"ကျွန်တော် မနက်ဖြန် အိမ်ပြန်မယ်ဗျ"
မိုင်မိုင်းက ဒုတိယနှစ် စာမေးပွဲပြီးတော့
ခါတိုင်းလိုပဲ တောင်ပေါ်မြို့လေးကို ပြန်ဖို့ သူ့ကို ခွင့်တောင်းလာသည်။"ကိုယ် လိုက်မပို့တော့ဘူးနော်...ဖြစ်တယ်မလား"
နှစ်ကုန်ခါနီးဆို အလုပ်များသည့် သူအား နားလည်စွာဖြင့် မိုင်မိုင်းက ခေါင်းညိတ်ပြ၏။
"အဆင်ပြေပါတယ်ဗျ"
မနက်ဖြန် ခွဲရဦးမည်ဆိုတော့ မြတ်သောမာန် လုပ်လက်စအလုပ်ကိုတောင် ရပ်လိုက်ပြီး မိုင်မိုင်းရဲ့နံဘေးကို တိုးထိုင်လိုက်သည်။
"ဒီအိမ်မှာ မင်းမရှိရင် တိတ်ဆိတ်လွန်းတယ်"
သူ လွမ်းလွမ်းဆွေးဆွေး ပြောမိတော့ မိုင်မိုင်းက လူကြီးတစ်ယောက်လိုမျိုး တည်တည်ငြိမ်ငြိမ်ဖြင့် သူ့ရဲ့လက်တစ်ဖက်ကို ဆွဲယူဆုပ်ကိုင်လာ၏။
"ကျွန်တော် ဦးမြတ်သောကို အကြာကြီး မထားခဲ့ပါဘူးဗျ"
မိုင်မိုင်း မိသားစုအိမ်ကို ပြန်တိုင်း ဒီအိမ်မှာ ကျန်ရစ်ခဲ့ရသည့် သူက မိုင်မိုင်း မရှိဘဲ တစ်ယောက်တည်း ဘယ်နှရက်များ နေနိုင်ပါ့မလဲ။
"ပြီးတော့ ကျွန်တော် နေ့တိုင်း ဖုန်းဆက်မယ်လေ"
"မနက်တစ်ခါ ညတစ်ခါ"
"ဟုတ်ကဲ့ပါဗျာ"
တဖြည်းဖြည်းနှင့် သည်ကောင်လေးကို ချစ်မြတ်နိုးလာရခြင်းတွေကလည်း မြတ်သောမာန် ကိုယ်တိုင်ပင်လျှင် မခန့်မှန်းနိုင်လောက်အောင် အင်အားကြီးမားနေခဲ့ပြီ။
"မနက်ဖြန် နည်းနည်း နေမြင့်မှ ပြန်နော်...ကိုယ် အပြင်ကို ခဏသွားမလို့"
"ဟုတ်ကဲ့"
မနက်ကျတော့ မြတ်သောမာန် စောစော ထကာ တစ်ယောက်တည်း မြို့ထဲကို ထွက်ခဲ့သည်။ မိုင်မိုင်း အိမ်ပြန်တိုင်း သူ ထည့်ပေးနေကျ လက်ဆောင် ပစ္စည်းတွေကို ဝယ်ပြီးနောက် သူ့သူငယ်ချင်းတွေထဲက တစ်ယောက်ဖြစ်သော လင်းထည်ဝါရဲ့ Company ကို ဝင်လိုက်၏။
ဘောလုံးလက်ရွေးစင်ဟောင်း ထည်ဝါက အားကစား အသုံးအဆောင်တွေ ထုတ်သော Company တစ်ခုကို ဦးစီးနေကာ Youth Football Club တစ်ခုကိုလည်း တည်ထောင်ထားသည်။