(၄)

1.1K 206 2
                                    

ရေအလျင်​က အေးစိမ့်​စိမ့်​နိုင်​လွန်းသည်​။ မျှော်​လင့်​ချက်​မဲ့သွားရလောက်​အောင်​ကိုပင်​ အေးစက်​ရက်​သည်​။ မြစ်​၏ ရက်​စက်​အညှာတာကင်းသော လှိုင်းလုံးများအကြား သူမ ရုန်းကန်​ရသည်​။ မြုပ်​ခါတစ်​လှည့်​၊ ပေါ်သည့်​တစ်​ပြန်​နှင့်​ သည်းသည်းထန်​ထန်​ ရုန်းကန်​ခဲ့ရသည်​။ မြစ်​တွင်းမှ ချွန်​ထက်​မာထန်​သော ကျောက်​ဆောင်​များနှင့်​ တိုက်​မိရိုက်​ခတ်​သောအခါမှာတော့ သူမ အသားအရေများ ကြေမွကွဲရှခဲ့ရသည်။ အသုံးမကျတော့သော ခြေသုတ်​ပုဆိုး လက်​နှီးစုတ်​ပမာ။ သူမ နှာခေါင်းထဲ၊ ပါးစပ်​ထဲ ရေ အပြည့်​၊ အဘယ်​မှာ အသက်​ရှူ နိုင်​ပါ့မလဲ။ လေတစ်​ဝရဖို့ကိုပင်​ အနိုင်​နိုင်​။ အသက်​ရှူဖို့ သူမ ကြိုးစားလေတိုင်း၊ ရေတွေသာ အဆုတ်​ထဲ ဝင်​လာရော့သည်​။

ဆုမော့... ဆုမော့...။

ဆုမော့၊ သူမ၏ ဝင်​သက်​ထွက်​သက်​တမျှ ကိုးကွယ်​ယုံကြည်​အားထားခဲ့ရသူက သူမ၏ အသက်​ရှူပိုင်​ခွင့်​ကို လုယူသွားရက်​လေခြင်း။

သူမ မွန်းကြပ်​လာသည်​။

"ရွှယ့်​ချောင်း...?"

ဆုမော့အသံက သူမ ဘေးကပ်​လျက်​က ထွက်​ပေါ်လာသည်​။ ရွှယ့်​ချောင်းလည်း ရုတ်​တရက်​ လန့်​နိုးသွားတော့သည်​။ ဆုမော့က သူမကုတင်​ပေါ် ထိုင်​လျက်​၊ သူ့မျက်​ခုံးမျက်​မှောင်​က စိုးရိမ်​သမှုနှင့်​ တွန့်​ကျုတ်​လျက်​။ သူမကို ခြောက်​လှန့်​သလိုဖြစ်​သွားမှာ စိုးရိမ်​သည့်​အလား အသံခပ်​တိုးတိုးဖြင့်​ သူက ပြောသည်​။

"အိပ်​မက်​ဆိုးလား...?"

အိပ်​မက်​နှင့်​ လက်​တွေ့ မခွဲခြားနိုင်​ရကား ရွှယ့်​ချောင်း ကမန်းကတမ်းထထိုင်​လိုက်​ကာ ဆုမော့အား တွန်းထုတ်​ပစ်​လိုက်​လေသည်​။ စင်​စစ်​ သူမ တွန်းလိုက်​သောအားက ပြင်းထန်​လှသဖြင့်​ ဆုမော့ ယိုင်​လဲသွားမတတ်​ပင်​။ ရွှယ့်​ချောင်းကတော့ မျက်​လုံးများကို အုပ်​ကာလျက်​ နံရံထောင့်​စွန်းကလေးသို့ ရွှေ့ကာ ဆုတ်​သွားလေသည်​။ သူမ အသံက အက်​ချောက်​၍၊ တုန်​ရီ၍၊ တုန်​လှုပ်​၍ ကြောက်​ခြင်းကြီးစွာ အော်​လေ၏။

ဆောင်းခွာလေသည့် နှင်းWhere stories live. Discover now