မိုင်မိုင်း ဒုတိယနှစ် တက်တော့ ကိုယ်တိုင် ကားမောင်းပြီး ကျောင်းသွားရပြီ ဖြစ်သည်။
စစချင်းတစ်ပတ်မှာတော့ ဦးမြတ်သောရဲ့ကားက သူ့ကားနောက်ကနေ ကျောင်းရှေ့အထိ ပါလာတတ်ကာ သူ အဆင်ပြေရဲ့လား လိုက်ကြည့်ပေးတာမို့ နောက်ရက်တွေကျ မိုင်မိုင်းတစ်ယောက်တည်း ယုံကြည်ချက်ရှိရှိ ကားမောင်းနိုင်ခဲ့ပါ၏။
တစ်ညနေကျတော့ သူ ညစာ ပြင်နေချိန်တွင် အဖေ့ဆီက ဖုန်းဝင်လာသည်။
"သားကြီးရေ...နိုင်နိုင်း ဆိုင်ကယ်လှဲလို့"
"ဗျာ...ဘယ်လိုဖြစ်တာလဲ"
"ကားတစ်စီးနဲ့ပွတ်မိတာ"
"စိုးရိမ်ရလား အဖေ"
"ဆရာဝန်ကတော့ ညာလက်ကို ကျောက်ပတ်တီးကိုင်ရမယ်ပြောတယ်...တခြား ပွန်းပဲ့ဒဏ်ရာလေးတွေကတော့ နည်းနည်းပါ"
"ကျွန်တော် လာခဲ့မယ်"
"မိုးချုပ်နေပြီ သားကြီးရဲ့...မနက်လင်းလင်းကျင်းကျင်းမှ လာခဲ့...ဟုတ်ပြီလား"
အဖေ ဖုန်းချသွားသည့်နောက် မိုင်မိုင်း စိတ်တွေ လေးလံစွာဖြင့် ခါးမှ Apron ကို ချွတ်လိုက်သည်။
ချက်လက်စ ဟင်းအမယ်တစ်မျိုးကိုပင် ဆက်မချက်နိုင်တော့ဘဲ သူ Kitchen ထဲကနေ ထွက်လာတော့ အိမ်ပေါ်ထပ်ကနေ ဝတ်စုံပြည့်နှင့် ဆင်းလာသည့် ဦးမြတ်သော က သူ့ရဲ့ မျက်နှာရိပ်မျက်နှာကဲကို ကြည့်ကာ
"ကိစ္စတစ်ခုခု ရှိလို့လား" ဟု မေးလာသည်။
"နိုင်နိုင်း ဆိုင်ကယ် Accident ဖြစ်လို့ ဆေးရုံတင်လိုက်ရတယ်...ထိခိုက်ဒဏ်ရာ အများကြီး မရပေမယ့် ညာလက်ကျိုးသွားတယ်တဲ့"
"အိမ်က အရေးတကြီးလာဖို့ ပြောလား"
"ဟင့်အင်း"
"အချိန်ကလည်း လင့်နေပြီကိုး"
ဦးမြတ်သော ပြောသလိုပဲ ညက အတော် မှောင်နေပြီဖြစ်သည်။
"ကျွန်တော် စိတ်ပူတယ်"
"အင်း...ဒါပေမယ့် ကိုယ်လည်း မင်းကို တစ်ယောက်တည်း လွှတ်လိုက်ဖို့ စိတ်မချဘူးလေ...ကိုယ်က အခု အရေးကြီးကိစ္စရှိနေလို့ မနက်ကျရင် လိုက်ပို့မယ်...သိလား"
![](https://img.wattpad.com/cover/219841639-288-k300933.jpg)