Part 03

2.6K 175 0
                                    

(unicode)
လူတွေနှင့် ရောရောနှောနှောမနေဘဲ အေးတိအေးစက် တုံ့ပြန်တတ်သော Min က တိရစ္ဆာန်ကလေးတွေကို သိပ်ပြီးနွေးထွေးသည်။ ဤကမ္ဘာတွင် Min ​၏ အကြည့်နွေးနွေးကို လက်ခံဖူးသည့်လူသားမှာ သွေးကလွဲ၍ အခြားမရှိ။ အယုတ်ဆွဆုံး သူ့ကိုယ်သူ မှန်ထဲပြန်ကြည့်ရင်တောင် ရေခဲရိုက်မျက်နှာပေးနှင့် ဘုကြည့်ကြည့်တတ်သော Min ရယ်ပါ။

ဘာလို့လူတွေကို ရှောင်တာလဲ မေးကြည့်တော့ Homo sapiens မို့လို့၊ Homo sapiens ဖြစ်နေလို့ကို အမြင်ကတ်သတဲ့။ သို့ပေမယ့် လူသားတွေကို မုန်းသည့် Min က သွေးကိုတော့ သိပ်ချစ်သည်။ သွေးကလည်း Homo sapiens ပဲလေလို့ အနားကွန့်တော့ Min က သူ့ခေါင်းကို ခပ်ဖွဖွပုတ်လို့ နှာထိပ်လေးကို ဆွဲညှစ်​၏။ သွေးက လူမဟုတ်တဲ့ ကျားပေါက်လေးတဲ့။

Min အပြောကို သွေး အားကြီးသဘောကျရသည်။ ကြောင်ပေါက် မဟုတ်လို့ တော်သေးတာပေါ့။ ဘာပဲဖြစ်ဖြစ် Min ​၏ အပြုံးတွေကို ပိုင်ဆိုင်ခွင့်ရသည့် တစ်ဦးတည်းသောလူသားမှာ သွေးဖြစ်နေလို့ ဘဝင်လေဟပ်ရသည်။ သွေးကလွဲလို့ တခြားဘယ်သူ့ကိုမှ ရယ်မပြ၍ သဝန်တိုစရာမလိုဘူးထင်လျှင်တော့ အမှားကြီး မှားကုန်လိမ့်မည်။

ဘယ်ကသာ ဂျေမဝင်ရမှာလဲ။ တိရစ္ဆာန်ပေါက်စတွေတွေ့တိုင်း ထိုလူကြီးက ကြင်နာယုယလွန်းလို့ သွေးတစ်ယောက် အူတိုရတာအမော။ ထိုအခါ Min က ခပ်ဆဆရပ်သည်။ "ဆံပင်တွေဖြူကုန်မယ် ကျားပေါက်လေး" တဲ့။ အကောင်တွေနှင့်ဖက်ပြီး သွေးသဝန်တိုတာကို ချစ်ဖို့ကောင်းသည်ဟု မြင်သလောက် လူတစ်ယောက်နှင့် သဝန်တိုမိရင်တော့ Min က စိတ်ဆိုးတတ်သည်။ သို့ပေမယ့် "ကိုယ့်ကို မယုံတာလား" ဟုတစ်ခွန်းမှ တစ်ခါမှ မမေး။ သွေးရဲ့ Min က သိပ်ပြီးစည်းရှိသည်။

တကယ်တော့ လူတစ်ဦးနှင့်သဝန်တိုရတာဟာ အကောင်တွေနဲ့ဖက်ပြီး သဝန်တိုရတာထက် အဆများစွာသာပါတယ်လေ။ လူဆိုလျှင် သွေး စိတ်ရှိသလို သတ်ပစ်လို့ရပေမယ့် တိရစ္ဆာန်တွေကိုတော့ သတ်ပစ်လို့မရပါ။ လူသေလျှင် အမှုမထားသော Min က တိရစ္ဆာန်အသေလေးတွေကိုမြင်လျှင် သိပ်ပြီးဝမ်းနည်းတတ်သည်။

သဘာဝအတိုင်းသေလျှင် ကိစ္စမရှိပေမယ့် ကားတက်ကြိတ်ခံရတဲ့ ခိုလေးတွေ၊ ထောင်ချောက်ထဲက ကြွက်ငယ်လေးတွေလို လူတွေကြောင့် သေရသည့်အခါ Min သည် ဝမ်းနည်းတာထက်ပိုလို့။ အနောက်မှာ ကပ်ပါလာသည်က ဒေါသ၊ သွေးကြောက်ရသော Min ​၏ ဒေါသပင်။ အရှေ့တွင် တိရစ္ဆာန်တစ်ကောင်အသတ်ခံရတိုင်း လူတွေအပေါ်ထားသည့် Min ​၏ အမုန်းက ပိုပိုတိုးလာကြောင်း သွေးရိပ်မိတာကြာပြီ။

Blood of MINWhere stories live. Discover now