မှောင်မိုက်သည့်ည သန်းခေါင်ယံဝယ်။ အလင်းပေးရမည့်လမင်းကြီးအား တိမ်မည်းတွေက ဖုံးအုပ်ထားသဖြင့် ညဟာ မှောင်မိုက်သထက်မှောင်မိုက်နေသည်။
နှစ်ခြိုက်စွာ အိပ်ပျော်နေသည့် ဝဿန်မောင်အနီးသို့ တစ်စုံတစ်ခုကချည်းကပ်လာသည်။ အမှောင်ထဲက ဝမ်းနည်းကြေကွဲနေသည့်အသံတစ်ခု တိုးညင်းစွာ ပျံ့လွင့်လာ၏။
"မောင်...မိုးကိုမေ့သွားပြီလား"
"မိုးကို ကတိပေးထားတယ်လေ...မောင်ရယ်"
"မိုးက တစ်ခုထဲကိုပဲ မျှော်လင့်မိတာပါ...ဒီအတွက်ပဲ မိုးစောင့်နေခဲ့တာ"
အေးစက်နေတဲ့လက်ချောင်းလေးတွေက ဝဿန်မောင့်ပါးပြင်ကို ထိရုံလေးထိသွားသည်။ အိပ်ပျော်နေတဲ့ဝဿန်မောင်က တစ်ခုခုကိုခံစားမိလိုက်သလို တစ်ချက်တွန့်သွားတာကိုကြည့်နေရင်း မျက်လုံးအိမ်ထဲမှ သွေးနီရောင်ရောတဲ့မျက်ရည်တစ်စက် ကျဆင်းလာသည်။ ဖြူဖျော့ပြီး အသက်မဲ့တဲ့နှုတ်ခမ်းပါးတွေကတော့ နူးညံ့စွာပြုံးနေခဲ့သည်။
.
.
.
ဝဿန်မောင် စံအိမ်ကြီးထဲမှာ တစ်ယောက်ထဲလမ်းလျှောက်နေသည်။ တိတ်ဆိတ်ခြောက်ကပ်နေတဲ့စံအိမ်ကြီးထဲမှာ ဝဿန်မောင့်ခြေသံတွေဟာ ပဲ့တင်ထပ်လျက်။ ဝဿန်လမ်းလျှောက်နေရင်း အဝေးမှငိုသံတစ်ခုပျံ့လွင့်လာသည်။ဝဿန်မောင် လမ်းလျှောက်တာရပ်ပြီးနားစွင့်မိသည်။ တိုးဖွဖွလေးဆိုပေမယ့် ငိုနေတဲ့အသံဆိုတာသေချာသည်။ ဒီစံအိမ်ကြီးထဲမှာ သူတစ်ယောက်ထဲရှိနေတယ်ဆိုတာ ဝဿန်မောင်သိနေသည်။ ဒါဆိုရင် ဒီ'မိန်းကလေးငိုသံ'က ဘယ်ကလာတာလဲ။
အသံလာရာကို ဝဿန်မောင် လိုက်ရှာနေတာ အောက်ထပ်တစ်ထပ်လုံး မတွေ့။ ရှာရမယ့်နေရာက အပေါ်ထပ်ပဲကျန်တော့သည်။ ဝဿန်မောင် ကြီးမားလှသော လှေကားကြီးကို မော့ကြည့်လိုက်သည်။ ခမ်းနားတဲ့ထိုလှေကားကြ်ီးက အထီးကျန်နေသယောင်။ ကြောက်ရွံ့စိတ်အနည်းငယ်ကို ချိုးနှိမ်ရင်း ဝဿန်မောင် အပေါ်ထပ်ကို တက်လာခဲ့သည်။
အပေါ်ထပ်ကိုရောက်တဲ့အချိန်မှာ ငိုသံက ပိုမိုပြတ်သားလာသည်။ ဝဿန်မောင် အိပ်ခန်းဘက်ကိုနီးလာလေလေ ငိုသံက ပိုမိုကျယ်လာ၏။ အိပ်ခန်းရှေ့မှာ ရပ်လိုက်တဲ့အချိန်မှာ ဒီငိုသံက အိပ်ခန်းထဲကလာတယ်ဆိုတာကို ဝဿန်မောင် သေချာသွားသည်။
YOU ARE READING
အချစ်စိတ် (အချစ်စိတ်)[ရပျနား]
Horrorတစ်ခါတစ်လေမှာ မျှော်လင့်ချက်တစ်ခုဟာ ကိုယ်ကိုယ်တိုင်သာမက တစ်ခြားသူတွေကိုပါ ချောက်ကမ်းပါးအစွန်းထိဆွဲခေါ်တတ်တယ် တစ်ခါတစ်လေမှာ မျှော်လင့်ချက်တစ်ခုဟာ ကိုယ်ကိုယ်တိုင်သာမက တစ်ခြားသူတွေကိုပါ ချောက်ကမ်းပါးအစွန်းထိဆွဲခေါ်တတ်တယ်