Crocodile Tears (Part-8)

809 93 14
                                    

Crocodile Tears (Part-8)

"ဇဝန” တစ်ယောက် ဆိုဖာခုံနောက်ကျောကို ခေါင်းမှီ၍ အိပ်ပျော်နေသည့် ကောင်လေးကို အချိန်မည်မျှကြာအောင် ငေးကြည့်နေမိမှန်း သူ့ကိုယ်သူသတိထားမိဟန်မတူ။ ကောင်လေး၏ အိပ်မောကျနေသည့် မျက်နှာလေးအား ခပ်ပြုံးပြုံးကြီးစိုက်ကြည့်နေပြီး သူ့အခန်းတွင်းမှ သားမွှေးစောင်ကြီးကို ယူကာ ကောင်လေးကို ပတ်ခြုံပေးထားသေးသည်။

သားမွှေးစောင်များကြား ပွယောင်းယောင်းအညိုရောင် ဆံပင်များနှင့် ပါးဖောင်းဖောင်းကောင်လေးမှာမူ အပူအပင်ကင်းကင်း အိပ်မောကျလျက်။

မီးလင်းဖိုမှ အရှိန်ပြင်းပြင်း မီးတောက်များကလဲ တောက်လောင်နေတုန်းပင်။ ထင်းမီးစာထည့်ပေးရင်း အဖော်ပြုပေးမည်ဆိုသည့် ကောင်လေးကအိပ်မောကျနေခဲ့ပြီး တကယ်တမ်း ထင်းမီးဖြည့်ပေးရသူက သူဖြစ်နေခဲ့ပြန်၏။

ကောင်လေး၏ ဦးခေါင်းက ဆိုဖာနောက်မှီပေါ် ခပ်စောင်းစောင်း မှီထားသည်ဖြစ်၍ ကောင်လေးလည်ပင်းက အနည်းငယ် ​စောင်းနေသယောင် ဖြစ်နေခဲ့ကာ ဖိမိထားသလို ​စောင်းနေသည့်ဘက်မှ နှုတ်ခမ်းစွန်းတွင် အရည်ကြည်တချို့ တွဲခိုနေလေသည်။

"အဟင်း.......”

သူအသံထွက်သည်အထိ သဘောတကျ ရယ်မိလေသည်။ တော်တန်ရုံဆို သွားရည်ကျသည်အထိ အိပ်ပျော်နေသည်က အခြားသူတစ်ဦးသာဆိုလျှင် ကြည့်ရအတော်ဆိုးသည်ဟု နှာခေါင်းရှုံ့မိမည် ဖြစ်သော်လည်း ယခုမူ ကောင်လေးဖြစ်နေခြင်းကပင် အရာရာကွာခြားသွားခြင်း ဖြစ်ပေလိမ့်မည်။

"တကယ့် အရိုင်းတုန်းလေး....”

ကောင်လေး၏ နှုတ်ခမ်းစွန်းမှ တွဲခိုကျနေသည့် သွားရည်ကို သူ့လက်ညှိုးကွေးလေးဖြင့် တို့သုတ်ပေးလိုက်ပြီးခပ်တိုးတိုး​လေး ဆိုလိုက်မိသည်။

"မင်း ငါ့ရဲ့လူဖြစ်ပေးပါလား..ကောင်လေး....”

ကောင်လေးကတော့ သူ၏ဖွင့်ဟ ဝန်ခံမှုများကို ကြားနိုင်ခြင်းမရှိသည့် အပြင် လိပ်ပြာလုံစွာ အိပ်စက်နေတုန်းပင်။

ထိုအချိန်တွင် အလိုက်မသိပါ​သော နံရံပေါ်မှ နာရီကြီးဆီမှ အချက်ပေးသံ သုံးချက် ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာသောကြောင့် ကောင်လေးက..တစ်ချက်ညည်းညူလိုက်ကာ ကိုယ်ကိုလှုပ်လိုက်လေသည်။ ထိုသို့ လှုပ်လိုက်ခြင်းကြောင့် ဆိုဖာကျောမှီတွင် ​ခေါင်းတင်ထားရာမှ တဖြည်းဖြည်းလျောကာ ဆိုဖာခုံပေါ် ကျသွားတော့၏။

Crocodile Tears (Complete)Where stories live. Discover now