24

155 34 0
                                    

UNICODE

ဒီနေ့ အထက်တန်းကျောင်းပထမနှစ် အခန်း ၂ က ကျောင်းသားတွေအကုန်ဘူနေကြသည်။ စာလည်းမသင်ရပါဘဲနဲ့ မျက်နှာတွေမကောင်းရတဲ့အကြောင်းရင်းကတစ်ခုပဲရှိသည်။

အတန်းထဲက အမြဲတမ်း မြင်းအီးပေါက်သလိုစကားပြောလေ့ရှိတဲ့ကျောင်းသူတွေတောင် ကြားသားမိုးကြိုး တိတ်ဆိတ်လို့နေသည်။

‘မင်းပေးပုံက နည်းနည်းလိုသွားတာကိုးကွ’

‘မင်းလည်း လိုတာပဲလေ ဟိုဘက်လူရှိမှန်းသိရဲ့သားနဲ့ ဘာလို့ဒီဘက်ကိုပေးတာလဲ’

‘တော်ပြီ အနည်းဆုံး ဒုတိယလောက်တော့ရအောင်လုပ်တာပေါ့’

ပထမပိုင်းပြီးလို့ နားနေတဲ့အချိန်မှာ ဒိုနီတို့အသင်းကအချင်းချင်းစကားများနေကြသည်။ တစ်ဖက်က အခန်း ၁ ကတော့ နိုင်နေတဲ့သူမို့ အေးအေးဆေးဆေးနဲ့အနားယူပြီး ကစားကွက်ချနေကြသည်။ ၁၀ မိနစ်နားတဲ့အချိန်မှာ နည်းလမ်းတွေပြန်ပြင်ရင်း ကစားကွက်တွေပြောင်းဖို့ပြောကြသည်။

‘မာရှီ မင်းဝင်ကစားရင်နိုင်မှာကွာ’ ဟင်းမ်းကပြောတော့ ဂျီဟူက အင်းလေ ဆိုပြီးထောက်ခံသည်။

‘ငါ ကတာကိုရွေးခဲ့ပြီးပြီလေ..အသင်း ၂ ခုအတွက်ချိန်မပေးနိုင်ဘူး’

‘ဒါပေမယ့် ဒိုနီကတော့ အခုတော်တော်စိတ်တိုနေတဲ့ပုံပဲ’

‘ငါဝင်ဆော့လိုက်ရင် သူပိုတောင်စိတ်တိုဦးမယ်’

ဖြစ်နိုင်သည်။ အခုတောင် မီးတောက်နေတဲ့မျက်လုံးတွေနဲ့ တစ်ဖက်အသင်းကိုကြည့်နေပြီး ဒေါပွနေပုံရသည်။ မာရှီဟိုသာဝင်ကစားလိုက်လို့ကတော့ သူဘောလုံးတောင်အာရုံစိုက်နိုင်တော့မှမဟုတ်။

‘မင်းနဲ့ပြိုင်မှာမှ မဟုတ်တာ မင်းနဲ့တစ်သင်းတည်းအတူကစားရမှာလေ’

‘အဲ့ကျမှ တစ်သင်းတည်းနေပြီး ဘောလုံးကိုသူယူမယ်ငါယူမယ်နဲ့ ပွဲကရှေ့ဆက်မှာမဟုတ်တော့ဘူး’

ဂျီဟူကပြောလိုက်တော့ အကုန်လုံးရယ်လိုက်မိကြသည်။ အခုတော့ ဒီအခြေအနေအတိုင်းသာဆို ရင် ဒုတိယတော့ရလောက်သည်။ ဒုတိယဆိုပေမယ့် အထက်တန်း တတိယနှစ်ကလူတွေနဲ့ပေါင်းပြီး ကျောင်းလက်ရွေးစင်ဝင်ဖို့ကြတော့ လူတွေကပြန်ရွေးဦးမှာဖြစ်ပြန်သည်။

ဒါပေမယ့် ပထမရတဲ့အသင်းထဲကလူကအရွေးခံရမှာပိုသေချာတော့ အကုန်လုံးကသေသေကြေကြေအပြိုင်နွှဲနေကြခြင်းဖြစ်သည်။

‘ဟေ့ကောင် သွားသွား ဒီနေ့တော့ မင်းကရန်သူပဲ’
အနားကို အီဆူးလ်ကရောက်လာတော့ ဟင်းမ်ကမောင်းထုတ်သည်။

‘ဟာ အဲ့လိုပေါ့..ညကျမှဂိမ်းထဲမှာ ငါ့ကိုကယ်ပါဦးလာမလုပ်နဲ့’

‘နေနေ သားလေး..ဒီမှာပဲနေနော်’

တစ်ဖက်အခန်းရဲ့အားပေးနေတဲ့လူအုပ်ကြီးကိုဖြတ်ပြီး ပြိုင်ဖက်အသင်းကိုအားပေးနေတဲ့လူတွေကြား အီဆူးလ်လာရတဲ့အကြောင်းရင်းကို ဂျွန်ခယူကလွဲပြီးဘယ်သူမှမသိ။ မာရှီဟိုကိုတောင်အခုထိမပြောပြရသေး။

‘ရှာမနေနဲ့ ဟိုမှာ’ ဂျွန်ခယူကဘေးနားကိုတိုးတိုးလေးကပ်ပြီးပြောလိုက်သည်။

ပွဲပြန်စပြီဆိုတော့အားလုံးက အားတက်သရောပြန်အော်ပြီးအားပေးကြပြန်သည်။ ယောက်ျားလေးတွေရာ မိန်းကလေးပါ အကုန် ကိုယ့်အတန်းကိုအားပေးနေကြသည်။

‘ဟာ အဲ့တာကို Fake move လုပ်ပြီး bounce လိုက်ရမှာ။ အဲ့တာကို သူ့ပေါင်ကြားထဲကနေ ဂျင်ယောင်းဆီရောက်သွားမှာပဲ’

‘အား..အဲ့တာကို သူကို 3 point arc လောက်ကောင်းကောင်းရတာကိုကွာ’

‘ဘေးကလူကိုမပေးဘဲ ပစ်ထည့်လိုက်ရင်ရတာပဲကို’

တစ်ဖက်တည်းအားမလိုအားမရနဲ့ဆက်တိုက်ပြောနေတဲ့ မာရှီဟို့ကို ဂျွန်ခယူဘေးကနေကြည့်ပြီး ပြုံးလိုက်မိသည်။ စိတ်မထင်ရင်သူပါကွင်းထဲဝင်ပြီး ဝင်ကစားတော့မလို။

‘ဝိုး..ဝင်သွားပြီ’

အမှတ်က သရေဖြစ်သွားတော့ အခန်း ၂ ဘက်ကလူတွေက အားအပြည်နဲ့အော်ဟစ်ကြသည်။ နောက်ထပ်အကြာကြီးထပ်ပြိုင်ပြီးတဲ့နောက်မှာ အချိန်ကလည်းပြည့်သွားခဲ့ပြီ။ ၃ မှတ်အကွာနဲ့ အခန်း ၁ က နိုင်သွားသည်။ လက်ရွေးစင်အသင်းထဲပါဖို့အတွက် အခန်း ၂ ကနေ ၂ ယောက်သာပါနိုင်တော့သည်။ အရံတစ်ယောက် အဓိကစားသမား တစ်ယောက်။

ဒေါသတွေထွက်နေလို့ မျက်နှာကြီးနီရဲနေသည့် ဒိုနီရဲ့ပုံစံကအတိုင်းသားမြင်နေရသည်။

'သူတို့တွေကတကယ်ကွာ နည်းနည်းတော့လိုတယ်ကွ ဒါပေမယ့် တော်ရှာပါတယ်' အီဆူးလ်ကပြောတော့ ရှုံးသွားတဲ့ အခန်း ၂ က ဂျီဟူတို့ကမျက်ထောင့်နီကြီးနဲ့ကြည့်သည်။

'မဟုတ်ဘူး သူပြောတာမှန်တယ်' မာရှီဟိုကပြန်ပြောလိုက်သည်။ ထို့နောက်ဘယ်လိုကစားရင်ကောင်းမယ်ဆိုတဲ့ နည်းလမ်းတွေကိုပါ တောက်လျှောက်ပြောလာတော့သည်။

//

///

အိမ်မပြန်ခင် waffle ဆိုင်တစ်ဆိုင်ကိုဝင်ပြီး ကိုယ်စား ကိုယ်ရှင်းစနစ်နဲ့ ဝင်စားလိုက်ကြသေးသည်။ ဆိုင်ထဲမှာပဲထိုင်စားကြတော့ အားလုံးတိတ်နေတဲ့အချိန် ဂျွန်ခယူက အရင်စပြောသည်။

‘ငါမင်းတို့ကိုတော့ပြောပြချင်လို့’

‘ဘာကိုလဲ’
ဂျွန်ခယူကစကားစလိုက်တော့ မာရှီဟိုက မျက်လုံးပြူးပြီးလှည့်ကြည့်သည်။ သူ့စိတ်ထဲမှာ ဂျွန်ခယူက  သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကိုထုတ်ပြောတော့မယ်လို့ထင်နေသည်။

တကယ်လို့ပြောမယ်ဆိုရင်ရော ဘယ်လိုပြောမှာလဲ? မာရှီဟိုကိုယ်တိုင်ကိုက ‘ငါမင်းကိုချစ်တယ်။ ဒါပေမယ့် ရည်းစားတွေလိုတော့ တွဲတာမျိုးမလုပ်ကြရအောင်’ လို့ပြောထားခဲ့တာလေ။  ငါတို့နှစ်ယောက်က သူငယ်ချင်းထက်ပိုတယ်လို့ပဲ ပြောလိုက်မှာလား?

‘အား..’ မာရှီဟိုက ဂျွန်ခယူရဲ့ပေါင်ကို စားပွဲအောက်ကနေလှမ်းဆိတ်လိုက်တော့ မထိန်းနိုင်ဘဲ အော်လိုက်မိသည်။

‘ဘာဖြစ်တာလဲကွ’

‘မာရှီ ငါ့ခြေထောက်တက်နင်းလို့’
ဂျွန်ခယူ့အဖြေမှာ အီဆူးလ်ကတော့ပြုံးစိစိ။

‘အဲ့တော့ ဘာပြောမှာလဲ’  ဟင်းမ်ကမေးသည်။

‘ငါ့မိသားစုအကြောင်း’

ဂျွန်ခယူပြောမှာက မိသားစုအကြောင်းဆိုတာနဲ့ မာရှီဟိုက သူဆွဲဆိတ်ခဲ့တဲ့ ဂျွန်ခယူ့ပေါင်ကိုလက်နဲ့ပြန်ပွတ်ပေးလိုက်သည်။

‘စိတ်ဝင်စားတယ် ပြော’ ဂျီဟူကတော့ လာချတဲ့ မုန့်တွေကို ဆက်တိုက်မနားတမ်းစားရင်း စိတ်ဝင်စားဟန်ပြသည်။
မာရှီဟိုကိုယ်တိုင်ကလည်းမသိတဲ့သူမို့ သေချာဂရုစိုက်နားထောင်နေသည်။

‘မင်းတို့ ကင်အုပ်စု ကိုသိလား’

‘ဘယ်က ကင်လဲ? ကင် မျိုးရိုးတွေကအများကြီးကို’ ဂျီဟူကပြန်ပြောသည်။

‘ဟိုကင်ကွာ..ကိုရီးယားမှာ ရှော့ပင်းမောလ်တွေပိုင်တဲ့ ကင်အုပ်စု’

‘ဪ အေး မြင်ဖူးတယ်...သတင်းစာတွေ တီဗီတွေထဲမှာ’

‘အေး အဲ့တာ ငါ့အဖေပဲ’

‘ဟမ်’
‘ဟမ်’
‘ဟမ်’
‘ဟမ်’

၄ ယောက်သား ပြိုင်တူထွက်သွားတဲ့ အာမေဋိတ်။ မျက်လုံးအပြူးသားနဲ့ ပါးစပ်အဟောင်းသား။

‘တကယ်ကြီးလား’ မာရှီဟိုကမေးတော့ ဂျွန်ခယူပြုံးပြီး ခေါင်းညိမ့်ပြသည်။

‘မင်းတို့ကို တမင်မပြောတာမဟုတ်ပါဘူး...ဘယ်လိုပြောရမလဲမသိတာနဲ့ မပြောသေးတာ’

‘အဲ့တာ တမင်မပြောတာပေါ့ကွ အလယ်တန်းကတည်းကခင်တဲ့ငါတောင်မသိဘူး’ အီဆူးလ်ကပါဝင်ပြောသည်။

‘တော်တော်နှုတ်လုံတဲ့ကောင်ပဲ။ ငါဆို ငါ့အဖေက ကင်အုပ်စုကနော် မင်းတို့ရီးတီးရားတား လာမလုပ်နဲ့ဆိုပြီး ဖြဲခြောက်ထားမှာ’

‘မင်းကတော့ ကင်အုပ်စုကဖြစ်စရာမလိုဘူး။ လူကောင်ကြီးနဲ့တင် ခြောက်လို့ရပါတယ်’

အားလုံးသဘောတကျနဲ့ရယ်လိုက်မိကြပြန်သည်။ ယောက်ျားလေးတွေဖြစ်တာကတစ်မျိုး ကျောင်းသားအငယ်လေးတွေဖြစ်တာကတစ်မျိုးဆိုတော့ လန်းဆန်းနေတဲ့ ရယ်သံတွေက ဆိုင်တစ်ဆိုင်လုံးကိုပျံ့နှံ့သွားသည်။ အထက်တန်းကျောင်းသားဘဝဆိုတာ အမှတ်တရတွေအများကြီးလုပ်လို့ကောင်းတဲ့အချိန်ပါပဲ။

အချစ်ရေးရော..ပညာရေးရော...ဝါသနာရော…

စားလို့သောက်လို့ပြီးကတော့ အသီးသီးပြန်သွားကြသည်။ ဟို ၃ ယောက်က စာအုပ်သွားငှားဦးမယ်ဆိုပြီး အရင်လမ်းခွဲသွားကြသည်။ ဂျွန်ခယူကတော့ မာရှီဟိုပြန်ဖို့ ကားဂိတ်မှာလိုက်စောင့်ပေးနေသည်။

‘မာရှီ ငါ့ကိုဘယ်လိုမှတော့မထင်ဘူးမလား? အခုမှပြောလို့’

‘မထင်ပါဘူး..ဒါပေမယ့်’

‘အင်း?’

‘တစ်ခုတော့စိတ်ပူတယ်’

‘ဘာကိုလဲ’

‘ဒီလို မင်းနဲ့ငါအကြောင်းကိုသိရင် မင်းအိမ်ကလက်ခံပါ့မလား’

‘ဟားဟား မင်းကလည်း...အဝေးကြီးကိုကြိုတွေးနေပြန်ပြီ..ငါတို့အထက်တန်းအောင်ဖို့တောင် ၂ နှစ်ကျန်သေးတယ်’

‘အဲ့တာတော့ အဲ့တာပေါ့..’

‘မာရှီလေးက ငါ့ကိုတကယ်ချစ်နေတာပဲ..ဒါတွေအထိပါတွေးနေတာဆိုတော့’

‘တော်တော့ ဟေ့ကောင်’

မာရှီဟိုကပြောလိုက်တော့ ဂျွန်ခယူကရယ်ရင်းနဲ့ပဲ စတာရပ်လိုက်သည်။ သူတို့ငယ်သေးမှန်းသိတာကြောင့်လည်း နှစ်ယောက်သားကအနေအထိုင်ဆင်ခြင်ကြခြင်းဖြစ်သည်။ တက္ကသိုလ်မရောက်မချင်း တွဲမှန်းသိသာအောင်မနေဘူးဆိုတာကတစ်ချက်၊ ငယ်ငယ်ကတည်းက အကုန်သိသွားကြရင် ပြဿနာအစောကြီးတက်နိုင်တာကတစ်ချက်၊ တစ်ယောက်ကိုတစ်ယောက် ယုံကြည်ထားဖို့ကအရေးကြီးတယ်လို့ယူဆထားကြတာကတစ်ချက်။

ကလေးတွေငယ်သေးလို့ မရင့်ကျက်သေးဘူး ထင်ရင်မှားနိုင်သည်။ ဘယ်သူကမှတော့ ကိုယ့်ကိုဆိုးကျိုးတွေပဲဖြစ်စေမယ့်အရာကိုရွေးလုပ်မှာမဟုတ်။ မာရှီဟိုနဲ့ဂျွန်ခယူတို့ ၂ ယောက်ရဲ့ ရည်ရွယ်ချက်ကလည်း လူသိရှင်ကြားဖြစ်စေချင်တာမဟုတ်ဘဲ တစ်ယောက်ကိုတစ်ယောက် သဘောကျနေတယ်ဆိုတာကိုပဲ သိထားစေချင်တာမျိုး။

၂ ယောက်သားကြားကိုဘယ်သူမှလာဝင်လို့မရအောင် ကြိုပြီး ကာထားတဲ့ အကာအရံသဘောမျိုး…

လူတစ်ယောက်ကချစ်ဖို့အတွက် ကိုယ်ကရင့်ကျက်နေဖို့မလိုပါဘူး။ လူတစ်ယောက်ကိုချစ်နေရင်းနဲ့မှ ကိုယ့်ကိုရင့်ကျက်အောင်သင်ပြသွားပေးတာပါ။

‘မာရှီ ဘတ်စကတ်ဘောပြန်မဆော့ချင်ဘူးလား’

‘ငါလား..မဆော့ချင်ပါဘူး’

‘ဒါပေမဲ့ မင်းကအကုန်သိနေတာလေ..ပြီးတော့ နေ့ခင်းကမင်းပြောနေတဲ့ပုံလေးက တက်ကြွပြီးအရမ်းပျော်နေသလိုပဲ’

‘ဪ..’ မာရှီဟိုကပြန်ဖြေရင်းနဲ့ပြုံးနေပြန်သည်။ သူတကယ်သဘောကျတဲ့အရာတစ်ခုဖြစ်လို့ တွေးလိုက်တာနဲ့ကိုပျော်နေတာမျိုးဖြစ်နိုင်သည်။
ဒါကိုဂျွန်ခယူကဘာမှပြန်မပြောဘဲ တိတ်တိတ်လေး ဘေးကနေရပ်ကြည့်နေလိုက်သည်။

‘ကားလာပြီ မာရှီ’

‘အင်း မင်းလည်းပြန်တော့’

‘ကားပေါ်မှာသတိထားနော်’

‘အိုကေ’

ဘတ်စ်ကားထွက်သွားတော့မှ သူ့ကားရှိတဲ့နေရာကို ပြေးသွားလိုက်သည်။

‘ရပြီ ဦးလေး ပြန်ကြမယ်’

‘ဒီနေ့မြန်သားပဲ’

‘ဟုတ်ကဲ့’

အနောက်မှာထိုင်ခါးပတ်ပတ်လိုက်ရင်း ပြန်ဖြေလိုက်သည်။ ဒါကလည်းပထမဦးဆုံးအနေနဲ့ကားမောင်းတဲ့ဦးလေးက ဂျွန်ခယူ့အကြောင်းကိုစိတ်ဝင်တစားမေးလာခြင်းဖြစ်သည်။

ဂျွန်ခယူကလည်းအကင်းပါးသူမို့ ပြဿနာဖြစ်နေနိုင်မယ့်ဟာမျိုးဘာမှမလုပ်ထား။ လူကြီးမှန်သမျှ အဖေနဲ့ပတ်သက်နေနိုင်တာမို့ အကုန်သတိထားတာကစိတ်အချရဆုံးဖြစ်သည်။ ဒါတောင် ကားဂိတ်လိုက်စောင့်ပေးတာမျိုးက လုပ်ကိုလုပ်ပေးချင်တဲ့ကိစ္စဖြစ်နေတာမို့ ပြောလာရင်လည်း ပြန်ဖြေရှင်းဖို့ ဆင်ခြေကကြိုစဉ်းစားရသေးသည်။ မပြောနိုင်ဘူးလေ။ အဖေ့ရဲ့ သတင်းပေးတွေဘာတွေလည်းဖြစ်နေနိုင်တာပဲ။

အထက်တန်းမပြီးမချင်း ဘာပြဿနာမှတက်လို့မဖြစ်။ မဖြစ်အောင်လည်းသတိထားရမည်။ မဟုတ်ရင် ချက်ချင်းလက်ငင်းကိုနိုင်ငံခြားအပို့ခံရနိုင်ပြီး ရှင်ကွဲကွဲရမှာ ၁၀၀ ရာခိုင်နှုန်းသေချာသည်။


///
////
/////

ဒီနေ့ အကအသင်းခန်းမှာ ပြင်စရာတွေရှိတာနဲ့ တစ်ရက်နားထားသည်။ ဂျွန်ခယူကတော့အဆိုအသင်းရှိသေးတာမို့ အားကစားကွင်းထဲသွားဆော့ရင်း စောင့်နေဖို့စိတ်ကူးလိုက်သည်။

အကပြီးရင် ဒုတိယအကြိုက်ဆုံးက ဘတ်စကတ်ဘောလို့ပြောလို့ရတဲ့အထိကို ရူးသွပ်ခဲ့ဖူးသည်။ ဒါပေမယ့် အကကိုပိုရွေးချယ်လိုက်သည်။ အမေက အကကိုသိပ်သဘောကျတဲ့သူမို့လို့။

အခုတော့ တစ်ရက်တစ်လေ အပျင်းပြေ‌သဘောနဲ့ တစ်ယောက်တည်းဆော့ဖို့ ကွင်းထဲကိုဝင်သွားလိုက်သည်။ ဖြစ်ချင်တော့ ဘတ်စကတ်ဘောသမားတွေက မပြန်သေးဘဲ လေ့ကျင့်နေကြတာနဲ့တိုးသည်။

ဒါနဲ့ ဝင်မဆော့တော့ဘဲ ပွဲကြည့်ပရိသတ်နေရာကိုပဲတက်သွားလိုက်သည်။ ဘယ်ချိန်ကတည်းကလေ့ကျင့်နေကြလဲမသိပေမယ့် ၁၅ မိနစ်လောက်အကြာမှာ အကုန်သိမ်းသွားကြသည်။ ထူးထူးဆန်းဆန်း ဒိုနီတစ်ယောက်ကျန်ခဲ့ပြီး ခြင်းထဲကို ဘောလုံးတွေပစ်ထည့်နေသည်။

‘လက်ကိုအနောက်နည်းနည်းပိုလှန်ပြီး ပေါ့ပေါ့လေးပစ်လိုက်’

အသံကြားတော့ ဒိုနီကအနောက်ကိုလှည့်ကြည့်သည်။

‘မာရှီဟို? မင်းကဘာလာလုပ်တာလဲ’

‘စိတ်ပူမနေနဲ့ ငါဘတ်စကတ်ဘောအသင်းထဲမဝင်ဘူး’

ဒိုနီကိုအရှေ့ကိုပြန်လှည့်သွားပြီး ခြင်းထဲကိုပစ်လိုက်သည်။ မဝင်သေး။

‘လက်ကိုနောက်နည်းနည်းပိုလှန်ပါဆို’

‘ဆရာ လာမလုပ်နဲ့’

‘ငါပြောသလိုအရင်လုပ်ပြီး မဝင်ဘူးဆိုမှ ဆက်ပြောတာပေါ့’

ဒိုနီက ဒီတစ်ခါတော့ နားထောင်ပြီး မာရှီဟိုပြောသလိုပုံစံပြောင်းကာပစ်သွင်းလိုက်သည်။ ခြင်းထဲကိုဝင်ကာနီးမှ ဘောင်ကိုရိုက်ပြီး ပတ်ချာလည်နေသည်။ ထို့နောက် ဖြည်းဖြည်းချင်း ခြင်းထဲကိုဝင်သွားသည်။

‘တွေ့လား’

‘မင်းကဘာလာလုပ်တာလဲ’

‘သူငယ်ချင်းကိုစောင့်ရင်းနဲ့ ဘယ်သူမှမရှိဘူးထင်ပြီး ဝင်လာတာ’

‘ဪ ဂျွန်ခယူပေါ့’

‘အင်း...မင်းဆက်ဆော့လေ ငါကခဏနေပြန်မှာပါ’

‘ပါးစပ်တော့ပိတ်ထား’

သူ့ကိုအခုထိမကြေသေးမှန်းသိတဲ့ မာရှီဟိုက အခြေအနေကြည့်ပြီး အနောက်ကနေငြိမ်ငြိမ်လေးနေလိုက်သည်။
အခန်းထဲမှာတော့ ဘောလုံးကျသံနဲ့ သံတန်းရိုက်သံတွေကလွဲပြီး ဘာမှမကြားရ။

‘မင်းငါ့ကိုသဘောမကျမှန်းတော့သိတယ်..ဒါပေမဲ့ ငါမင်းကိုကူညီနိုင်ပါတယ်’

‘မလိုဘူး’

‘ပြီးတာပဲလေ...နောက်စိတ်ပြောင်းသွားရင်တော့ ပြောပေါ့’

မာရှီဟိုကထိုင်ရာကနေထပြီး အခန်းထဲကထွက်သွားလိုက်သည်။ နောက်ပြန်လှည့်မကြည့်ပေမယ့် ဘောလုံးသံတွေကြားနေရသေးတာမို့ ဒိုနီက ဆက်လေ့ကျင့်နေတုန်းပဲဆိုတာသိနိုင်သည်။

‘မင်း’

ဒိုနီကအနောက်ကနေလှမ်းပြောတော့ မာရှီဟိုဆက်မသွားဘဲရပ်လိုက်သည်။

‘ဒုတိယဖြစ်ရတဲ့ ခံစားချက်ကိုမင်းသိလား’

မာရှီဟိုကနောက်ပြန်လှည့်ကြည့်ရင်းပြန်ပြောလိုက်သည်။

‘ဒုတိယမဖြစ်ဖူးတော့မသိဘူးပဲ’

ဒိုနီက ဟက်ခနဲရွဲ့ကာရယ်လိုက်ပြီး ဘောလုံးနဲ့ကြမ်းပြင်ကိုဆက်တိုက်ပုတ်နေသည်။ မာရှီဟိုကဖြည်းဖြည်းချင်းနောက်ပြန်လျှောက်လာပြီး ကြမ်းပြင်နဲ့ရိုက်လို့အပေါ်ပြန်ကန်လာတဲ့ ဘတ်စကတ်ဘောလုံးကိုဒိုနီ့လက်ထဲမရောက်ခင် ဖြတ်ယူလိုက်သည်။

‘ဒုတိယမဖြစ်အောင်လုပ်လို့ရမယ့်နည်းတော့သိတယ်...မင်းလိုချင်ရင်ပေါ့’

ဘောလုံးကိုဒိုနီ့ဆီပြန်ပုတ်ပေးလိုက်ရင်းနဲ့ တစ်ခွန်းတည်းပြန်ပြောလိုက်သည်။

---------- High School Love Story -----------

အထက်တန်းကျောင်းကအချစ်တွေအကြောင်းရေးရင်း ကိုယ့်အထက်တန်းကိုပြန်လွမ်းလာတာ။
စာတွေကြိတ်မှိတ်ကျက်ခဲ့ရတာအပြင် ကျောင်းမှာ ကိုယ်သဘောကျတဲ့ ကောင်လေးကို ခိုးကြည့်ခဲ့ရတာလေးက လွမ်းစရာပဲ။
အိမ်ကဆူမှာစိုးလို့ ရည်းစားလည်းမထားရဲခဲ့ဘူးလေ။
(အခုလည်းမရပါဘူး 🌚🌝) သိတယ်မလား? ငယ်သေးတော့ အသေအဆော်ခံရမှာ။

ဒါပေမယ့် အဲအချိန်တွေတုန်းက တကယ်စာကျက်ချင်စိတ်တွေ ကျောင်းသွားချင်စိတ်တွေဖြစ်ခဲ့တာပါပဲ။

ဒီထဲက မာရှီခယူလိုသာ သတ္တိရှိခဲ့ရင်ကောင်းသား…

သိပ်အများကြီးမကျန်တော့ပါဘူး ပြီးတော့မှာပါ။





zawgyi

High School Love Story (Mashikyu)Where stories live. Discover now