မြတ်သောမာန် သူ့နံဘေးရှိ မိုင်မိုင်းကို တစိမ့်စိမ့်ကြည့်နေမိသည်။ မိုင်မိုင်းက သူ့အိပ်ရာပေါ်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေကာ မြတ်သောမာန်လည်း လူကြီးလူကောင်းပီပီ စောင့်ထိန်းအပ်တာကို စောင့်ထိန်းပြီး မနေ့ညက ခြားထားသည့်စည်းကို နည်းနည်းလေးမျှ မကျော်ခဲ့ပါ။
မိုင်မိုင်းက နေရာ သိပ်မရွှေ့တတ်ဘဲ အိပ်တာ ငြိမ်လွန်း၏။ ခုတော့ သူ့ဘက်ကို ကိုယ်စောင်းလှည့်လျက် အိပ်ပျော်နေတာမို့ အေးအေးချမ်းချမ်းရှိလှသော မျက်နှာကလေးဆီမှာ သူ့အကြည့်တွေ ညံ့သက်ရသည်။
စိမ်းစစ မျက်ခုံးတန်းတွေက စလို့ ပြုံးယောင်သမ်းသည့် နှုတ်ခမ်းထောင့်စွန်းလေးတွေအထိ။ မိုင်မိုင်းရဲ့မျက်နှာပေါ်ရှိ အစိတ်အပိုင်း တစ်ခုချင်းစီတိုင်းက သိပ်လှသည်။ တစ်ချက် နှစ်ချက် မှိတ်ဖျတ်ခတ်လာသော မျက်တောင်ရှည်တွေရဲ့အောက်က ကြည်စင်သော မျက်ဝန်းဝိုင်းဝိုင်းတွေဟာ သူ ဒီကောင်လေးကို မြတ်နိုးခြင်းရဲ့အကြောင်းအရင်းခံပဲ ဖြစ်လေသည်။
"ဦးမြတ်သော နိုးနေတာ ကြာပြီလားဗျ"
"အင်း"
မိုင်မိုင်းက လှဲနေရာမှ ဖြည်းဖြည်းချင်း ထထိုင်ကာ သူ့အနားတိုးလာတော့ မြတ်သောမာန်လည်း သူတို့နှစ်ယောက်ရဲ့အလယ်မှာ ခြားထားသည့် ဖက်လုံးကို ဖယ်ပေးလိုက်သည်။
"လက်က နာနေသေးလားဟင်"
သူ ခေါင်းရမ်းပြတာကို မယုံသလိုလေး မိုင်မိုင်းက သူ့ ပါတ်တီးကို ဖိကြည့်လာတော့
"အ"
သူ မျက်ခုံးတွေ စုကျုံ့လိုက်သည့်အခါ မိုင်မိုင်းက အလန့်တကြား လက်ကို ပြန်ရုတ်သွားသည်။
"ဟက်"
"ဟာဗျာ"
သူနာသွားသည် အမှတ်ဖြင့် စိုးရိမ်နေရာမှ ကျီစားခံရမှန်းသိတော့ မိုင်မိုင်းကလည်း လခြမ်းကွေးသဖွယ် မျက်လုံးလေးတွေ မှေးမှိတ်သွားသည့်အောင် ပြုံးရယ်သည်။
ဪ...မိုင်မိုင်းရဲ့ရိုးစင်းသည့်အမူအယာလေးတွေကတောင်
ချစ်စရာကောင်းလိုက်ပုံများလေ။
![](https://img.wattpad.com/cover/219841639-288-k300933.jpg)