အပိုင်း__ ၁ ( ပိုင်ဟွားမြို့၏ ရတနာ )

25K 1.3K 4
                                    

အပိုင်း__၁

ပိုင်ဟွားမြို့၏ရတနာ

(Unicode Ver: )

ဧကရာဇ်*** လက်ထက် တိုင်းရေးပြည်ရာ အခြေအနေ သိသိသာသာ တိုးတက်မြင့်မားလာသည် ၊ အကျင့်ပျက် ခြစား သူများကို နှိမ့်ချကာ တည်ကြည် စာနာစိတ်ရှိသူများ တက်ရောက်လာခဲ့သည် ။ တိုင်းပြည်စီးပွားရေး တိုးတက်ပြီး နိုင်ငံတော် ဘဏ္ဍာ များ တိုးပွားလာသည်။ မြို့တော်နှင့် မဝေးတစ်ဝေး  ပိုင်ဟွားမြို့ကလေးမှာမူကား ယခင်ကစည်ကားသိုက်မြိုက်ကာ သာယာသည် ။ လယ်ယာစပါး အဖြစ်ထွန်းကာ ကုန်သွယ်ရေးကောင်းမွန်သော အချက်အချာနေရာဖြစ်၏ ။ ကုန်သည်မျိုးရိုး အများအပြား စုဝေးလျက်ရှိသော မြို့ဖြစ်သည်။ ပိုင်ဟွားမြို့တွင် ရတနာသုံးပါးရှိ၏ ။
သက်မဲ့အရာမဟုတ်သော သက်ရှိလူသားရတနာများပင်ဖြစ်သည်။ ကျောက်စိမ်းကဲ့သို့အေးမြသော အသွင်ရှိသည့် ဂီတပညာ၌တစ်ဖက်ကမ်းကျွမ်းကျင်သော ဝမ်အိမ်တော်၏ သခင်လေး ။ ပတ္တမြားကဲ့သို့ရဲရင့်ကာ လက်ရုံးရည်နှင့် ပြည့်စုံသော ထျန်းအိမ်တော်သခင်လေး ။ ထျန်းမျိုးရိုးသခင်လေးမှာ မြို့တော်တွင် နန်းတော်၌ စစ်သူကြီးရာထူးဖြင့် တာဝန်ထမ်းဆောင်နေသည်။ တည်ငြိမ်ကာ မြကဲ့သို့ တင်စားထားသည့် လော်သခင်လေး တို့ပင်ဖြစ်သည်။
လော်အိမ်တော်မှာ ပိုင်ဟွားမြို့၏ အချမ်းသာဆုံး အိမ်တော်ဖြစ်၏ ။ လော်သခင်လေး လော်ယွင်ရှီးမှာပိုင်ဟွားမြို့ မိန်းမပျိုကလေးများ၏ ပါးစပ်ဖျားတွင် ရေပန်းစားသူဟုပြော၍ရသည် ။ လော်ယွင်ရှီးသည် ပိုင်ဟွားမြို့၏ မိန်းမပျိုလေးများ သည်းသည်းလှုပ်ဖြစ်နေသည့်တိုင်အောင် ထိုသခင်လေးအား အပြင်တွင် မြင်ဖူးသူ နည်းပါးလွန်းလှ၏ ။
ထို့ကြောင့် လူတိုင်း၏ ပါးစပ်ဖျားတွင် လော်ယွင်ရှီး၏ ပုံပန်းသဏ္ဍာန် အား အမျိုးမျိုးပြောဆိုကြပေ၏ ။  လော်ယွင်ရှီး ၏ မျက်လုံးများသည် ကောင်းကင်ပြင်မှ ကြယ်များထက်ပင်တောက်ပသည်ဟူ၍တစ်မျိုး ၊ သူ၏ ဆံနွယ်များသည် ပုတုန်းရောင်ကဲ့သို့ နက်မှောင်သည်ဟူ၍ တစ်ဖုံ ၊ သူ့ကို တစ်ခါမြင်ဖူးသည့်သူတိုင်း အသက်ရှူရပ်ကာ သေစေနိုင်သည်အထိ လှပလွန်းသည်ဟူ၍ တစ်ကြောင်း များစွာသော ကောလဟာလများ ပျံ့နှံ့လျက်ရှိပေသည်။ ယောကျ်ားတစ်ယောက်ဆိုသော်ငြား လှပသည်ဟု တင်စားရသည်အထိ လှပသည်ဟူ၍ နာမည်ကြီးလျက်ရှိ၏ ။
"သခင်လေး.... သခင်မက ခေါ်ခိုင်းလိုက်ပါတယ် "
"ကောင်းပါပြီ "
အစိမ်းနုရောင် လိုက်ကာ အနောက်မှ အသံပိုင်ရှင်အား အစေခံမလေးမှ မသိမသာ မခို့တရို့ တိတ်တခိုးကြည့်လိုက်သည် ။ ထို့နောက်တွင် အခန်းထဲမှ ထွက်သွားလေ၏ ။
အိမ်တော်၏ အနောက်ဘက်ဥယျာဥ်ထဲတွင် လက်ဖက်ရည်ကြမ်းတစ်ခွက်သောက်ကာ လေယူသည့်အတိုင်းယိမ်းနွဲ့နေသည့် ပန်းပင်ကလေးများအား ကြည့်ရင်း ပြုံးနေသည့် မိန်းမတစ်ယောက် ၊ အသက် ၃၀ ကျော်အရွယ်ဆိုသော်ငြား နုပျိုသည် ။ မျက်နှာချေမှုန့်ခပ်ပါးပါးသာ လိမ်းခြယ်ထားသော်လည်း သဘာဝဆန်ကာကြည်လင်အေးမြသည့် မျက်နှာပိုင်ရှင်ဖြစ်သည်။ 
"အမေ...  "
"ရှောင်ယွင်...ကလေး..လာထိုင် "
ကျောက်စိမ်းခရားထဲမှ လက်ဖက်ရည်ကြမ်းအနည်းငယ်ကို ငှဲ့ကာ တစ်ငုံသာ သောက်လျက် နူးညံ့သိမ်မွေ့စွာ ထားရှိ၏ ။
"ရှောင်ယွင်..ဒီနှစ်ဆို အသက် ၂၀ ရှိပြီနော် "
"ဟုတ်ကဲ့ "
"အိမ်ထောင်ပြုဖို့ အရွယ်ကောင်းတောင် ရောက်နေပြီကိုး... သဘောကျတဲ့မိန်းကလေးများရှိနေပြီလားကွယ် "
"မရှိသေးပါဘူး အမေ "
"ကောင်းတယ်....ကောင်းတယ်...စိတ်အေးရတာပေါ့ လက်ထက်ဖို့အတွက် မိန်းကလေးကို အမေကိုယ်တိုင် ရွေးချယ်ပေးပါရစေ "
အားရဝမ်းသာပြောနေသည့် အမေ့ကို အားနာသည် ၊ မငြင်းရက်သည့်အတွက် ခေါင်းငြိမ့်ကာ တုန့်ပြန်လိုက်သည် ။ ထိုသည်နှင့်တစ်ပြိုင်နက် ပိုင်ဟွားမြို့၏ နေရာအနှံ့အပြား ပြန့်နှံ့ပြန်၏ ။
"သခင်လေးယွင်ရှီးက လက်ထက်တော့မယ်ဆို "
"သူ့မိန်းကလေးက တကယ်ကံကောင်းတာ "
" လက်ထက်ရမဲ့မိန်းကလေးက သခင်မကြီး သဘောအတိုင်း ရွေးပေးမှာ "
"ပိုင်ဟွားမြို့က မိန်းမပျိုတိုင်းက အခုချိန်မှာ လော်သခင်လေးရဲ့ မိန်းမဖြစ်ဖို့ အိပ်မက်မက်နေတဲ့သူတွေချည်းပဲ "
စိတ်ရှုပ်သည်...လက်ထက်မည်ကို ယခုထိတိုင် သူတွေးပင်မတွေးရသေးပေ ။ သတင်းပြန့်ခြင်းက လွန်စွာမှ မြန်ဆန်လွန်းလှပါ၏ ။

ကျိန်စာသင့် မင်္ဂလာဝတ်ရုံ (Completed )Where stories live. Discover now