ရာသီတွေ တစ်ပတ်လည်ခဲ့ပြန်ပြီ ဖြစ်သည်။
မိုင်မိုင်းပင်လျှင် ပထမနှစ်အောင်လို့ မကြာခင် ဒုတိယနှစ် တက်ရတော့မည်။
"မိုင်မိုင်း"
"ဗျာ!"
ဥယျာဉ်ဘက်မှ ထူးသံ ထွက်လာသဖြင့် မြတ်သောမာန် အိမ်နောက်ဖေးတံခါးကနေ ခြံထဲသို့ ဆင်းသွားလိုက်၏။
"နားတော့လေ မိုင်မိုင်း"
"ဟုတ်ကဲ့"
စိုက်ခင်းထဲတွင် ပေါင်းတွေရှင်းနေခဲ့သော မိုင်မိုင်းက သူ့စကားကိုနားထောင်ပြီး အလုပ် နားလိုက်သည်။
"ရေသွားချိုးလိုက်ဦး...ကိုယ် ညစာပြင်ထားပေးမယ်"
"ကျေးဇူးပါဗျ"
သူ့ရဲ့အုပ်ထိန်းမှုအောက်တွင် မကြာခင် ၁၈နှစ်ပြည့်တော့မည် ဖြစ်သော မိုင်မိုင်းက ဒီတစ်နှစ်အတွင်းမှာ အရပ် ပိုရှည်လာတာကို မြတ်သောမာန် သတိထားမိသည်။
ဒီအိမ်ကို စရောက်စဥ်က သူ့ပခုံးသာသာပဲရှိသော ကောင်လေးက အခုတော့ သူ့ပခုံးကိုကျော်နေပြီ မဟုတ်လား။
မကြာသေးခင်ကမှ ညှပ်ထားသည့် ဆံပင်ကေကလည်း မိုင်မိုင်းကို တည်ကြည်၊ခံ့ညားသည့်အသွင် ပေါ်စေပေမယ့် မိုင်မိုင်းရဲ့အေးချမ်းသည့် အပြုံး၊ ချိုသာသည့် အပြောအဆိုတွေနှင့်ယဥ်ကျေးသည့် အပြုအမူတွေကတော့ အရင်လိုပဲ မပြောင်းလဲပေ။
"ကိုယ် မနက်ဖြန် ဥရောပဘက် ခရီးထွက်ရမယ်...Switzerland က မိတ်ဆွေတစ်ယောက်ရဲ့ Wedding တက်ဖို့လေ"
ညစာ စားရင်း သူပြောတာကို အာရုံစိုက် နားထောင်နေသည့် မိုင်မိုင်းက သူ ခရီးထွက်ရမည်ဟုဆိုတိုင်း မျက်နှာလေး ညိုးသွားတတ်တာ သိသိသာသာပင်။
"ဘယ်လောက်ကြာမှာလဲဗျ"
"ငါးရက်တစ်ပတ်ပေါ့"
"အကြာကြီးပဲ"ဟု ခပ်တိုးတိုးလေး ရေရွတ်သည့် မိုင်မိုင်းက ထမင်းတောင် ဟုတ်တပက်တိ မစားတော့ပါချေ။
"မင်းလည်း လိုက်ခဲ့...တစ်ခါတည်း အလည်ခရီး ထွက်ကြတာပေါ့"
"တကယ်လားဗျ"
![](https://img.wattpad.com/cover/219841639-288-k300933.jpg)