chapter_3(Unicode)

19 7 4
                                    

လှပလွန်းသော ဂန္ဓမာပန်းခင်းကြီးရဲ့နားမှာ ခုံတန်းလေးတစ်ခုရှိလေသည်။ ခုံလေးက ပန်းခင်းကြီးရဲ့အရှေ့လူသွားလမ်းမှာ ချထားတဲ့အတွက် ဖြတ်သွားဖြတ်လာလူများက ဂန္ဓမာပန်းတွေနားမှာ ဝင်နားရင်း မောပန်းလာသမျှ ပြေပျောက်စေလိမ့်မည်။

ထိုခုံလေးသို့ ညနေစောင်းတိုင်း ကလေးမလေးတစ်ယောက် အမြဲလာထိုင်လေ့ရှိသည်။ သူမက ပန်းတွေကိုငေးမောရင်း တစ်စုံတစ်ခုကိုတွေးတောနေလိမ့်မည်။ နေဝင်ခါနီးအချိန်၌ ခုံတန်းလေးမှာထိုင်ရင်း ဂန္ဓမာပန်းခင်းကြီးကို ငေးမောနေတဲ့ကောင်မလေးတစ်ယောက်ရဲ့ပုံရိပ်က အထီးကျန်စရာကောင်းလှသည်။

စံအိမ်ကြီးတွင်နေထိုင်သော ဝဿန်မောင်တစ်ယောက် ထိုကောင်မလေးကိုတွေ့နေရတာ နှစ်လရှိပေပြီ။ နေ့တိုင်းလိုလို အချိန်မှန်လာတတ်သဖြင့် ဝဿန်မောင် သတိထားမိတာကြာပြီ။ ဒီနေ့တော့ ရှပ်အင်္ကျီသေးသေးလေးနဲ့ ဘောင်းဘီတိုလေးဝတ်ထားသော (၁၀) နှစ်အရွယ် ဝဿန်မောင်လေးက စံအိမ်ကြီးထဲက ပြေးထွက်လာခဲ့သည်။

ဝဿန်မောင် ဦးတည်နေတာက ထိုကောင်မလေးထိုင်နေတဲ့ ခုံလေးဆီကို။ သူမက ပန်းခင်းကြီးကိုကြည့်ပြီး အတွေးနက်နေလိုက်တာ နောက်မှာ ဝဿန်မောင်ရောက်နေတာကိုတောင် မသိပါချေ။ ဝဿန်မောင် သူမ၏ပုခုံးတစ်ဖက်ကို လက်နဲ့ပုတ်၍ခေါ်လိုက်သည်။
"ဟိတ်.."

ရုတ်တရက်မလို့ လန့်သွားသည်ထင်သည်။ ထိုကောင်မလေးက ဆတ်ခနဲတုန်သွားပြီး ခုံရဲ့အစွန်းတစ်ဖက်ကို ချက်ချင်းတိုးသွားသည်။ ဝဿန်မောင်ကို လှမ်းကြည့်နေတဲ့ မျက်လုံးလေးတွေက အံ့ဩခြင်းအပြည့်နဲ့။

"ဟေး..ငါ နင့်ကိုတွေ့တာကြာပြီ။ နင်ကအမြဲဒီမှာလာထိုင်တတ်တယ်"

ဝဿန်မောင် ထိုကောင်မလေးဘေးကို ဝင်ထိုင်ရင်း စကားစလိုက်သည်။ အနီးကပ်ကြည့်မိတော့မှ ထိုကောင်မလေးက ဝဿန်မောင်နဲ့ ရွယ်တူလောက်ပဲရှိအုန်းမည်။ ပါးဖောင်းဖောင်း မျက်လုံးဝိုင်းဝိုင်းလေးနဲ့ ချစ်စရာကောင်းလှသည်။ သူမက ဝဿန်မောင်ကို လန့်နေတဲ့ပုံပေါ်သည်။

"အာ..ငါ....ငါ..."

အထစ်အထစ်နဲ့ စကားပြောနေသော ကောင်မလေးအားကြည့်ရင်း ဝဿန်မောင် ရယ်ချင်မိသည်။
"ဘာလဲ...နင်က ငါကိုက်စားမှာကြောက်လို့လား"

အချစ်စိတ် (အခ်စ္စိတ္)[ရပ်နား]Where stories live. Discover now