နောက်တစ်နေ့ နံနက် ရွှယ့်ချောင်း ပြန်လာတော့ တဲအိမ်ကလေးမှာ လစ်ဟာနေသည်။ ကျန်နေရစ်သော အပျက်အစီးပုံများကသာ မနေ့က အဖြစ်အပျက်များအတွက် သက်သေတည်နေခဲ့သည်။ ဆုမော့ ဘယ်ရောက်သွားသည်လဲ။ သူ သေသွားမှ အေးမည်။ ရွှယ့်ချောင်း မျက်နှာမှာတော့ ခံစားချက်တို့ မပေါ်လွင်။ သူမ အိမ်ကို သန့်ရှင်းသည်။ ပရိဘောဂများ ပြန်စီ နေရာချထားလိုက်သည်။ ဆေးပုလင်းများ၊ ဆေးမြစ်များကို အစီအရီ အကန့်ခွဲကာ ပြန်သိမ်းလိုက်သည်။
သူမ တကုတ်ကုတ်နှင့် လုပ်နေခဲ့တာတောင်မှ မူလအနေအထားပြန်ရောက်အောင် ညနေစောင်းသည်အထိ အချိန်ယူခဲ့လိုက်ရလေသည်။
ညရောက်တော့ ရွှယ့်ချောင်း ရေကို ကျကျနန ချိုးချင်လာသည်။ သူမ ရေခပ်ကာ ပြင်ဆင်လိုက်သည်။ ပြီးနောက် အဝတ်အစားများ ချွတ်နေရင်း... ရုတ်တရက် သစ်သားဆံထိုးလေးတစ်ခု ကြမ်းပြင်ပေါ် ကျလာခဲ့လေသည်။ သူမ ဆံထိုးလေးကို ကောက်ယူလိုက်သည်။ ရိုးရိုးရှင်းရှင်း ဆံထိုးလေး တစ်ချောင်း၊ သို့ပေလျက် အဖျားမှာ လက်ရေးလှလှ စာလေးလုံးကို အနုစိတ်ကျကျ ထွင်းထားလေသည်။
ဆုမော့ရွှယ့်ချောင်း။
ဤမျှ သေးငယ်သော စာလုံးလေးများကို ဤမျှ အသေးစိတ်အောင် ထွင်းနိုင်ဖို့ ထွင်းသူမှာ အဘယ်ရွေ့အဘယ်မျှ အင်အားစိုက်ထုတ် ရင်းနှီးခဲ့ရပါလိမ့်မလဲ။
ရွှယ့်ချောင်း ငူငိုင်နေမိသည်။ သူမ စိတ်ဝယ် အထူးတလည် အတွေးရယ် မရှိ။ ရုတ်တရက် အရာရာ အဓိပ္ပါယ် စပ်ဟပ်လို့ ရလာသလိုလို။ သူမ ရုတ်တရက် နားလည်သွားခဲ့သည်။ ဆုမော့... သူ ဘယ်သောအခါမှ ပြန်လာမည် မဟုတ်။
ဒုတိယနေ့ရောက်တော့ ခါတိုင်းလိုပင် ရွှယ့်ချောင်း ဆေးမြစ် သစ်မြစ်များ လိုက်တူးသည်။ ခူးသည်။ ထင်းခွေသည်။ ညစာ ပြင်သည်။ နောက်တော့ အကျင့်ပါနေခဲ့သည့်အတိုင်း ထမင်း နှစ်ပွဲ ပြင်လိုက်မိသည်။ သူမ တူနှစ်စုံ ယူလာကာ ထိုင်လိုက်သည်။ တစ်စုံကတော့ သူမ အဖို့။ နောက်တစ်စုံကို ကမ်းလိုက်သော်လည်း၊ ထိုတစ်စုံကို... လှမ်းယူမည့်သူ မရှိချေ။
YOU ARE READING
ဆောင်းခွာလေသည့် နှင်း
Short Storyဆောင်း ခွာလေတဲ့ နှင်း Jiu Lu Fei Xiang ရဲ့ ဝတ္ထုတိုတစ်ပုဒ်... အဲ့သလိုပြောရင် သိလိုက်တော့ _________ ဆောင်း ခွာလေတဲ့ နှင်း Jiu Lu Fei Xiang ရဲ့ ဝတ္ထုတိုတစ်ပုဒ်... အဲ့သလိုပြောရင် သိလိုက်တော့