ဆုမော့ ပုခုံးဒဏ်ရာက မကောင်းသေး။ ဒီကြားထဲ ရွှယ့်ချောင်းကို တစ်ညလုံး လိုက်ရှာနေခဲ့ရတော့ အခြေအနေပိုဆိုးသွားတော့သည်။ ဘယ်လက်တစ်ဖက်လုံး မြှောက်၍ပင် မရတော့။ မနက်အိပ်ရာထချိန်ရောက်တော့ နာကျင်ကိုက်ခဲမှုက ပိုမိုပြင်းထန်လာလေသည်။ ထို့ကြောင့် သူ ဆံပင်ဆံစတို့ကို သိမ်းဆည်းဖီးသင်ခြင်းမပြုဘဲ မနက်စာစားရန်သာ ထလာလိုက်သည်။
ဆုမော့ ရုပ်သွင်အခြေအနေကို ရွှယ့်ချောင်းလည်း သတိပြုမိလိုက်သည်။
"ရှင့်ဆံပင်တွေ သွားစည်းလေ၊ ဆံပင်ဖားလျားကြီးနဲ့ ဆေးမြစ် ဘယ်လိုတူးမှာတုန်း"
ဆုမော့ မတတ်သာဟန် ပြုံးသာ ပြုံးနေလိုက်ရသည်။ "ကိုယ့်ပခုံးတွေ နာတယ်... လက်မြှောက်လို့ မရနိုင်ဘူး" နောက်တော့ သူ စကားအပြော ခဏရပ်ကာ မျှော်လင့်ခြင်း အနည်းငယ်နှင့် မေးလိုက်တော့သည်။ "ရွှယ့်ချောင်း ကိုယ့်ကို ဆံပင် စည်းပေးမလား၊ အရင်တုန်းကလိုမျိုးလေ..."
ရွှယ့်ချောင်း တူကို ချထားလိုက်ပြီး ဆုမော့ကို စိုက်ကြည့်နေလိုက်တော့သည်။ သူမ စိုက်ကြည့်နေလျင် သူ့ဘာသာ အလိုက်တသိနှင့် အခြေအနေကို သိတတ်လာမလားဟု ရည်ရွယ်နေခဲ့ခြင်း။ သို့သော်လည်း ဆုမော့ မျက်နှာကြော အရေထူတာကို ရွှယ့်ချောင်း အထင်သေးခဲ့မိသည်ဟု ဆိုရမည်။
ဆုမော့က အိမ်အတွင်းဘက်ကို လျှောက်သွားသည်။ မှန်တင်ခုံရှေ့ထိုင်ခါ ရွှယ့်ချောင်းကို တစာစာခေါ်နေတော့သည်။
"အရင်တုန်းက စည်းပေးသလိုမျိုးလေး စည်းပေးပါလား၊ မင်း စည်းသလိုမျိုး ကိုယ် မစည်းနိုင်လို့..."
ရွှယ့်ချောင်း တွေဝေငေးမောကာ ဆက်ထိုင်နေစဉ်အချိန်အတွင်း ဆုမော့ကတော့ လက်သီး ကျစ်ကျစ် ဆုပ်လျက်၊ ရင်တထိတ်ထိတ် စောင့်လင့်နေခဲ့မိသည်။ သူမ လာစည်းပေးမှာ မဟုတ်။ စင်စစ် အတိတ်ဆိုသည့်အရာမှာ သူမ မေ့ပျောက်ထားချင်ခဲ့သော အရာသာ မဟုတ်ပါလား။
YOU ARE READING
ဆောင်းခွာလေသည့် နှင်း
Short Storyဆောင်း ခွာလေတဲ့ နှင်း Jiu Lu Fei Xiang ရဲ့ ဝတ္ထုတိုတစ်ပုဒ်... အဲ့သလိုပြောရင် သိလိုက်တော့ _________ ဆောင်း ခွာလေတဲ့ နှင်း Jiu Lu Fei Xiang ရဲ့ ဝတ္ထုတိုတစ်ပုဒ်... အဲ့သလိုပြောရင် သိလိုက်တော့