ကိုလှသောင်သည် မြတင့်အိမ်၌ လုပ်စရာရှိသည်များ လုပ်ပေးပြီးသည့်နောက်တွင် သူ၏လက်စွဲတော် အော်စတင်ကားလေးကို မောင်းနှင်ကာ ပြန်သွားတော့သည်။
ဤခြံဝင်းကျယ်ကြီးထဲတွင် နောက်ဆုံးကျန်ရစ်ခဲ့သူမှာ မြတင့်တစ်ယောက်တည်းသာ။
မြတင့်နံဘေးမှာ ဘယ်သူမှမရှိတော့။ ပန်းနုရောင် ပုံရိပ်ကလေး၏ အနားတစ်ဝိုက်တွင် လိပ်ပြာကလေးတစ်ကောင်တောင် လာရောက်ပျံသန်းခြင်းမရှိ။
ခြောက်ကပ်နေခဲ့သည်။ မြတင့်သည် ချောက်ချားဖွယ်ကောင်းသည့် ဤတိတ်ဆိတ်မှုကြီးအား အလိုမရှိ။
ခဏအကြာတွင် တစ်ဖက်ခြံမှ လူသံသူသံများ ကြားလာရသည်။ သို့နှင့် မြတင့်သည် အိမ်ထဲသို့ ခပ်သုတ်သုတ်ကလေးပြေးဝင်လာခဲ့မိပါ၏။
မင်္ဂလာပွဲပြီးလာပြီ ထင်သည်။
မြတင့်သည် သူ၏ စိတ်ထဲတွင်တော့ လွန်းမောင်မှာ သူ့အား နောက်ဆုံးအကြိမ်အဖြစ် လာတွေ့ပါဦးမည်ဟု တိတ်တိတ်ကလေး မျှော်လင့်နေမိသည်။
သည်တစ်ခါလာတွေ့ရင်တော့ဖြင့် မောင့်အား နောက်ဆုံးအကြိမ်အဖြစ် တင်းတင်းကျပ်ကျပ်ပွေ့ဖက်ထားပစ်လိုက်အုန်းမည်။
သို့ပါသော်ငြား လွန်းမောင်သည် ရောက်မလာခဲ့ပါချေ။
တစ်ချိန်တစ်ခါက မြတင့်သည် အချစ်ထံမှ ထွက်ပြေးခဲ့ဖူးသည်။ အခုတစ်ခါတွင်တော့ ထွက်မပြေးလိုတော့။ ထွက်ပြေးရန် အင်အားလည်း မြတင့်ထံ မကျန်တော့။
သို့သော် အချစ်က မြတင့်ထံမှ ထွက်ပြေးသွားခဲ့သည်။ ထို့နေ့ ညနေ၌ပင် လွန်းမောင်နှင့် အဆန်းတို့သည် ရန်ကုန်ဆင်းသွားခဲ့ကြပါ၏။
အဆန်းမှာ ရန်ကုန်၌ ကောလိပ်တက်နေတုန်းမို့ လွန်းမောင်သည်လည်း ရန်ကုန်သို့ လိုက်ပါသွားကာ ရန်ကုန်၌ပင် အလုပ်လုပ်မည်ဟု ကြားမိသည်။
မြတင့်သည် ကလေးဆန်စွာ တွေးနေမိပါ၏။
သူသည် လွန်းမောင်အား ဖယ်ခွာပစ်လိုက်သောသူပင် ဖြစ်လင့်ကစား အမှန်တကယ် လွန်းမောင် သူ့ထံမှ ထွက်သွားသောအချိန်တွင် အတွင်းစိတ်ထဲ၌ သေးသေးကလေး စိတ်ဆိုးမိသည်။
YOU ARE READING
မြတင့်
Historical FictionUnicode ၁၉၄၀ခုနှစ်လောက်က ဇာတ်လမ်းတစ်ပုဒ်။ မိန်းမအဝတ်အစား၊ မျက်နှာချေမှုန့်၊ နှုတ်ခမ်းနီရဲရဲတို့ကို နှစ်ခြိုက်ခဲ့သော ယောကျ်ားပျိုတစ်ယောက်၏ အမည်ကား မြတင့်။ မြတင့်က ကြမ်းတမ်းပြတ်သားသော်ငြား အချစ်နှင့်ပတ်သက်လျှင် နူးညံ့ကာ ဝေခွဲမရဖြစ်နေတတ်သည်။ မြတင့်သည်...