7

181 38 6
                                    

Unicode

နေ့တိုင်း နေ့တိုင်း ဒီလမ်းကနေလာခဲ့ပေမယ့် ရိုးအီသွားတယ်လို့ကိုမရှိသေး။ ဘယ်လောက်ပဲစားစား မရိုးနိုင်တဲ့ ကြက်ကြော်နဲ့ ကိုလာလို ဒီလမ်းကလည်း ဘယ်လောက်ပဲသွားသွား ငြီးငွေ့သွားတယ်လို့ကိုမရှိနိုင်။

နေ့တိုင်း သစ်ရွက်ကြွေတွေက လမ်းမပေါ်မှာ ဟိုတစ်ကွက်ဒီတစ်ကွက်ကျနေတတ်ပြီး တချို့ကလည်း လမ်းဘေးက မြောင်းထဲမှာပုံနေတတ်သည်။ နေမင်းကြီးကတော့ မိုးလင်းပြီဆိုတာနဲ့ တိမ်တွေကြားထဲကနေ ကိုယ်ထင်ပြချင်နေတဲ့သူမို့ အခုလို ၈ နာရီမနက်ခင်းက လင်းထိန်နေပြီ။

သိပ်မကြာခင်မှာပဲ သူမျှော်နေခဲ့တဲ့ ဘတ်စ်ကားက ဂိတ်ဆီရောက်လာပြီး ခရီးသည်တွေတစ်ယောက်ပြီးတစ်ယောက် ဆင်းလာကြသည်။ နောက်ဆုံးမှာတော့ မာရှီဟိုလည်း ကားပေါ်ကနေဆင်းတာကိုမြင်လိုက်ရသည်။

အဲ့နေ့တုန်းကလည်း ဒီလိုလေးပဲ..ဒီကောင်လေးက ဒီအတိုင်း ဘတ်စ်ကားပေါ်ကနေဆင်းလာခဲ့တာ။

လွန်ခဲ့သော ၃ နှစ် အလယ်တန်း ပထမနှစ် ဒုတိယနှစ်ဝက်…

‘ဂျွန်ခယူရေ အရင်ကအခန်းဟောင်းထဲမှာ ဒရမ်တီးတဲ့တုတ်ကျန်ခဲ့လို့ သွားယူပေးလို့ရမလား’

‘ဟုတ်ကဲ့ ဟျောင်း..ကျွန်တော်လည်း အဲ့ဘက်သွားစရာရှိတာအတော်ပဲ’

အဆိုအသင်းအတွက် အခန်းအသစ်ရတာနဲ့ အဖွဲ့သားတွေအကုန်လုံး နေရာပြောင်းရွှေ့ရေးလုပ်နေကြသည်။ အကြောင်းကတော့ အကသမားတွေအတွက် သူတို့သုံးနေတဲ့အခန်းက ပိုကျယ်တာမို့ အဆိုသမားတွေကနေရာလဲပေးလိုက်သည်။

အကသမားတွေနဲ့ အဆိုသမားတွေရဲ့ အခန်းက အလှမ်းတော့ဝေးသည်။ ကြားထဲမှာ အဆောင်တစ်ဆောင်ခြားနေတဲ့အတွက် လမ်းလျှောက်ရင်တော့ ၅ မိနစ်လောက်ကြာနိုင်သည်။

အဆောင်ပြောင်းလာတာ ၂ ပတ်လောက်ရှိပြီဖြစ်လို့ ဒရမ်တုတ်က ရှိရောရှိပါဦးမလားလို့စိတ်ပူနေရင်း အဆောင်ဟောင်းဆီလာခဲ့သည်။ အကဘက်မှာအသိလည်းမရှိတာမို့ တွေ့ရင်သိမ်းထားပေးပါဦးလို့တောင်မပြောနိုင်။ သူတို့တွေ့ရင်ရော လာပို့မယ့်သူတွေမှဟုတ်ရဲ့လားလို့လည်း သံသယဖြစ်မိသေးသည်။ လူတိုင်းက အကြောင်းမသိသေးတာမို့ ဖာသိဖာသာနေတတ်တဲ့သူတွေလား? အားကိုးလို့ရရဲ့လား ဆိုတာလည်းမသိ။ သက်ပြင်းတစ်ချက်အရင်ချပြီး စိတ်လျှော့ကာ အခန်းတံခါးဖွင့်လိုက်သည်။

‘အယ်’

‘ဟို’

အပြင်ကနေဘာသံမှမကြားတာနဲ့ လူမရှိဘူးထင်ပြီး တံခါးမခေါက်ဘဲဖွင့်ဝင်လိုက်ကာမှ ကောင်လေးတစ်ယောက်နဲ့ဝင်တိုးနေသည်။

အခန်းထဲကကောင်လေးက ‘အယ်’ ဆိုပြီး ကနေရင်းရပ်သွားသည်။ ‘အယ်’ ဆိုတာမျိုးက ဂျပန်လူမျိုးတွေလုပ်လေ့ရှိတဲ့ အာမေဋိတ်မို့လို့ ဂျွန်ခယူတစ်ယောက်ဘာပြောရမလဲမသိဖြစ်သွားသည်။

*ဂျပန်လေးလား? ကိုရီးယားလိုနားလည်မယ်ထင်တယ် ကျောင်းဝတ်စုံကဒီကပဲဆိုတော့*

‘ဟို..ကျန်ခဲ့တာလေးရှိလို့’ ဂျွန်ခယူက ကိုရီးယားလိုတစ်လုံးစီပြောလိုက်သည်။

‘အာ..ဟုတ်ကဲ့ လာရှာပါ’

‘ဟုတ်’

ကိုရီးယားလိုပဲပြန်ပြောလိုက်တဲ့အတွက် ဂျွန်ခယူ နည်းနည်းစိတ်ပေါ့သွားသည်။ အခန်းထဲဝင်သွားပြီး ဘယ်နားမှာကျန်ခဲ့မှန်းမသိတဲ့ တုတ်ချောင်းကိုရှာရဦးမည်။

ဂျွန်ခယူက ‘တွေ့မိသေးလား’ လို့ထိုကောင်လေးကိုမေးချင်ပေမယ့် သူကတော့ မှန်ကိုကြည့်ပြီး သီချင်းလည်းမဖွင့်ဘဲ ကနေသည်။

*ဘာပါလိမ့်...ဒါက ကေပေါ့သီချင်းလား? မဟုတ်ဘူးထင်တယ်….သူဘာကိုကနေတာလဲ*

တုတ်ရှာဖို့ခိုင်းလိုက်ပေမယ့် တုတ်မရှာဘဲ အချစ်ရှာလာမိမှန်း အဲ့နေ့တုန်းကတော့မသိခဲ့ပါ။ ဒီတိုင်း ဘာမှမရှာဘဲ ရပ်ကြည့်နေမိခဲ့ရုံလေးတင်ပါ။

မှန်ထဲကနေ သူက ဂျွန်ခယူ့ကိုမြင်သွားပြီး ကနေတာကိုရပ်လိုက်သည်။ ထို့နောက်..

‘ဘာရှာနေတာလဲ မသိဘူး’

‘ဪ drumstick ပါ...ပြောင်းသွားတဲ့နေ့ကတည်းကျန်ခဲ့တာ’

‘အာ..အဲ့တာလား’

မာရှီဟိုကဆက်မကဘဲ အနောက်ကအခန်းကျဉ်းလေးတစ်ခုထဲဝင်သွားပြီး ပြန်ထွက်မလာသေး။ ဂျွန်ခယူကလည်း ဘာမှမပြောဘဲ ရပ်စောင့်နေလိုက်သည်။

‘ရော့ ဒီဟာဟုတ်လား?’

‘ဟုတ်တယ် ဟုတ်တယ်..သိမ်းထားပေးတာလား?’ ဂျွန်ခယူကလှမ်းယူရင်းနဲ့မေးလိုက်သည်။

‘အင်း..ဘယ်သူ့ကိုမေးရမလဲမသိတော့ လာယူမလားဆိုပြီးသိမ်းထားတာ’

ကျောင်းဝတ်စုံမချွတ်ထားနဲ့သူ့ကိုလှမ်းကြည့်လိုက်တော့ နာမည်က ‘တကတ မာရှီဟို’ လို့ရေးထားတာကိုတွေ့လိုက်ရသည်။

‘ကျေးဇူးပဲနော်’

‘ဟုတ်’

ဘယ်အတန်းကလဲဆိုတာမသိတော့ မာရှီဟိုက ဂျွန်ခယူ့ကိုယဉ်ယဉ်ကျေးကျေးနဲ့ပြောနေသေးသည်။

ဂျွန်ခယူကအခန်းထဲကထွက်ဖို့တံခါးဖွင့်တုန်းနောက်ပြန်လှည့်ပြီးမေးလိုက်သည်။

‘ဘယ် အတန်းကလဲ’

‘အလယ်တန်း ပထမနှစ်ကပါ’

‘ဪ အတူတူပဲပေါ့’

‘ဟုတ်လား’

ဒါပါပဲ...ပထမဆုံးစစတွေ့တဲ့နေ့...စစတွေ့တဲ့ပုံစံကရိုးရိုးရှင်းရှင်းလေးဆိုပေမယ့် တိတ်တိတ်ဆိတ်ဆိတ်နဲ့ ၂ ယောက်တည်း။

အရင်နေ့တွေတုန်းကတော့ဂျွန်ခယူကပဲသတိမထားမိတာလားမသိ။ အဲ့နေ့ပြီးကာမှ မာရှီဟို့ကို ကားပေါ်မှာလည်းတွေ့သည်။ လမ်းမှာလည်းတွေ့သည်။ ကားမှတ်တိုင်မှာလည်းတွေ့သည်။ ဒါပေမယ့် လှမ်းမခေါ်ဖြစ်သလို နှစ်ယောက်လုံး အကြည့်ချင်းဆုံပြီး နှုတ်ဆက်တာမျိုးလည်းမရှိခဲ့။

ဒီတိုင်းလေး တွေ့လိုက်ရင် လှမ်းကြည့်ပြီး..ခပ်လှမ်းလှမ်းကနေဆို ငေးကြည့်နေရုံလောက်သာ။

ပိုသေချာသွားခဲ့တာကတော့ အလယ်တန်းဒုတိယနှစ်ကစုံညီပွဲတော်မှာ။ ဂျွန်ခယူတို့က နောက်ဆုံးမှဖျော်ဖြေရမှာမို့ ပရိသတ်တွေကြားထဲကနေ ထိုင်ပြီး ကြည့်နေတုန်း အကအဖွဲ့တစ်ဖွဲ့တက်လာသည်။

Super M ရဲ့ Jopping သီချင်းနဲ့ကသွားပြီး ဂျွန်ခယူမြင်လိုက်တာကတော့ သူတွေ့တိုင်းလိုက်ငေးနေခဲ့တဲ့ တကတမာရှီဟိုဆိုတဲ့ကောင်လေး။

နှစ်တိုင်း အခန်းအတူတူကျပါစေလို့ဆုတောင်းခဲ့ပေမယ့် ၂ နှစ်ဆက်တိုက်မကျခဲ့။ အဆိုနဲ့အကအဖွဲ့က collab လည်းမလုပ်တာကြောင့် မာရှီဟိုနဲ့ရင်းနှီးဖို့ဆိုတာမဖြစ်နိုင်ခဲ့ပြန်။ ကြာလာတော့ လမ်းဆုံမှာခဏဝင်တိုက်မိတဲ့ ဆာကူရာပန်းပင်လေးတစ်ပင်လို့ မှတ်လိုက်ပြီး မေ့လိုက်ဖို့ကြိုးစားပေမယ့် ကားပေါ်မှာဘေးတိုက်မြင်ရတဲ့ပုံတွေ….အရှေ့ကနေလမ်းလျှောက်နေတဲ့ သူ့နောက်ကျောပုံတွေက အာရုံထဲကနေဖျောက်လို့ကိုမရ။

တတိယတန်း ပထမနှစ် ပထမဆုံးနေ့….

‘ဦးလေး မြန်မြန်ကပ်ပါ..မနေ့ကတည်းကကြိုကပ်ထားတာမဟုတ်ဘူး တကယ်ပဲ’

‘ဦးလေးကနောက်ကျတာမဟုတ်ဘူး...မင်းကစောနေတာလေကွ...အခုမှ ၆ နာရီပဲရှိသေးတာ’

ဂျွန်ခယူက ကျောင်းကအလုပ်သမားဦးလေးကြီးကို ဘေးကနေ စကားတွေတတွတ်တွတ်ပြောပြီး အမြန်လုပ်ခိုင်းနေသည်။

အတန်းခွဲတဲ့စာရင်းကို ပထမဆုံးလာကြည့်တဲ့သူက ကင်ဂျွန်ခယူ။ အခန်း ၁ မှာ မာရှီဟို့နာမည်ရော သူ့နာမည်ရော မတွေ့ကတည်းက ရင်ခုန်နေပြီ။

အခန်း ၂ မှာ တွေ့လိုက်မှ သေချာသွားတော့ တစ်ယောက်တည်းကို လွတ်လွတ်လပ်လပ်ကခုန်မိသွားသည်။ ၂ နှစ်လုံး ဆုတောင်းနေခဲ့ရပြီး အခုတော့ တစ်ခန်းတည်းကျခဲ့ပြီ။ နောက်ဆုံးတော့ မာရှီဟိုနဲ့ရင်းနှီးခွင့်ရပြီမို့ မိုးနတ်မင်းကြီးကို အကြိမ်ကြိမ်အခါခါကျေးဇူးတွေတင်နေမိသည်။

ဒီမှာပျော်နေတာနဲ့အသိညီလေးတစ်ယောက်နဲ့ချိန်းထားတာတောင်မေ့တောင်မလိုဖြစ်သွားလို့ အမြန်ပြေးသွားလိုက်ရသည်။ ညီဝမ်းကွဲက အခုမှကျောင်းတက်မှာမို့ အခန်းလိုက်ပြရဦးမည်။ ဘာပဲဖြစ်ဖြစ်ဒီနှစ် ကျောင်းကတော့ တစ်နှစ်လုံးပျော်စရာကောင်းနေတော့မှာအမှန်ပင်။

နောက်ဆုံးမှအခန်းထဲကိုဝင်လာမိလို့ မာရှီဟို့ကိုအမြန်လိုက်ရှာကြည့်လိုက်တော့ အကြည့်ချင်းဆုံသွားသည်။ ဒါနှစ်ဦးသဘောတူ မျက်မှန်းတန်းမိခြင်းပါပဲ။ အကြည့်ချင်းဆုံသွားတော့ ရင်ထဲဒိတ်ခနဲဖြစ်သွားတဲ့အတွက် မသိသာအောင် မျက်ခုံးပင့်ပြီး လည်ချောင်းခိုးရှင်းလိုက်သည်။

ဘေးချင်းကပ်ထိုင်ရတော့မယ် ငါ မာရှီနဲ့ဘေးချင်းကပ်ထိုင်ရတော့မယ် ဆိုပြီး ရင်ထဲက ဆဲလ်တွေက ခုန်ပေါက်ပျော်မြူးနေလို့ လူကလည်း ရယ်ချင်နေပေမယ့် အောင့်အီးထားရသည်။

တကယ်ကို မြားနတ်မောင်က အခုမှအိပ်ရာနိုးလာတာပဲ။ တော်တော်အိပ်ပုတ်ကြီးတဲ့နတ်။


-----------------------


‘မာရှီ’

ဂျွန်ခယူ့အသံလာရာကိုမာရှီဟိုကလှမ်းကြည့်လိုက်သည်။ တွေ့သွားတော့လက်ပြပြီးနှုတ်ဆက်လိုက်သည်။ ဂျွန်ခယူက မာရှီဟို့နားဆီမလာသေးခင် ခဏလောက်ရပ်ကြည့်နေလိုက်သေးသည်။

‘မဝင်သေးဘဲ ဘာလုပ်နေတာလဲ’

‘မင်းကိုစောင့်နေတာလေ’

‘ဘာလုပ်ဖို့?’

စကားပြောရင်းနှစ်ယောက်အတူတူ ကျောင်းထဲကိုဝင်သွားကြသည်။စာသင်ခန်းရှိရာ အဆောင်ဆီဆက်လျှောက်သွားကြရင်း စကားတွေကိုလည်း မပြတ်အောင်ဆက်ပြောနေသည်။

‘ဒီအပတ်သင်္ချာတွက်ရင် လေ့ကျင့်ခန်းလုပ်ဖို့လေ အဲ့တာစာအုပ်သွားရှာမလို့..ညနေကျလိုက်ခဲ့ပါလား’

‘ဒီနေ့ညနေ အကအဖွဲ့ဆီသွားရဦးမယ်’

‘ငါစောင့်နေမယ်လေ’

‘ကြာမှာနော်’

‘ရတယ်..စောင့်နေရင်းနဲ့ မင်းတို့လေ့ကျင့်တာကြည့်လို့ရတယ်မလား’

‘အင်း..ရတော့ရပါတယ် ဒါပေမယ့်..’

‘ဒါပေမယ့်?’

‘ငါတို့က..’

‘ဂျွန်ခယူ’

မာရှီဟိုစကားမပြောရသေးခင် ကောင်မလေးတစ်ယောက်က ဝင်လာပြီးခေါ်လိုက်သည်။ လက်ထဲမှာလည်း မုန့်ထုတ်လေးနဲ့။

‘အင်း ဆယ်ရီ .. ဘာကိစ္စ?’

‘မနက်စာ...စားပြီးသွားပြီလား?’ ကောင်မလေးရဲ့စကားပြောပုံက ရှက်နေသလို။ နဂိုကတည်းက အသားဖြူဖြူ ဆံပင်ဂုတ်ဝဲလေးနဲ့ချစ်စရာကောင်းပေမယ့် အခုလိုစကားပြောပုံကသူမကို ပိုပြီး ချစ်စရာကောင်းသွားစေသည်။

ရှက်နေပုံရတာမို့ ပါးလေးတွေတောင်နီရဲတက်လာသေးသည်။ မာရှီဟိုက ဘာတွေဖြစ်နေမှန်းမသိတာနဲ့ဒီတိုင်းရပ်ပြီးနားထောင်နေသည်။ အခန်းထဲတောင်မဝင်ရသေး။

‘စားပြီးပြီလားတဲ့ မေးနေတယ်လေ’ မာရှီဟိုက ဂျွန်ခယူ့ပခုံးကိုဖွဖွလေးတိုက်ပြီး ပြောလိုက်သည်။ ပြောပုံကလည်း ပြုံးစိစိနဲ့ဆိုတော့ နှစ်ယောက်သားရဲ့အခြေအနေကိုရိပ်မိတဲ့ပုံ။

‘အင်း..စားပြီးပြီ..အခုတင်စားပြီးလာတာ ဟုတ်တယ်နော် မာရှီ’

ဂျွန်ခယူက မာရှီဟို့ဘက်ကိုလှည့်ပြီး ပြောလိုက်တော့ တစ်ဖက်ကကောင်လေးမှာ မျက်လုံးအဝိုင်းသားလေး။ အခုမှကားပေါ်ကဆင်းလာပြီး တွေ့တာကို မနက်စာအတူတူစားလာတာတဲ့လား?

ဂျွန်ခယူက နှုတ်ခမ်းကိုဘေးနည်းနည်းစောင်းပြပြီး အချက်ပြနေသည်။ မာရှီဟိုကဂျွန်ခယူလုပ်ပြတာကိုကြည့်ပြီး သဘောပေါက်ပေမယ့် မပေါက်ချင်ယောင်ဆောင်လိုက်သည်။

‘ဟုတ်လား..ငါတို့အတူတူစားခဲ့တာလား?’

‘အေးလေ..ငါကိုယ်တိုင်လုပ်လာတဲ့ ပေါင်မုန့်ကြက်ဥကြော်ကို ဟိုးးးနားမှာထိုင်စားနေခဲ့တာလေ’

‘ဟင်..ပေါင်မုန့်ကြက်ဥကြော်’

ဒါကတော့ နည်းနည်းများသွားပြီမို့ မာရှီဟိုတောင် မနောက်နိုင်တော့။ ဂျွန်ခယူက ဆယ်ရီ့ကိုဘာပြန်ပြောလိုက်လဲဆိုတာတောင်မကြားလိုက်တော့။ သူ့ကို ဂျွန်ခယူက အခန်းထဲဆွဲခေါ်သွားတာပဲသိတော့သည်။

‘မင်းကွာ..ငါဒီလောက် အရိပ်ပြနေရင် အကောင်မြင်မှပေါ့ကွ’

ကိုယ့်ခုံကိုယ်ဝင်ထိုင်ပြီး စာအုပ်ထုတ်နေရင်း ဂျွန်ခယူကဘေးကနေ တိုးတိုးတိုးတိုးနဲ့ ဆောင့်အောင့်ပြီးပြောသည်။ မာရှီဟိုက ဘာမှပြန်မပြောဘဲ ပြုံးနေတုန်း။

‘နောက်ဆို ငါ့ကိုချောက်ထဲတွန်းမချဘဲ ဆွဲတင်ပေးပါကွာ နော်’

‘ဘာလို့လဲ..မင်းစွံမယ့် ကိစ္စကို ငါကအဖျက်သမားမလုပ်ချင်ပါဘူး’

‘မဟုတ်ဘူး...ငါသူ့ကိုမကြိုက်ဘူး’

‘အာ..ဟုတ်လား’  မာရှီဟိုက ဆက်ပြုံးနေပြီး စာအုပ်ကိုလှန်နေသည်။ ဂျွန်ခယူက မာရှီဟိုလှန်နေတဲ့စာအုပ်ကို လက်နဲ့လှမ်းပိတ်ပြီး ဆွဲယူလိုက်သည်။

‘မာရှီ..ငါအတည်ပြောနေတာ ငါသူ့ကိုမကြိုက်ဘူး’

‘တဖြည်းဖြည်းနဲ့ ကြိုက်သွားမှာပေါ့ကွ..မင်းကလည်း ဇွတ်ပဲ’ မာရှီဟိုက သူ့စာအုပ်ကိုပြန်ဆွဲယူလိုက်သည်။

‘ဟင့်အင်း မကြိုက်ဘူး သေချာတယ်’

‘ဝါး...ပြန်ပြောပါဦး အသံသွင်းထားမလို့’  မာရှီဟိုက တကယ်လုပ်တော့မယ့် ပုံနဲ့ ဖုန်းကိုဖွင့်ပြီး အသံသွင်းလိုက်သည်။

‘ငါ .. ကင်ဂျွန်ခယူက လုံးဝ ဆယ်ရီ့ကိုပြန်မကြိုက်ဘူး….အခုငါ့ဘေးမှာရှိနေတဲ့ မာရှီဟိုကိုတိုင်တည်ပြီး သစ္စာဆိုတယ်..ငါကြိုက်တဲ့သူက ဆယ်ရီမဟုတ်ဘူး..ရပြီလား’

‘အိုကေ .. ရပြီ.. လုံးဝသက်သေနော်’ မာရှီဟိုက ဖုန်းကိုပြန်ပိတ်ပြီး အသံဖိုင်ပျောက်မသွားအောင်ဘာတွေလုပ်နေတယ်မသိ။ ဖုန်းနဲ့မျက်နှာနဲ့မခွာ။

‘မာရှီဟို … ရော့ မင်းစာအုပ်’  အတန်းခေါင်းဆောင် ဒိုနီက ခပ်လှမ်းလှမ်းကနေ စာအုပ်အထူတစ်အုပ်ကိုပစ်ပေးလိုက်သည်။ မရှောင်ရင် မျက်နှာကိုတည့်တည့်ထိပြီး အနာတရဖြစ်သွားနိုင်တဲ့ အရှိန်တစ်ခု။ ရုတ်တရက်မို့ ဂျွန်ခယူတောင်လှမ်းဖမ်းချိန်မရလိုက်။ ဒါပေမယ့် မာရှီဟိုက ဖျက်ခနဲ လှမ်းဖမ်းလိုက်သည်။ ဒါတောင် အဖုံးအုပ်ထားတဲ့စာအုပ်ရဲ့ အစွန်းက သူ့လက်ဖဝါးကိုရှဖြစ်အောင်ရှသွားသေးသည်။

‘ဟေ့ကောင်...မင်း ဒါသောက်ရမ်းများသွားပြီ’ ဂျွန်ခယူက ထိုင်လျက်ကနေထပြီး ဒိုနီ့ကိုလှမ်းအော်လိုက်သည်။

‘ဘာလို့လဲ ငါကပစ်ပေးလိုက်ရုံပဲလေ..ဘယ်သူမှဘာမှမဖြစ်တာကို’

‘ဒါ မာရှီကဖမ်းလိုက်လို့လေ..မဖမ်းရင် သူထိသွားမှာလေ..မင်းတမင်လုပ်နေတာမလား..ဒီကောင်’  နှစ်ယောက်သားအသံကကျယ်လာတာမို့ တစ်ခန်းလုံးက လှည့်ကြည့်လှည့်ကြည့်ဖြစ်လာသည်။ ပွဲကောင်းနေတာမို့ ရှေ့ဆုံးတန်းကစာဂျပိုးတွေကတောင် ဘောပင်လေးကိုက်ပြီး ဇက်တွေလည်လို့။

‘သူဖမ်းလိုက်လို့ ဘာမှမဖြစ်ဘူးလေ..ငါကသူဖမ်းမယ်ဆိုတာသိလို့ ပစ်ပေးလိုက်တာ’  ဒိုနီကလည်း လုံးဝအလျှော့မပေး..အေးတိအေးစက်နဲ့ ပြန်ပြောနေသည်။

‘မင်း အခုထိ အတန်းခေါင်းဆောင်လုပ်ရလို့ စိတ်တိုနေတုန်းလား..ကလေးလည်းမဟုတ်ဘဲနဲ့’

‘မင်းကဘာလို့ဒီလောက်ထိဖြစ်နေတာလဲ .. ဟိုကောင်တောင်ဘာမှမပြောတာကို’  ဒိုနီက မာရှီဟို့ကို မေးငေါ့ပြပြီး ပြန်ပြောလိုက်သည်။

‘ဘာ? ဟိုကောင်?’

‘ဂျွန်ခယူ ငါဘာမှမဖြစ်ဘူး တော်တော့ ထိုင်တော့’  မာရှီဟိုက ဂျွန်ခယူ့ အင်္ကျီလက်မောင်းကနေဆွဲပြီး ပြန်ထိုင်ခိုင်းလိုက်သည်။ မာရှီဟိုက ဆွဲလိုက်တော့ ဂျွန်ခယူက မထိုင်ချင့်ထိုင်ချင်နဲ့ ထိုင်လိုက်ရသည်။

‘ပိုကိုပိုတယ်...မသိရင် အတွဲတွေကျနေတာပဲ’  ဒိုနီက နောက်ပြန်လှည့်သွားပြီး မကြားကြားအောင်ပြောလိုက်သည်။ ဒါကို ဂျွန်ခယူရော မာရှီဟိုရောက သေချာကြားလိုက်သည်။

‘ဘာ?’

‘ဪ ကြားလိုက်တာလား? ကြားသွားမှတော့ ဆက်ပြောတာပေါ့...မင်းတို့ကတွဲနေတာလား’

တစ်ခန်းလုံးက မျက်လုံးပြူးသွားပြီး ကောင်မလေးတွေကလည်း တိုးတိုးတိုးတိုးနဲ့ ပြောလာကြသည်။ အခန်းတံခါးဖွင့်ပြီး အတူတူဝင်လာတဲ့ ဂျီဟူ နဲ့ ဟင်းမ်က ဘာဖြစ်နေမှန်းမသိသေးတော့ စနည်းနာနေကြသည်။

သူတို့စနည်းနာနေတုန်းမှာပဲ မာရှီဟိုက ထိုင်ရာကနေထသွားပြီး ဒိုနီ့ကိုပြုံးပြကာ တစ်ချက်ဆွဲထိုးလိုက်သည်။

‘အ့’  ထိုးလိုက်တဲ့ သူကလည်း နာလို့ အသံထွက်သွားသည်။ အထိုးခံလိုက်ရတဲ့ ဒိုနီကဖင်ထိုင်လဲကျသွားသည်။

မာရှီဟိုကလက်ကို ခါပြီး တစ်ချက်ကြည့်လိုက်တော့ စောစောကရှသွားတဲ့နေရာက နည်းနည်းပိုပြဲသွားပြီး သွေးထွက်လာတာဖြစ်နေသည်။ ဘောင်းဘီနဲ့မသိမသာသုတ်လိုက်ပြီး သူ့ခုံဆီပြန်ထိုင်ဖို့ လာလိုက်သည်။

‘ဒီကောင်..’ ဒိုနီက ထလာပြီး မာရှီဟို့ကိုပခုံးကနေဆွဲလှည့်လိုက်ပြီးထိုးဖို့ပြင်တော့ ဂျွန်ခယူက မာရှီဟို့ကို အမြန်လှမ်းဆွဲဖို့ပြင်လိုက်သည်။ ဒါပေမယ့် ဒိုနီ့အနောက်မှာ ဘယ်ချိန်ကတည်းကရောက်နေမှန်းမသိတဲ့ ဟင်းမ်က ဒိုနီ့ကို အင်္ကျီဂုတ်ကနေလှမ်းဆွဲလိုက်တော့ မထိုးလိုက်ရ။

‘မင်းရပ်မလား ငါမင်းကိုရပ်ပေးရမလား’ ဟင်းမ်က တစ်ခွန်းပဲပြောလိုက်သည်။

ဆရာမလာနေတာကိုလည်းလှမ်းမြင်လိုက်တော့ အကုန်လုံးက အမြန်ကိုယ်လုပ်စရာရှိတာ ဆက်လုပ်ပြီး ငြိမ်ကျသွားသည်။

မာရှီဟိုကဘာလို့ ဒိုနီ့ကိုသွားထိုးလိုက်တာလဲ?
ဒီလိုပြောတာမခံနိုင်လို့လား?
ဒါမှမဟုတ် သူမကြိုက်တာလား?
ဒီလိုမှမဟုတ် အဲ့လိုအပြောခံရတာကို ရှက်လို့လား?

ဒီကိစ္စကိုစဉ်းစားနေရတာနဲ့ စာထဲတောင်စိတ်မရောက်ခဲ့။

မာရှီဟိုကစာလိုက်ကူးနေရင်း လက်ထဲကဘောပင်ကိုချပြီး လက်ကိုငုံ့ကြည့်လိုက်သည်။ ဒါကို ဂျွန်ခယူကမြင်သွားတော့ မာရှီဟို့လက်ကို ဆွဲယူပြီးကြည့်လိုက်သည်။

‘ငါဒီလိုဖြစ်မယ်မှန်းသိသားပဲ’

‘ဘာမှမဖြစ်ဘူး နေ့လည်ကျ ပလတ်စတာ ဝယ်ပြီးကပ်လိုက်မယ်’ မာရှီဟိုက ဂျွန်ခယူ့လက်ထဲကသူ့လက်ကို အမြန်ပြန်ဆွဲထုတ်လိုက်သည်။ ထို့နောက်စာပြန်ရေးသည်။

အရဲစွန့်ပြီး မေးလိုက်တော့မည်။

‘မင်း ယောက်ျားလေးချင်းတွဲတာ သဘောကျလား?’

ဂျွန်ခယူကမေးလိုက်တော့ မာရှီဟိုလက်တွေတွန့်သွားသည်။ စာဆက်မရေးတော့ဘဲ တစ်ခုခုကိုစဉ်းစားနေတဲ့ပုံပေါ်သည်။

ခဏနေတော့ ပြန်ဖြေသည်။

‘မင်းကရော သဘောကျလား?’


--- high school love story -----


တူဘီကိုတိမ်ညွန့်….

Happy birthday Jeongwoo layyyyyyy ~~~

ထိုင်ပြီးစာရေးတာကြာသွားလို့ တင်ပါးတစ်ခြမ်းတောင်ပြားသွားတယ် ထီမဲတို့ရယ် 🌚




ZAWGYI

High School Love Story (Mashikyu)Where stories live. Discover now