Part 02

2.9K 189 2
                                    

(unicode)
စံအိမ်ကြီး နေမကောင်းပါ။ ဘုရင်ကြီးသည် မင်းသားလေးအား အမျက်တော်ရှလို့နှင့်ပြီ။

"ကိုယ် ဘယ်လို အပြစ်ပေးရမလဲ သွေး" တဲ့။

​အရှေ့က စကားလုံးတွေသည် အေးစက်သလောက် အဆုံးသတ်ရှိ သွေးဟု ခေါ်သံလေးက သူ့ရင်ကို နွေးစေ​၏။ မှင်တက်မိတာကြောင့် တစ်စက္ကန့်လေး ခေါင်းမော့ကြည့်မိ၍ ချက်ချင်း ပြန်ငုံ့လိုက်ရသည်။ လက်သီးတွေကိုလည်း ကျစ်ကျစ်ပါအောင် ဆုပ်လို့။ ခဝါချထားသော မျက်နှာငယ်သည် အချိန်အတိုင်းအတာတစ်ခုအထိ ပြန်မော့မလာ။ အသက်ရှူသွင်းဖို့ အသုံးပြုရသည့် ရင်ဝမ်းခြားကြွက်သားနှင့် ပြင်ပနံ့ရိုးကြားကြွက်သားတို့မှလွဲ၍ ကျန်သည့်ကြွက်သားများသည် တုတ်တုတ်မလှုပ်ဘဲ ငြိမ်ကုပ်ကုန်ကြသည်မှာ သက်ရှိကျောက်ရုပ်ကလေးနှယ်။

အမေးအား ဖြေစရာ စကားမရှိ၍ ဆိတ်ငြိမ်နေရသော သူ့ကို Min က စိတ်ရှည်လက်ရှည် ရှု​၏။ နယ်ချဲ့ဆန်သော အကြည့်တွေသည် နဖူးမို့မို့ပေါ် ဝဲကျနေသည့် သူ့ဆံသားတွေက အစချီလို့ နှုတ်ခမ်းထောင့်က အမျှင်နုနုကလေးတွေမှာ အဆုံးသတ်​သည်။ ရလဒ်အနေနှင့် သူ့မျက်တောင်တွေ တဖျပ်ဖျပ် ခတ်ကုန်ရပြီ။ သူ့ ပါးပြင်တွေ တလက်လက် ရဲကုန်ရပြီ။

Blood... နီသည်။ ရဲသည်။ အရိုင်းဆန်သည်။
သွေး... နီသည်။ ရဲသည်။ သိမ်မွေ့သည်။

ခေါင်းငုံ့လျက်ပင် သူသည် မြက်ခင်းပေါ်လဲနေသည့် ယံ့ကို တစ်ချက်ကြည့်​၏။ ယံသည် ဤနေရာတွင် တတိယလူဖြစ်သည်။ လူပိုတစ်ယောက်အရှေ့တွင် သူ့ရဲ့ သွေးအသွင်ကို မပြလိုပါ။ အများအမြင်တွင် သူသည် Blood မဟုတ်လား။ သွေးဆိုသည်မှာ Min တစ်ယောက်တည်းအတွက်ပဲလေ။

ထို့ကြောင့် သူသည် Min အား ခွင့်တောင်းသည့် အကြည့်မျိုးဖြင့် ရို့ရို့ကျိုးကျိုးကြည့်​၏။ အချိန်ဆယ်စက္ကန့်လောက်ပေးပါဆိုသည့် သဘော။ Min က အသာတကြည် ခေါင်းညိတ်လိုက်သည်နှင့် ခပ်လှမ်းလှမ်းတွင် ရပ်နေသော သူ့တပည့်နှစ်ဦးအား မျက်လုံးဖြင့် အမိန့်ပေး​သည်။

ယံ့ကို သယ်သွား။ ပြီးရင် မင်းတို့အကုန် ထွက်သွား။

ခုန​က Min ကိုခွင့်တောင်းနေသည့် မျက်လုံးတွေနှင့် တပည့်နှစ်ယောက်ကို အမိန့်ပေးလိုက်သော မျက်လုံးတွေသည် ပိုင်ရှင်တစ်ဦးတည်းကမှ ဟုတ်ရဲ့လားဟု အမေးထုတ်ရတဲ့အထိ မိုးနှင့်မြေလို ကွာခြားလွန်းသည်။

Blood of MINHikayelerin yaşadığı yer. Şimdi keşfedin