9

247 10 0
                                    

"နိုးပြီလား တိမ်ရောင်...၊ လာ၊ လာထိုင်"

မနက်စာပြင်နေသည့် အရီသည် မျက်နှာသစ်ထားသည့်တိုင်အောင် အိပ်မှုန်စုံဖွား ဖြစ်နေသေးသည့် တိမ်ရောင့်အား လှမ်းခေါ်သည်။ ထမင်းစားပွဲတွင် အရီနှင့် မောင်ညိုခေါ် ကောင်လေးသာရှိသည်။ စားပွဲမှာဝင်ထိုင်လိုက်တော့ အရီက ပြုံးရင်း

"ရော့ တိမ်ရောင့်အတွက်၊ ပေါင်မုန့်ကြက်ဥကြော်နဲ့ နွားနို့။ သီးသန့်နော်၊ ဆရာက အထူးတလည်ကိုမှာထားတာ"

အရီထိုးပေးသည့် နွားနို့နှင့် ပေါင်မုန့်ကြက်ဥကြောာ် ပန်းကန်ကို ဆွဲယူလိုက်ရင်း ပတ်ဝန်းကျင်ကို လိုက်ကြည့်မိသည်။

"ဦးငယ်ရောဟင်"

" မသိပါဘူးအေ။ ခုနကတော့ ဆင်းလာသေးတယ်။ အကိုမင်းနဲ့ ပြန်ထွက်သွားတာပဲ။ "

အရီသည် ကော်ဖီကရားကို စားပွဲအလယ်မှာ ထားလိုက်ပြီး ပေါင်မုန့်ပန်းကန်များအားနေရာအလိုက် ချပေးနေ၏။ ထိုပုံအရတော့ ဦးငယ်လည်း မနက်စာ မစားရသေးပုံပါပဲ။

" ဒီကလေးနှယ် နိုးတာနဲ့ သူ့ဦးငယ်ကို ရှာတော့တာပဲ "

ထမင်းစားခန်းနှင့်တွဲလျက်ရှိသော နောက်ဖေး မီးဖိုအဆောင်ငယ်မှ ထွက်လာသော အိမ်ထိန်း အဒေါ်ကြီးသည် စောစောစီးစီး ဆေးလိပ်တိုခဲနေရင်း ပြောသည်။ ဂုတ်ပိုးကို လက်ဖြင့် ပွတ်လိုက်ရင်း နွားနို့ တစ်ငုံမော့သောက်လိုက်သည်။

" ဟုတ်ကဲ့ အမေ။ ဟုတ်။ ကောင်းပါပြီ။ "

ကြားလိုက်ရသော ဦးငယ်အသံကြောင့် အိမ်ရှေ့ဆီမျှော်ကြည့်မိသည်။

" တိမ်ရောင်၊ တိမ်ရောင်...ဖြေးဖြေး "

မောင်ညို၏ စကားကြောင့် ပေါင်မုန့်ကိုသာ ခက်ရင်းနဲ့ထိုးဆွနေမိသည်။

"တိမ်ရောင် ကြီးခတို့နဲ့ပြောဦးမလား "

ဦးငယ်အသံကြောင့် မျက်လုံးတွေအရောင် တောက်သွားကာ

"ဟုတ်"

အော်ပြောရင်း ခပ်သုတ်သုတ် ပြေးထွက်မိသည်။
ဖုန်းခွက်ကို ကိုင်ရင်း ရပ်နေသော ဦးငယ်သည် တိမ်ရောင့်ကိုမြင်တာနဲ့ မျက်ဝန်းညိုတွေ အရောင်ထတောက်သည်။
လက်ထဲမှ ဖုန်းဒိုင်ခွက်အား လွှဲယူလိုက်ကာ နား နားကပ်လိုက်တော့ မေမေကြီးအသံအားကြားရသည်။

CLOUD {ရင်ထဲကတိမ်}Where stories live. Discover now