Zawgyi
ရိပေါ်သွားတာ နှစ်ပတ်ကျော်ကြာနေပြီ။
ရှောင်းကျန့်အခုချိန်ထိဘာအဆက်အသွယ်မှမရသေး။
ရိပေါ်ပြန်လာရင်သိရအောင်ဆိုပြီး ချိုးရင်ကို သူတို့အိမ်လေးဆီသို့မကြာခဏသွားကြည့်ခိုင်းပေမယ့် အိမ်လေးကယခုထိတိုင်လူသူကင်းမဲ့နေသည်တဲ့။
စိတ်ပူမှုနှုန်းက ဒီရေလိုတရိပ်ရိပ်မြင့်တက်လာသည်။
သို့ပေမယ့် သူလုပ်နိုင်တာဘာမှမရှိ။
ဘယ်သူ့ကို သွားအကူအညီတောင်းလို့ရမှာလဲ ဘယ်သူ့ကိုသွားအပြစ်တင်လို့ရမှာလဲ။
ရိပေါ် ဒီလိုတွေလုပ်နေရတာသူ့ကြောင့်ပဲကို။ဖော်ပြမရတဲ့စိတ်ပူမှုက မွန်းကြပ်စေသောဝေဒနာတစ်ရပ်ဖြစ်သည်။
ထိုဝေဒနာကို ချုပ်ချယ်မှုတွေကထပ်ပြီးဘောင်လာခတ်သည်။
ငရဲဟုအမည်တပ်ရန်ပုဒ်မအနည်းငယ်ကြီးနေပေမယ့် ချစ်ရသူကိုစိတ်ပူပြီးဘာမှမလုပ်ပေးနိုင်တာကလည်း ငရဲတစ်မျိုးပင်ဖြစ်သည်။ဒီရက်တွေအတွင်း ရှောင်းကျန့် မယ်မယ့်အဆောင်နဲ့ဥယျာဉ်တော်မှာသာ အချိန်ကုန်ဖြစ်သည်။
ဝမ်ရိပေါ်က ဒီရက်ပိုင်းသူ့ဆီကိုနေ့တိုင်းလာနေတော့ အပြင်သို့ခိုးထွက်ရန် ရှောင်းကျန့်လုံးဝအခွင့်မရနိုင်။မနက်ဖြန်ထိလဲရိပေါ် ပြန်မရောက်သေးဘူးဆိုရင်တော့ သူဒီအတိုင်းမနေနိုင်တော့။
ဘယ်လိုပဲကြံရ ကြံရ အပြင်ထွက်ပြီးတစ်ခုခုစုံစမ်းနိုင်ဖို့ကိုလုပ်ရမည်။ထိုအချိန်အနားသို့တစ်စုံတစ်ယောက်ရောက်လာသောကြောင့် ရှောင်းကျန့်လှည့်ကြည့်လိုက်သည်။
"အားရင်"
"သခင်လေး"
ရှောင်းကျန့် အလောတကြီးမတ်တပ်ထရပ်လိုက်သည်။
ချိုးရင်ကိုမြင်တိုင်း တစ်စုံတစ်ခုသိရရန်မျှော်လင့်ချက်ဖြင့် ရှောင်းကျန့်စိတ်တွေလှုပ်ရှားနေတတ်ပြီ။
ချိုးရင်က ပတ်ဝန်းကျင်ကိုဝေ့ကြည့်ကာ စကားပြောရန်အနားကိုတိုးကပ်လာသဖြင့် ရှောင်းကျန့်ပိုရင်ခုန်လာရသည်။"ဒီနေ့အိမ်တံခါးပွင့်နေပါတယ်
ဘေးအိမ်ကအဖွားကြီးပြောတာ ဆရာလေးခရီးကပြန်ရောက်နေပြီတဲ့""တ တကယ်လား"
ရှောင်းကျန့် ထခုန်မိမတတ်ပျော်သွားသည်။
အိမ်သို့ချက်ချင်းပြေးသွားချင်ပေမယ့် ဟိုဘုရင်၏အခြေအနေကိုကြည့်ရဦးမည်။
သတိလက်လွတ်ပြုမူလိုက်ပြီးမှ ရိပေါ်နဲ့ပိုဝေးသွားဖို့ဖြစ်သွားရင် သူရင်ကွဲရလိမ့်မည်။