအိပ်ရာဝင်ကာနီးတော့ သူ့ ဖုန်းဟောင်းလေးထဲ ဝင်လာသည့် Message တစ်စောင်။
"မိုင်းက အသည်းခွဲတတ်တာပဲ"
ဘယ်သူဘယ်ဝါရယ်လို့ အမည် မပေါ်သော်လည်း စာပို့သူကို မိုင်မိုင်း သိသည်။
အစ်ကို လင်းရောင်သစ်။
သူ့ကို "မိုင်း" ဟု ပိုင်စိုးပိုင်နင်း ခေါ်တတ်တာဆိုလို့ အစ်ကို လင်းသစ်ပဲ ရှိသည်ပင်။
သူ ဆယ်တန်းတုန်းက အစ်ကိုလင်းသစ်က သူ့ကို "သဘောကျပါတယ်" "အစ်ကို့ရည်းစားလုပ်ပါ" ဆိုပြီး လိုက်ခဲ့၍ သူ ရှောင်ပြေးခဲ့ရတဲ့ရက်တွေ မနည်းပါ။
အစ်ကိုလင်းသစ်သည် ပညာတတ် တစ်ယောက် ဖြစ်ပြီး ရုပ်ရည် ချောမော ခံ့ညားသူမို့ အစ်ကိုလင်းသစ်ရဲ့ ချစ်သူဖြစ်ချင်တဲ့ မိန်းကလေးတွေ ဝိုင်းဝိုင်းလည်နေတာကို ဘာကြောင့် သူ လဲ။
ထို့အပြင် အစ်ကိုလင်းသစ်ဟာ မိုင်မိုင်းတို့မြို့ရဲ့ အာဏာရှိ အသိုင်းအဝိုင်းမှ ဆင်းသက်လာသူ ဖြစ်၍ မိုင်မိုင်း ကြောက်ပါသည်။
အစ်ကိုလင်းသစ်ကြောင့် သူ မူပျက်နေတာကို ရိပ်မိသည့် မိဘတွေကတော့ ဘယ်နေရာ သွားသွား သတိနှင့်သွားလာရန် မှာတတ်ကြပေမယ့်
လွန်ခဲ့သောနှစ်က အဖြစ်အပျက်တစ်ခုကို မိုင်မိုင်း ထိတ်လန့်စွာ ပြန်မြင်ယောင်မိသည်။
အဲဒီနေ့က သူ ဒေါ်လေးရဲ့ ပန်းခင်းထဲ၌ အလုပ်လုပ်နေခဲ့တာ ညနေ နေစောင်းချိန်ထိဖြစ်သည်။ သူ အိမ်ပြန်ချိန်တွင် တောင်ဆင်းလမ်းပေါ်မှာ လူပြတ်နေပြီ။
ကိုယ့်ဇာတိ ကိုယ့်ဒေသမို့ ဘာမှ ကြောက်စရာတော့မရှိပေမယ့် အပြန် တစ်လမ်းလုံး သူ့ စိတ်ထဲ လေးလံနေခဲ့သည်။
ဆောင်းရာသီဖြစ်၍ နေဝင်တာက မြန်လွန်း၏။ မေမေမှာထားသော နှင်းဆီပန်း တစ်စည်းကို ကိုင်ကာ သူ့ ခြေလှမ်းတွေ သွက်နေခဲ့ပေမယ့် လမ်းပေါ်ကို ကားတစ်စီး ပိတ်ရပ်လာတော့ သူ စိတ်ညစ်သွားရသည်။