chapter_5(Unicode)

15 4 13
                                    

ပြတင်းပေါက်အား ဝဿန်မောင်တွန်းဖွင့်လိုက်တော့ နွေးထွေးတဲ့ နံနက်စောစောနေခြည်က မျက်နှာပေါ်ကိုဖြာကျလာသည်။ မျှော်လင့်ချက်အပြည့်နဲ့ ဂန္ဓမာပန်းခင်းကြီးဘက် လှည့်ကြည့်မိတော့ စောင့်မျှော်နေသူက ပြုံးလျှက် ဝဿန့်ကို ငေးကြည့်နေသည်။

ပြုံးပျော်လျှက် ဝဿန်မောင် စံအိမ်ကြီးပေါ်က ပြေးဆင်းလာခဲ့သည်။ အဝေးကပြေးလာတဲ့ ဝဿန့်ကို ပန်းခင်းထဲကလူက လက်နှစ်ဖက်ကိုဖွင့်လျှက် ရင်ခွင်ထဲကို ထွေးပွေ့သည်။

နွေးထွေးသည့်ရင်ခွင်ကျယ်ထဲမှာ နစ်မြုပ်နေရင်း တစ်ဖက်လူ၏ကိုယ်သင်းနံ့ကို ဝဿန်မောင် တစ်ဝကြီးရှူရှိုက်လိုက်သည်။

"လွမ်းနေတာ..သစ်ခက်"

ဟမ် သစ်ခက်က ဘယ်သွားလို့လဲ??

နားမလည်တဲ့မေးခွန်းတစ်ခုက ဝဿန်မောင့်စိတ်ထဲမှာဖြစ်ပေါ်လာပေမယ့် နှုတ်ခမ်းကအပြုံးမပျက်စွာ သစ်ခက်ကိုတင်းကျပ်စွာဖက်ထားပြီး ခေါင်းလေးနဲ့တိုးဝှေ့နေမိသည်။ အမှန်တကယ်ကို ရက်အနည်းငယ်ခွဲခွာနေခဲ့ရပြီး အရမ်းလွမ်းနေခဲ့တဲ့ပုံ။

ဝဿန့်ခေါင်းထက်က သစ်ခက်က ဆံပင်လေးတွေကိုမြတ်နိုးစွာနမ်းရှိုက်ရင်း ဩရှတဲ့အသံနဲ့
"ကိုယ်က အမြဲမင်းဆီကိုပြန်လာမှာပဲလေ..ဘယ်တော့မှခွဲမသွားပါဘူး"

သစ်ခက်ရဲ့အသံအဆုံးမှာ ဝဿန့်အမြင်အာရုံတွေဝေဝါးသွားပြီး မြင်ကွင်းအသစ်ဖြစ်ပေါ်လာသည်။ ပိုပြီးငယ်ရွယ်တဲ့အသွင်နဲ့ဝဿန်က ပန်းခင်းကြီးဘေးကခုံတန်းလေးမှာထိုင်နေသည်။ လက်ထဲမှာ ဂန္ဓာမာပန်းလေးတစ်ပွင့်ကိုကိုင်ထားသည်။ မဟုတ်..။ အတိအကျဆိုရလျှင် ပန်းခြောက်လေး။ ခြောက်သွေ့နေပေမယ့် မပျက်ဆီးသေးတဲ့ ဂန္ဓာပန်းခြောက်လေးတစ်ပွင့်။ အပေါ်ကပလတ်စတစ်လောင်းထားတာကြောင့် နေရောင်ထဲမှာ ရောင်ပြန်ဟပ်ပြီး တလက်လက်ဖြစ်နေသည်။ လက်ရာကတော့ သိပ်မသေသပ်လှ။

ဝဿန်မောင်က ထိုပန်းပွင့်လေးကို ဘေးနားမှာထိုင်နေတဲ့ ကောင်မလေးတစ်ယောက်ကို ကမ်းပေးလိုက်သည်။

"ဟင် ဘာလို့ပန်းခြောက်ကြီးလဲ?"

မေးခွန်းကအပြစ်တင်လိုဟန်လေးပါပေမယ့် မေးတဲ့အသံဟာ နည်းနည်းလေးမှ မကျေနပ်မှုမရှိ။ ဝဿန်မောင်က အပြုံးသေးသေးလေးပြုံးလိုက်သည်။

အချစ်စိတ် (အခ်စ္စိတ္)[ရပ်နား]Where stories live. Discover now