"သားကြီး...မိုင်မိုင်း"
အခန်းပြင်က မေမေ့ ရဲ့ ခေါ်သံကြားမှ မိုင်မိုင်း အိပ်ရာနိုးပါ၏။
အချိန်က မနက် ၈နာရီတောင် ရှိပြီမို့
သူ ဒီနေ့ ပုံမှန်ထက် အိပ်ရာထ နောက်ကျနေသည်။သူ အခန်းတံခါး သွားဖွင့်လိုက်တော့ သူ့အခန်းရှေ့တွင်ရပ်နေသည့် မေမေက သူ့ကို ပြုံးပြကာ
"မောင်မြတ်သော ရောက်နေတယ်"
ဟု ပြောလာသည်။
"ဟုတ်ကဲ့...ကျွန်တော် ဆင်းခဲ့မယ် မေမေ"
မေမေ အောက်ထပ်သို့ ပြန်ဆင်းသွားသည့်နောက်
ဦးမြတ်သောရဲ့အသံ ကြားရုံဖြင့် နှလုံးခုန်နှုန်းတွေ မြန်လာသည့်သူ ရင်ဘတ်ပေါ်လက်တင်ကာ အခန်းတံခါးဘောင်ကို ပခုံးတစ်ဖက် ကပ်မှီလိုက်မိသည်။
မနေ့ညက အဖြစ်ကို တွေးမိတော့ သူ့ရင်ထဲ အေးကနဲ လှိုက်ကနဲပင်။
အနမ်းဆိုတာက နှုတ်ခမ်းထက်မှာ ထင်ကျန်သည််မဟုတ်ဘဲ ရင်ထဲကို စွဲစေတာမို့ သူ လက်ဖျားလေးနဲ့ ကိုယ့်နှုတ်ခမ်းကိုယ် ထိတွေ့လိုက်တော့ကြည်ကြည်နူးနူး ပြုံးမိသွား၏။
မိုင်မိုင်း မျက်နှာသစ်ဖို့အတွက် ယူစရာရှိတာတွေ ယူပြီး အိမ်အောက်ထပ်သို့ ဆင်းသွားတော့ အိမ်ဧည့်ခန်းတွင် ဦးမြတ်သောနှင့်သူ့မိဘတွေ စကားပြောနေကြတာကို တွေ့ရသည်။
ဦးမြတ်သောက လှေကားထစ်တွေပေါ်က သူ့ကို တစ်ချက် လှမ်းကြည့်လာပေမယ့် သူ အိမ်နောက်ဖေးသို့ ခပ်သွက်သွက် ထွက်ခဲ့လိုက်၏။
အခုမှ ရည်းစားထားဖူးသည့် ဆယ်ကျော်သက်လေးပမာ သူ စိတ် လှုပ်ရှားနေမိတာပင်။
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
"ဦးမြတ်သောဗျ"
မြတ်သောမာန် ဧည့်ခန်းတွင် ထိုင်နေရင်း ခေါ်သံလာရာဆီ ကြည့်လိုက်တော့ မိုးပြာရောင် Sweatshirtနှင့် ဆင်စွယ်ရောင် Straint pantကို တွဲဖက် ဝတ်ဆင်ထားသည့် ကောင်လေးက ကြည်လင် ရှင်းသန့်နေတာများ မြင်ရသူတိုင်းကို ရင်အေးစေမည့်အသွင်။
ငြိမ်းချမ်းမှုဆောင်သော မျက်နှာလေးက ဆောင်းဦးမနက်ခင်းရဲ့အလှတရားကို ပြီးပြည့်စုံသွားအောင် ပံ့ပိုးပေးနေကာ သွားညီတန်း ဖွေးဖွေးလေးတွေ ပေါ်သည့်အောင် ပြုံးရယ်ပြလာသည့် ကောင်လေးက မြတ်သောမာန်ရဲ့တစ်နေ့တာလုံးကို လှပစေမည့် နေရောင်ခြည် အလင်းလိုပင်။
![](https://img.wattpad.com/cover/219841639-288-k300933.jpg)