ဆုမော့ နိုးလာတော့ တေးသီငှက်တို့ ကျီကျာသံနှင့် စားသောက်ဖွယ်တို့ မွေးရနံ့တို့က ကြိုလင့်နေသည်။
ဒီဘဝမှာ ရွှယ့်ချောင်းနှင့် ပြန်ဆုံခွင့်ရမည်ဟု သူ တစ်ကြိမ်တစ်ခါမှ မယုံရဲမိခဲ့။ ယခုက သူ အိပ်မက်မက်နေခြင်းလား၊ ငရဲကျပြီးနောက် အစွဲဖြင့် ထင်ယောင်ထင်မှားဖြစ်နေရခြင်းလား။ သို့ပေမဲ့၊ ပြန်စဉ်းစားကြည့်တော့ ငရဲမှာ ယခုလို သိမ်မွေ့သော နေခြည်နှင့် နွေးထွေးသော စောင်တို့ ရှိစရာအကြောင်းလား။
သူ အိပ်မက်မက်နေခြင်းသာ ဖြစ်တန်ရာသည်။
ရွှယ့်ချောင်းကတော့ စိတ်ကြည်သာ ပျော်ရွှင်နေသည့်ပမာ သီချင်းလေးညည်းရင်း စားသောက်နေသည်။ မွန်းလွဲပိုင်းနေရောင်က သူမအပေါ်ကိုတော့ နူးညံ့သာသာ ခစားနေသည်။ ဒီတော့ သူမအသွင်က ပိုလို့ပင် တည်ငြိမ်လှပြီး ငြိမ်းအေးကြည်စင်လို့နေသည်။ ဒီလိုမြင်ကွင်းမျိုးမှာ ဆုမော့ မကြွေဆင်းဘဲ မနေနိုင်။
ဒီလို အိပ်မက်မျိုး မက်ရသည်က ကောင်းလှပါတကား။
ရွှယ့်ချောင်းကတော့ သူ့အကြည့် စူးရှရှကို ခံစားမိသည့်အလား စားသောက်နေခြင်းမှ ရပ်သွားလေပြီး လှည့်ကြည့်လာသည်။ သူ့မျက်ဝန်းများနှင့် ဆုံမိတော့သည်။ နှစ်ဦးစလုံး ထိတ်ကနဲဖြစ်သွားခဲ့သည်။ သို့သော်လည်း ရွှယ့်ချောင်းဘက်မှ အရင် အကြည့်လွှဲလိုက်ကာ စားသောက်စရာရှိ ဆက်စားနေလိုက်သည်။ ပြီးတော့ သူမ ခနဲ့တော့သည်။ မဲ့တော့သည်။
"ရှင်က ကံကောင်းသားပဲ..."
ရွှယ့်ချောင်းအသံကြားပြီး တဒင်္ဂလောက်တော့ ဆုမော့ ကြောင်နနဖြစ်နေသေးသည်။ သူ့ကိုယ်သူ လှောင်ရယ်မိသည်။ စောင်အောက်မှ သူ့လက်များကတော့ အလိုလို လက်သီးဆုပ်မိလျက်သား။ သူ ရယ်မိသည်။
"သြော်... အိပ်မက်မဟုတ်ဘူးပဲ..."
ရွှယ့်ချောင်းက ခွက်အလွတ်တစ်လုံးယူကာ ထမင်းနှင့် ဟင်းရွက်ကြော်ထည့်သည်။ နောက်တော့ တူတစ်စုံကို အုတ်ဂူကျောက်တိုင်တည်သည့်အလား တည့်မတ်စွာ စိုက်ထည့်ကာ ဆုမော့ထံ ကမ်းပေးလိုက်သည်။
YOU ARE READING
ဆောင်းခွာလေသည့် နှင်း
Short Storyဆောင်း ခွာလေတဲ့ နှင်း Jiu Lu Fei Xiang ရဲ့ ဝတ္ထုတိုတစ်ပုဒ်... အဲ့သလိုပြောရင် သိလိုက်တော့ _________ ဆောင်း ခွာလေတဲ့ နှင်း Jiu Lu Fei Xiang ရဲ့ ဝတ္ထုတိုတစ်ပုဒ်... အဲ့သလိုပြောရင် သိလိုက်တော့