မန္တလေးဆောင်းဟူသည် အသည်းခိုက်အောင် ချမ်းအေးလွန်းလှသည်။ မြတင့်၏ နှင်းဆီနီနီများပေါ်တွင် မြူမှုန်ကလေးများ နေရာယူထားလျက်ရှိကြသည်။
မြတင့်သည် သက္ကလက်ခြုံထည်ကြီးကို လွှမ်းခြုံပြီး စီးကရက်တစ်လိပ်ခဲကာ အနှီနှင်းဆီပန်းများထံသို့ သွားလိုက်ပါ၏။ မြတင့်သည် နီရဲကာ တင့်တယ်နေသော နှင်းဆီနီနီတစ်ပွင့်ကို မြင်လိုက်ရသည့်အခိုက် သတိမမူမိဘဲ လှမ်းကိုင်လိုက်ရာ ဆူးစူးမိပါ၏။
နီရဲရဲသွေးတစ်ပေါက်သည် လက်ချောင်းထိပ်ကလေးမှတစ်ဆင့် ထွက်အံကျလာ၏။ မြတင့်သည် ထိုသွေးစက်အား မမှုန်မသုန် စိုက်ကြည့်နေမိသည်။
"မြ...ဆူးစူးသွားတာလား"
မြတ်သိန်း၏ အသံကြောင့် မြတင့်သည် လက်ကို ရုတ်လိုက်ပြီးနောက် မြတ်သိန်းအား ခပ်တွေတွေကြည့်၏။
ထို့နောက် မထီမဲ့မြင်ပြုကာ ထိုနှင်းဆီပန်းအား ထပ်ကိုင်ပြန်၏။ ဆူးမစူးတော့ပါချေ။ မြတင့် အထာနပ်သွားခဲ့ပြီ။ ဆူးမစူးအောင် ကိုင်တတ်သွားခဲ့ပြီ။ သို့ရာတွင် မရူးအောင်တော့ မချစ်တတ်သေး။ မြတင့်အတွက်မူ ချစ်လျှင် ရူး၏။ ရူးရပါ၏။
"မြ စဥ်းစားကြည့်တယ် အကယ်၍များ သွေးတွေက လက်ချောင်းထိပ်ကမဟုတ်ဘဲ မြ ပါးစပ်ထဲကသာ ထွက်လာရင် နီရဲရဲမဟုတ်ဘဲ မဲညစ်ညစ်ကြီးဖြစ်နေမှာပဲနော်"
မြတ်သိန်းမှာမူ အသိဉာဏ်တိမ်ပါးကာ တုံးအသောသူ ဖြစ်သောကြောင့် မြတင့် မည်သည်ကို ဆိုလိုသည်ဖြစ်ကြောင်း မသိနိုင်တော့ပါချေ။ သို့ဖြစ်၍ ငြိမ်၍သာ ဆက်နားထောင်နေမိသည်။
မြတင့်သည် စီးကရက်ကို ထပ်ရှိုက်ဖွာပြန်သည်။ မြတင့်သည် ယခုနောက်ပိုင်း စီးကရက်တစ်လိပ်ကို ၃ဖွာ ၄ဖွာလောက်ဖြင့် ကုန်အောင် သောက်ပစ်နိုင်လာသည်။
"မြလေ မုန်းပစ်ချင်တယ် မောင့်ကိုလည်း မဟုတ်ဘူး လောကကြီးကိုလည်း မဟုတ်ဘူး၊ မြကိုယ်မြ မုန်းပစ်ချင်တယ်"
ထို့နောက် မြတင့်သည် ကုန်သွားသော စီးကရက်ကို မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။
YOU ARE READING
မြတင့်
Historical FictionUnicode ၁၉၄၀ခုနှစ်လောက်က ဇာတ်လမ်းတစ်ပုဒ်။ မိန်းမအဝတ်အစား၊ မျက်နှာချေမှုန့်၊ နှုတ်ခမ်းနီရဲရဲတို့ကို နှစ်ခြိုက်ခဲ့သော ယောကျ်ားပျိုတစ်ယောက်၏ အမည်ကား မြတင့်။ မြတင့်က ကြမ်းတမ်းပြတ်သားသော်ငြား အချစ်နှင့်ပတ်သက်လျှင် နူးညံ့ကာ ဝေခွဲမရဖြစ်နေတတ်သည်။ မြတင့်သည်...