Part 12*

3K 162 3
                                    

(unicode)
ပေးအပ်သည့်တာဝန်ကို နှလုံးသားနှင့်ထမ်းဆောင်ပါကြောင်း သခင်သိစေ။

ဇောက်ထိုးမိုးမျှော်ပေမယ့် အလွတ်ရနေသည့် သခင့်မျက်နှာက မတွေ့ရသည့် သုံးလအတွင်း ပို၍ကြည့်ကောင်းလာသည်။ ကြမ်းတမ်းသလား နူးညံ့သလား ကိုယ်တိုင်မထိစမ်းဖူးသည့် နှာခမ်းမွေးရေးရေးတွေသည် ထုံးစံအတိုင်း ဟန်ပန်မပျက်။

ယံ သတိမပေးတာကြောင့်လားမသိ။ သခင့်ဆံပင်တွေက ခါတိုင်းထက်ပိုလို့ ရှည်လျားလာသည်။ နောက်နေ့ကျရင် ဆံပင်ညှပ်ဖို့ ပြောဦးမှပါ။ ဆံပင်ရှည်ရှည်တွေနှင့် သခင်က ခန့်ညားနေဆဲဖြစ်သော်လည်း ဆံပင်အတိုနှင့် သခင်က စောက်ရမ်းတည်ကြည်သည်။ သို့သော် ယခု ယံ့အရှေ့က ကြာပွတ်ကိုင်ဆောင်ထားသည့် သခင်ဟာတော့ ကြောက်ဖို့ကောင်း​၏။

သခင်ဟာ ယံ့အပေါ်မှာ စည်းကမ်းအလွန်တင်းကြပ်ထားတာမဟုတ်၊ ပေါ့ပျက်ပျက်နှင့် လွှတ်ပေးထားတာလည်းမဟုတ်။ ဆုပေးဒဏ်ပေးစနစ်ဖြင့် သူ့ဟာသူ အနေတော်လေး။ သို့ပေမယ့် တာဝန်မကျေပွန်ရင် သို့မဟုတ် တာဝန်မပြီးမြောက်ရင်တော့ သခင်ဟာ အားကြီးဒေါသထွက်တတ်​သည်။ ဒေါသနှင့်အတူ ယှဉ်တွဲပါလာသည်က လက်။ ယံ့သခင် အဆဲကြမ်းတာ တစ်လောကလုံး သိပေမယ့် အရိုက်ကြမ်းတာကိုတော့ ယံတစ်ဦးတည်းသာ သိသည်။

တခြားတပည့်တွေကို ကိုယ်တိုင်အပြစ်မပေးသည့် Rain က ယံ့ကိုမူ သူကိုယ်တိုင် ဆော်ပလော်တီး​၏။ ယံဟာ တပည့်ပေါင်းများစွာထဲမှာမှ အယုံကြည်ရဆုံးလက်စွဲလေးမို့ မစ်ရှင်ကျရှုံးလျှင် နှစ်ဆပိုပြီး စိတ်တိုရသည်။ တခြားသူတွေကို မယုံကြည်လို့ဘဲ ယံ့ကို အားကိုးခဲ့သည် မဟုတ်လား။ ယံကိုယ်တိုင်ကပါ ကျရှုံးတော့ Rain တစ်ယောက် ခေါင်းမီးတောက်ရသည်။

ပြောမယ့်သာ ပြောရသည်။ ယံ Rain ဆီ ခိုလှုံပြီးသည့်အချိန်မှစ၍ ယခုချိန်အထိ မစ်ရှစ်ကျရှုံးဖူးတာ တစ်ကြိမ်ပဲရှိသေးသည်။ လွန်ခဲ့သော ငါးနှစ်ကဖြစ်၍ တော်တော်တော့ကြာပြီ။ သို့ပေမယ့် ထိုအချိန်ကို ယံမေ့မရနိုင်သေး။

ယံ့အသက် ၁၃နှစ်တွင် သခင်က မစ်ရှစ်သေးသေးလေးတွေ စတင်ခိုင်းနေပြီ။ ကုန်ပစ္စည်းတစ်ခုကို တစ်နေရာမှ တစ်နေရာသို့ ရွှေ့ပြောင်းသယ်ပို့ပေးရသည့် delivery man ပေါ့။ အရေးမကြီးသည့် (ရဲဖမ်းမိလည်း ထောင်မကျနိုင်သည့်) ကုန်ပစ္စည်းအချို့နှင့် သခင်က စခိုင်းသည်။ နောက် အတွေ့အကြုံနည်းနည်းရလာတော့ မှောင်ခိုဆေးဝါးအချို့ကို ယံကိုင်တွယ်ရသည်။ သခင်က ယံ့အပေါ် ယုံကြည်စိတ်ချပြီဆိုမှ ဂိုဏ်း​၏အတွင်းရေးနှင့်ဆိုင်သည့် အရေးကြီးသတင်းအချက်အလက်များကို လွှဲပြောင်းပေးရသည့် messenger အဖြစ် အလုပ်ခိုင်းခဲ့​၏။

Blood of MINWhere stories live. Discover now