အချိန်က တရွေ့ရွေ့ ကုန်လွန်သွားသည်။ တောင်ပေါ်၌ ပေါက်ရောက်သည့် ဆေးမြစ် ဆေးဖက်ဝင် အပင်အသီးများမှာ နွေတွင် သာ၍ ဖူးပွင့်ဝေဆာတတ်သောကြောင့် ရွှယ့်ချောင်းတစ်ယောက် တောနက်သည်အထိ ပို၍ တိုးဝင်ရှာမိသည်။ ရှားပါးသည့် ဆေးပင်များကို။ ဆုမော့ကတော့ ရွှယ့်ချောင်းနောက်က မငြိုမငြင်လိုက်ရသည့်အမှုသာ တတ်နိုင်လေ၏။
တဖြည်းဖြည်းနှင့် ရွှယ်ချောင်း သတိထားမိလာသည်က သူတို့၏ ဟင်းလျာများ ပို၍ မြိန်ရေယှက်ရေ ရှိလာသည်ကို။ စားဖွယ်များထဲ အမဲကောင်များ မကြာခဏပါလာတတ်သည်ကိုး။ "ရှင့် သိုင်းပညာတွေ ပျက်သွားပြီဆိုတာတောင် စိတ်ချလက်ချနေလို့ မရဘူးပဲ" ဆုမော့ ယုန်တစ်ကောင်ကို သစ်ကိုင်းခြောက်လေးတစ်ခုတည်းဖြင့် လှမ်းပစ်ပေါက်၍ သတ်လိုက်သည်ကို ကြည့်ရင်း ရွှယ့်ချောင်း ကောက်ချက်ချလိုက်သည်။
ရွှယ့်ချောင်း၏ ထေ့လုံးငေါ့လုံးများအပေါ် ဆုမော့ ပြုံးရုံသာ ပြုံးလိုက်သည်။ "ရွှယ့်ချောင်းတစ်ယောက်ကတော့ ကိုယ့်အနားမှာ စိတ်ချလက်ချနေလို့ရပါတယ်..."
ဒီစကားများကို လွန်ခဲ့သော သုံးနှစ်က ကြားရခြင်းသာဆိုလျင် ရွှယ်ချောင်း ဝမ်းသာလိုက်မည့်ဖြစ်ခြင်း။ သို့သော် ယခုတော့ ဆုမော့မှာ သူမအတွက် အန္တရာယ်အရှိဆုံး လူသားဖြစ်လို့ နေပြီ။ သူ့အနားနားမှာ သူမ စိတ်ချလက်ချ အေးဆေးပေါ့ပါးစွာ နေ၍ မဖြစ်ချေသည်။ စင်စစ် တစ်ခါ အကိုက်ခံရဖူးလျင် နောက်တစ်ကြိမ်၌ အမှတ်သညာ ရှိသွားတတ်သည့် သဘောပင်။
ရွှယ့်ချောင်း တစ်ခုတ်တစ်ရ ခွန်းတုန့်ပြန်ခြင်း ပြုမနေတော့။ ခေါင်းကို ချာကနဲ လှည့်သွားရင်း သတိထားမိလိုက်သည့် ဆေးဖက်ဝင် ရှားပါး မှိုပင်ကို အားရဝမ်းသာ တက်ခူးလေတော့သည်။
ဆုမော့ကတော့ ချန်ရစ်နေခဲ့ပြီး သူမကို ကြည့်နေလေသည်။ ရုတ်တရက်၊ စိုစိစိ ရွှံ့မြေတစ်စုကြောင့် ရွှယ့်ချောင်း ခြေချော်သွားခဲ့သည်။ ဆုမော့ သူမကို 'သတိထား'ဟု အော်မပြောနိုင်သေးခင်မှာပင် ရွှယ့်ချောင်းတစ်ယောက်နှုတ်မှ အာမေဋိတ်သံနှင့်အတူ တောင်စောင်းမှ လိမ့်ကျတော့သည်။ ဆုမော့ ဘာမျှ မတွေးနိုင်။ မိုက်မိုက်မဲမဲ အပြေးသွားကာ ရွှယ့်ချောင်းကို ရင်ခွင်ထဲ ဆွဲပွေ့ထားလိုက်သည်။ ရလဒ်က သူတို့ နှစ်ဦးစလုံး တောင်စောင်းပေါ်မှ လိမ့်ကျသွားခြင်း။
YOU ARE READING
ဆောင်းခွာလေသည့် နှင်း
Short Storyဆောင်း ခွာလေတဲ့ နှင်း Jiu Lu Fei Xiang ရဲ့ ဝတ္ထုတိုတစ်ပုဒ်... အဲ့သလိုပြောရင် သိလိုက်တော့ _________ ဆောင်း ခွာလေတဲ့ နှင်း Jiu Lu Fei Xiang ရဲ့ ဝတ္ထုတိုတစ်ပုဒ်... အဲ့သလိုပြောရင် သိလိုက်တော့