အပိုင်း__၄ (ရီအိမ်တော်၏ နိဂုံး နှင့် နတ်ဘုရားကိုယ်ထင်ပြခြင်း )

7.9K 956 3
                                    

အပိုင်း__၄
ရီအိမ်တော်နိဂုံးနှင့် နတ်ဘုရားကိုယ်ထင်ပြခြင်း
(Unicode Ver: )

ရီမျိုးနွယ်အိမ်တော်၏ နိဂုံးချုပ်သည်ကား ဆိုးရွားလွန်းလှပါ၏ ။ နတ်ဘုရားအား ဆန့်ကျင်သည့်အတွက် ရီမိသားစုအား အပြစ်ပေးဒဏ်ခတ်လိုက်လေပြီ ။ သခင်မလေးရီ မှာ သွေးအန်ကာ အားနည်းသေဆုံးရပြီး သခင်မကြီး မှာမူ ဒုတိယကိုယ်ဝန် ပျက်ကျကာ ဆုံးပါးရ၏ ။ ရီသခင်ကြီးမှာကား ထိုနေ့မှ စ၍ ထွက်ပြေးသွားခဲ့ပြီး ယခုထိတိုင် အစအနဟူ၍ ရှာဖွေမရတော့ပေ ။
ယခုမူရီမိသားစု ၊ ရီအိမ်တော်ကြီးမှာ အစိတ်စိတ်အမွှာမွှာပျက်စီးရလေပြီ ၊ ထိုကဲ့သို့ ကိစ္စဖြစ်ပြီးသည်မှ အစပြု၍ ပိုင်ဟွား မြို့ ပြည်သူများမှာ နတ်ဘုရားအား မဆန့်ကျင်ရဲလောက်အောင် ဖိန့်ဖိန့်တုန် ကြောက်ရွံ့ကြ ကုန်သည်။
နတ်ဘုရား၏ ရွေးချယ်မှုအား စောဒက အနည်းငယ်မတက်ပါဘဲ ရွေးချယ်ခံ အိမ်တော်၏ သမီးပျိုများအား ရက်ရက်ရောရော ဆက်သကြ ကုန်၏ ။
သတို့သမီးအား ဆက်သရာတွင် ညည့်နက်အချိန် တွင် နတ်ဆရာမပေးသော အနီရောင် မင်္ဂလာသတို့သမီး ဝတ်ရုံကို ဝတ်ကာ အနီရောင် ဝေါ ယာဥ် ကို ထမ်းလျက် နတ်ဆရာမ ထံအရင်ပို့ဆောင်ရသည် ။ ထို့နောက် နတ်ဆရာမ မှတစ်ဆင့် ရွေးချယ်ခံ သတို့သမီး အား နတ်ဘုရားဆီသို့ ပို့ဆောင်ပေးသည်။ မင်္ဂလာ သတို့သမီးအား မပို့ဆောင်ခင် တစ်ရက်အလိုတွင် ရွေးချယ်ခံ သတို့သမီးအား ပိုင်ဟွားမြို့လယ် လူစည်ကားသော နေရာတွင် အနီရောင် ဖဲ ကြိုးများနှင့် ချည်နှောင်ကာ ဝတ်ရုံ အပ်ခြင်းပွဲ ပြုလုပ်ရသည်။
မင်္ဂလာသတို့သမီးအား ပူဇော်သည့် ည ည့် နက်တစ်ခုတွင် နတ်ဆရာမ ထံသို့ ပို့ဆောင်သည့်အခါ၌ နတ်ဆရာမ၏ အနောက်တွင် သတို့သားဝတ်ရုံနှင့် ယောကျ်ားတစ်ယောက်အား ထိုအိမ်တော်မှ လူတစ်ချို့ ကွင်းကွင်းကွက်ကွက် မြင်လိုက်ရပေ၏ ။
ထိုသတင်းကား ပိုင်ဟွားတစ်မျိုးလုံးသို့ လျင်လျင်မြန်မြန် ပြန့်သွား ပြန်သည်။ လူအမျိုးမျိုး၏ ပါးစပ်ထဲတွင်စကား အမျိုးမျိုး ထွက် ကာ ထို ဝတ်ရုံ နတ် ၏ ပုံပန်းသဏ္ဍာန် ပင် မျိုးစုံ စိ စွာ ထွက်လာလေတော့သည်။
တစ်ချို့က ထိုနတ်ဘုရားမှာ လွန်စွာ ချောမောလွန်းသည်ဟူ၍ တစ်ကြောင်း ၊ တစ်ချို့များကျ ဝတ်ရုံနတ်ဘုရားမှာ ယောကျ်ားပျိုလေးတစ်ယောက်ဖြစ်သည်ဟူ၍ တစ်ဖုံ ၊ ထိုဝတ်ရုံနတ်မှာ မိန်းကလေးဖြစ်သည်ဟုပင် ကောလဟာလ ထွက်လိုက်သေးသည် ။
သို့သော် မည်သူမျှ ပင် အသေအချာ မြင်ဖူးသည်ဟူ၍ မရှိပါ။ တွေ့ကရာ လျှောက်ကာ အထင်အမြင်နှင့် သူများစကားကြားယောင်လျက် ပြောနေကြခြင်းပင်။
"တစ်ညလောက် သွားဆက်သတဲ့အခါ ချောင်းကြည့်ဦးမှပါ...ပြောတော့ဖြင့် မြင်လိုက်တယ်ဆိုပြီး ကောလဟာလကျတော့ အမျိုးမျိုးထွက်နေလိုက်တာ....ခွီးးးး "
ချန်ဖေးယွီ က မကျယ်တကျယ် လေသံနှင့်ပြောလိုက်တော့ ဆိုင်အတွင်း စားသုံးသူများ မျက်လုံးပြူးမျက်ဆံပြူး ဖြစ်ကာ ကြည့်လာကြ၏ ။
"ဒီကောင်လေးကတော့...အ..တင့်...ရဲလိုက်တာ "
တစ်ယောက်က တုန်တုန်ယင်ယင်ဖြင့် ပြောလိုက်သောအခါ လူအချို့ကပါ ဖေးယွီအား ကြည့်လာကြသည်။ ပိုင်ရှင်က ယောက်မ နှင့် ခေါင်းကို ခေါက်ကာ ထိုလူငယ် ချန်ဖေးယွီ အား နားရွက်လိမ်ဆွဲတော့သည်။
"စိတ်ထဲထားမနေကြနဲ့...ဒီခွေးကောင်လေးက ကျပ်ပြည့်တာမဟုတ်ဘူး...လျှောက်​ပြောနေတာ ဟင်းဟင်း "
"အာ့...အာ့..နာ..တယ်ဗျ "
"အားလုံးပဲ စိတ်ထဲမထားကြပါနဲ့ လုပ်စရာရှိတာ ဆက်လုပ်ပါနော်...ဖေးယွီ..အနောက်ကိုလာခဲ့စမ်း!!."
နားရွက်ဆွဲခံလျက်သား အနောက်သို့ ယက်ကန် ယက်ကန်ပါသွားရသည်။
"လွှတ်ပါဦးဗျာ..နားရွက်ပြတ်တော့မယ် ဦးလေး ထန်း "
ဦးလေးထန်းဟူသည် ထန်းဖေက ချန်ဖေးယွီ ၏ ပိုင်ရှင်ဖြစ်သည်။
"ဒီကောင်လေးတော့...ဘာလို့လျှောက်ပြောနေရတာလဲ..တော်ကြာ နတ်ဘုရား အပြစ်ပေးလိမ့်မယ် "
"အကုန်အရူးတွေချည်းပဲ... သူကဘာ.."
"တော်တော့...ဆက်မပြောနဲ့တော့ အေးဆေးနေပါ ဖေးယွီရယ်..ရီမိသားစုကိုပဲ ကြည့်လေ...လျှောက်ပြောမနေနဲ့....မင်းပါးစပ်ကို ထိန်းသင့်တယ် "
"ကျစ်!!! "
သတို့သမီးရွေးချယ်ပွဲလုပ်တိုင်း ချန်ဖေးယွီ သွားကြည့်သည်။ သူ့စိတ်ထဲ တွေးမိတာတစ်ခုရှိ၏ ။ ထိုအရာက ဒီ သောက်ကျိုးနဲ နတ်အစုတ်ပလုတ်က ဆောင်လဲဆောင်နိုင်တဲ့ မင်္ဂလာဆောင် ၊ မိန်းမဘယ်နှစ်ယောက်လောက် ယူမလဲ မသိဘူး။
ချန်ဖေးယွီဆိုသော လူငယ်လေးဆီသို့ ကြောက်ရွံ့ဖွယ်ရာ ကိစ္စရပ်တစ်ခု ရောက်ရှိလာခဲ့သည်။ ထိုနေ့က ချန်ဖေးယွီတစ်ယောက် သေရည်ဆိုင်သွားကာ သေရည် တစ်ဝကြီးသောက်ပစ်လိုက်သည်။ ည ည့်နက် သွားသည့်အခါမှသာ သေရည်တစ်အိုးကို ကိုင်ကာ ပြန်လာခဲ့၏ ။ ည ည့်နက် သန်းခေါင်ယံ အချိန်ဖြစ်သည့်အလျောက် ပိုင်ဟွား မြို့၏ လမ်းတစ်လျှောက်တွင် တိတ်ဆိတ်ငြိမ်သက်ကာ လူခြေတိတ်နေသည်။
ခွေးတစ်ကောင်ကြောင်တစ်မြီးမျှ တွေ့ရခြင်းမရှိ ၊ ပကတိ ကျောချမ်းကြောက်ရွံ့ဖွယ်ဖြစ်၏ ။ အဝေးတစ်နေရာမှ တစ်စုံတစ်ရာ ခပ်ရွေ့ရွေ့နှင့် လာနေသည်။ မျက်လုံးများအား ပွတ်သတ်ကာ တစ်ဖန် ပြန်ကြည့်လိုက်၏ ။ ယခုတွင်မူ အမြင်အာရုံ များ ရှင်းလင်းသွားပြီ ၊ အနီရောင်ဝေါ ယာဥ် တစ်ခု ၊ ထိုဝေါ ယာဥ် အား လူလေးယောက်မှ ပတ်ပတ်လည် မ ကာ ဖြေးဖြေးချင်းလျှောက်လှမ်းလာ၏ ။ ဝေါ ယာဥ် ဘေးတွင် ဝတ်ကောင်းစားလှများဝတ်ဆင်ထားသော သက်ကြီးပိုင်း အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး အားတွေ့ရသည်။ သူတို့၏ အနောက်၌ အစေခံဟုယူဆရသူများ လိုက်ပါလျက်ရှိသည်။
သေချာပါသည် ၊ အတိအလင်း သေချာပါ၏ ။ ဤသည်မှာ ရွေးချယ်ခံသတို့သမီးအား ဝတ်ရုံသခင်ဆီသို့ သွားရောက် ဆက်သခြင်းဖြစ်မည်။တစ်ဦးတစ်ယောက်မြင်မည်စိုးရိမ်၍ မမြင်ရသော အကွယ်တစ်နေရာတွင်ဝင်ပုန်းလိုက်၏ ။ စိတ်ထဲ၌ ဝေခွဲရခက်နေသည်က လိုက်သွားရမည်လား ၊ သို့မဟုတ် မသိချင်ယောင်ဆောင်ကာ ကိုယ့်လမ်းကိုသာသွားရမည်လား ။
ချန်ဖေးယွီ ဟူသည့် ထိုလူငယ်ကား လွန်စွာ စပ်စုတတ်သူပီပီ သိချင်စိတ်ကြောင့် လိုက်သွားမည်ဟု ဆုံးဖြတ်ချက်ချ၏ ။ ဝတ်ရုံနတ်ဘုရားထံ သတို့သမီးလိုက်ပို့​ခြင်းကို ထိုသတို့သမီး၏ မိသားစုဝင်နှင့် အိမ်တော်မှ လူများသာ ဖြစ်ရမည်။ တစ်စိမ်းတစ်ယောက်ယောက်မြင်တွေ့ခွင့်မရှိ။ ပိုင်ဟွားမြို့ရှိလူအများမှာ ထိုနတ်ဘုရားအား ဒူးတုန်အောင် ကြောက်ကြသဖြင့် မည်သူမျှ လိုက်ချောင်းကြည့်ခြင်းမရှိ။ သတို့သမီးပို့ဆောင်မည့်ရက်ရောက်လျှင် ညနေခင်းမှစတင်၍ သိမ်းဆည်းကာ အိမ်တံခါးများ ပိတ်ကာ အပြင်တွင်မည်သူတစ်စုံတစ်ယောက်မျှ မနေရဲ ကြပေ ။

ကျိန်စာသင့် မင်္ဂလာဝတ်ရုံ (Completed )Where stories live. Discover now