Unicode
‘မင်းငါ့ကိုရှောင်နေတာမလား’ ဂျွန်ခယူကလက်ကိုမလွှတ်ဘဲ မေးလိုက်တော့ မာရှီဟိုကလည်းကားပေါ်တက်လို့မရတော့။
ကားမှတ်တိုင်ကလူတွေလည်း ကားပေါ်အကုန်တက်သွားကြပြီ။ ကားမှတ်တိုင်မှာတော့ သူတို့ ၂ ယောက်သာကျန်ခဲ့သည်။
‘ပြောလေ ဟုတ်တယ်မလား’
‘အင်း’ မာရှီဟိုက ကားပေါ်တက်ဖို့ပြင်ထားတဲ့ခြေလှမ်းတွေကိုနောက်ပြန်ဆုတ်လိုက်ပြီး မှတ်တိုင်က ခုံပေါ်မှာထိုင်လိုက်သည်။
‘ငါ့ကိုဘာလို့ရှောင်နေတာလဲ’
‘မင်း မပြန်ဘူးလား..ကားကစောင့်နေတာကြာနေဦးမယ်’
‘အဲ့တာတွေစိတ်ပူမနေနဲ့...ငါမေးတာပဲဖြေ’
‘ဒီအတိုင်း..ငါမင်းနဲ့မတွေ့ချင်လို့’
‘ရုတ်တရက်ကြီး? ဘာလို့လဲ? ငါဘာအမှားလုပ်မိလို့လဲ မာရှီ..ပြောလေ’
‘မင်းဘာအမှားမှမလုပ်ပါဘူး….ဒီနေ့တော့ ငါနားချင်လို့ပါကွာနော်..မင်းပြန်တော့’
‘ငါဒီနေ့ အဖြေတောင်းမယ်လို့ပြောထားတာမင်းမေ့သွားပြီလား’
မာရှီဟို မရရအောင်ရှောင်ထွက်ချင်ပေမယ့် ဂျွန်ခယူကွက်တိကိုမှမေးလာခဲ့ပြန်သည်။ မဖြေချင်လို့ဘယ်လိုပဲရှောင်ရှောင် ဒီနေ့ကတော့ပြေးမလွတ်တော့မှန်း မာရှီဟိုသိလိုက်ပြီ။ အခုချိန်မျိုးမှာ တစ်ယောက်ယောက်များ ဖုန်းဆက်ပြီးလှမ်းခေါ်ပါစေလို့လည်းဆုတောင်းနေမိသည်။
ဒါပေမယ့် ဘယ်သူကမှဖုန်းဆက်မလာခဲ့ပါ။
‘အာ ဟုတ်သားပဲ..ဆောရီးကွာ ငါလုံးဝမေ့သွားတာ’
‘မေ့သွားတယ်?’
‘အင်း ဒီတစ်ပတ်အားမှစဉ်းစားလိုက်မယ်..ငါ..ပြန်တော့မယ် ဟိုမှာကားလာပြီ’
‘အဲဒီကားမှမဟုတ်တာ.. မာရှီ… ငါမင်းနဲ့သိတာမကြာသေးပေမယ့် မင်းကကောင်းကောင်းမလိမ်တတ်တဲ့သူဆိုတာတော့ငါသိတယ်..မင်းစဉ်းစားပြီးပြီမလား’
‘ဂျွန်ခယူ မင်းငါ့ကိုဒီနေ့လွှတ်ပေးလိုက်ပါတော့လား...ဟုတ်တယ် ငါစဉ်းစာပြီးပြီ..ဒါပေမယ့် ငါစဉ်းစားမိသလို လုံးဝမဖြစ်နိုင်လို့ ငါတခြားအဖြေစဉ်းစားနေတယ်...အဲ့တာတောင် ငါအဖြေမရသေးဘူး..ငါတစ်ပတ်လုံးလုံးစဉ်းစားနေခဲ့တာ...အခုအဖြေကိုတော့ ငါလုံးဝမပြောနိုင်ဘူး’
မာရှီဟိုက ပြန်ပြောပြီး စိတ်ညစ်စွာနဲ့ ဒူးပေါ်လက်ထောက်ထားကာ ခေါင်းကိုငုံ့ထားလိုက်သည်။ ဂျွန်ခယူ့ကိုလုံးဝလှည့်မကြည့်။ စိတ်တိုခြင်း အလိုမကျခြင်းတို့ကြောင့် ပူအိုက်ပြီး ကျောမှာချွေးတွေကလည်းရွှဲနေသည်။
‘မင်းစဉ်းစားထားတာ မှားသွားမှာစိုးလို့လား? ဘာလို့လဲ မှားလည်းဘာမှမဖြစ်ပါဘူး မာရှီရာ...ငါစိတ်မဆိုးပါဘူး’
‘ငါ့အဖြေကအဓိပ္ပါယ်မရှိလို့ပဲ...ငါသွားပြီ လိုက်မလာနဲ့...ငါတကယ်စိတ်ဆိုးမိလိမ့်မယ်’
မာရှီဟိုကအော်ပြောပြီးထားခဲ့တော့ ဂျွန်ခယူက အခြေအနေကိုအကဲခတ်ပြီး လွှတ်ပေးလိုက်သည်။ အနောက်ကနေလိုက်မသွားတော့။ မှတ်တိုင်မှာတစ်ယောက်တည်းထိုင်ပြီးကျန်ခဲ့သည်။ ဘယ်လောက်ကြာကြာထိုင်နေမိမှန်းတောင်မသိလိုက်။ ကားမောင်းတဲ့ဦးလေးက ကြာလို့ဖုန်းဆက်ခေါ်မှ ထွက်သွားတော့သည်။
အနောက်ကနေ ဂျွန်ခယူလိုက်လာမှာစိုးရိမ်တာနဲ့ ခပ်သွက်သွက်လမ်းလျှောက်ပြီး နောက်မှတ်တိုင်တစ်ခုကိုရောက်မှ ရပ်လိုက်သည်။ တစ်မှတ်တိုင်စာ လမ်းလျှောက်လိုက်ရပေမယ့် စိတ်ကပင်ပန်းနေတာမို့ လူပင်ပန်းတာတောင်မသိတော့။
မှတ်တိုင်ရောက်မှထိုင်ချပြီး အမောဖြေလိုက်သည်။ ဒီနေ့တော့လွတ်အောင်ရှောင်နိုင်ခဲ့ပေမယ့် မနက်ဖြန်တော့ မရှောင်နိုင်တော့။ ဒီအဖြေကိုသူကဘယ်လိုမျက်နှာနဲ့ ဖြေရမှာလဲ?
မှန်သွားရင်လည်း မဖြစ်… မှားသွားရင်လည်း ရှက်စရာ…
အဲ့တာထက်ပိုအရေးကြီးတာက တကယ်လို့ သူထင်တာမှန်သွားရင် ဘာဆက်လုပ်ရမလဲဆိုတဲ့ကိစ္စ။
‘မဖြစ်နိုင်ပါဘူး...သူကဆယ်ရီ့ကိုပဲကြိုက်မှာ သေချာတယ်’
တစ်ယောက်တည်း ‘ဘူး’ ခံငြင်းရင်းနဲ့ပဲ အိမ်ပြန်လာခဲ့လိုက်တော့သည်။
// /// //////
‘ဂျွန်ခယူလေး ပြန်လာပြီလား’
‘ဟုတ်ကဲ့’
အိမ်တော်ထိန်းမေးတာကို မဖြေချင့်ဖြေချင်နဲ့ဖြေပြီး ခြေတရွတ်တိုက်ဆွဲကာအိမ်ပေါ်ကိုတက်သွားသည်။
‘သား နောက်ကျလိုက်တာ..ဒီနေ့စောစောပြန်လာရမယ့်ကိစ္စကို’
အဖေ့အခန်းထဲကနေ ရေနွေးကြမ်းပန်းကန်နဲ့ပြန်ထွက်လာတဲ့အမေက လှမ်းမေးလိုက်သည်။
‘ဟုတ်ကဲ့..နည်းနည်းနောက်ကျသွားပါတယ်’
သားတစ်ခုခုဖြစ်လာမှန်းသိလို့ အမေကဘာမှဆက်မပြောတော့ဘဲ အောက်ထပ်ကိုဆင်းသွားလိုက်သည်။သူမကတော့ ပြင်ဆင်ပြီး တစ်ဖက်ကကုန်တိုက်ကိုပြန်သွားရဦးမှာမို့ ခပ်သွက်သွက်နဲ့လုပ်စရာရှိတာလုပ်နေလိုက်သည်။
ည ၉ နာရီထိဖွင့်တဲ့ကုန်တိုက်မှာ တစ်နေကုန်နီးပါးကြီးကြပ်နေတတ်သူမို့ အိမ်မှာ သားဖြစ်သူသာမရှိရင် အိမ်တော်ထိန်းတွေနဲ့သာ တိတ်ဆိတ်နေတတ်သည်။
‘ဂျွန်ခယူရေ မေမေသွားပြီနော်’
‘နဲ….’ အမေကအောက်ကနေလှမ်းအော်တော့လည်း ဂျွန်ခယူကအခန်းထဲကနေပြန်အော်သည်။ ဒါပေမယ့် အားမရှိတဲ့အသံနဲ့ဖြစ်နေတော့ အိမ်တော်ထိန်းတွေအကုန်လုံးက အပေါ်ကိုမော့ကြည့်မိကြသည်။
‘သူပြန်လာကတည်းကဘာဖြစ်နေတာလဲ...စိတ်ပျက်လက်ပျက်ဖြစ်နေသလိုပဲ’
‘ကျွန်မလည်းအဲ့လိုပဲထင်နေတာ သူဌေးကတော်..ဘာလုပ်ပေးလိုက်ရမလဲ သူကြိုက်တဲ့ ပဲခေါက်ဆွဲလုပ်ကျွေးလိုက်ရမလား’
‘အင်း အဲ့လိုလုပ်လိုက်ရင်ကောင်းမယ်နော်...ဒါဆို ကျွန်မကိုယ်တိုင်ပဲလုပ်လိုက်မယ်’
‘ကုန်တိုက်သွားဖို့နောက်ကျနေဦးမယ်’
‘တခြားသူတွေရှိတာပဲလေ သူစိတ်ညစ်တုန်း လုပ်ကျွေးလိုက်ဦးမယ်..အခုတလော ဒီလိုမဖြစ်တာကြာပြီလေ’
ဂျွန်ခယူပြုံးပြုံးရွှင်ရွှင်နဲ့ အရင်ကထက်ပိုတက်ကြွလာတာကို လူတိုင်းသတိထားမိကြတာမို့ ဒီနေ့လိုအဖြစ်အပျက်မျိုးက သူတို့ကိုပြန်အံ့အားသင့်စေသည်။
*ဒေါက် ဒေါက်*
‘သားရေ မေမေပါ’
‘ဟုတ်ကဲ့’
အမေဖြစ်သူကတံခါးဖွင့်ပြီးဝင်လာသည်။ ပဲခေါက်ဆွဲပန်းကန်ကိုစားပွဲပေါ်တင်ပေးလိုက်ပြီး ကုတင်ပေါ်မှာ အင်္ကျီတောင်မလဲရသေးဘဲ ဝမ်းလျားမှောက်အိပ်နေတဲ့သားနားကိုးဖြည်းဖြည်းချင်းသွားလိုက်သည်။
‘သား ဒီနေ့ဘာတွေစိတ်ညစ်စရာရှိလို့လဲ’
‘ဘာမှရှိဘူး’
‘ဘာမှမရှိဘူးသာဆိုတယ် လူကဖြင့်ပျော့ခွေလို့’
ဂျွန်ခယူက ငုတ်တုတ်ထထိုင်လိုက်ပြီး သက်ပြင်းချလိုက်သည်။
‘မေမေ ဘဝကြီးကအမြဲတမ်းဒီလိုပဲခက်ခဲတာလား ဒါမှမဟုတ် သားကငယ်သေးလို့ပဲလား’
‘အမြဲတမ်းဒီလိုပဲသား...လာ ပဲခေါက်ဆွဲလုပ်ထားတာ ခွံ့ကျွေးမယ်’
အမေက တူနဲ့ နှံ့နေအောင်နယ်လိုက်ပြီး ဂျွန်ခယူ့ကိုခွံ့ကျွေးလိုက်သည်။ ဂျွန်ခယူကပါးစပ်ဟပြီး စားမယ်အလုပ် မစားတော့ဘဲ အမေ့လက်ထဲကတူကိုယူလိုက်သည်။
‘အခုကစပြီး အကုန်သားဘာသာသားလုပ်တော့မယ်။ လုပ်ကြည့်တော့မလို့’
‘နေရောကောင်းရဲ့လား သား’
‘ကောင်းပါတယ် မေမေရဲ့’
‘မသိပါဘူး မပြောဖူးတာတွေပြောနေလို့’
‘တကယ်ပြောတာ..သားအခုအဝတ်တောင်လျှော်တတ်နေပြီ’
‘ဘာဖြစ်တယ်’
‘ပန်းကန်လည်းဆေးတယ်’
‘သားကိုအဲ့လိုတွေမလုပ်ရအောင် အမေတို့လူတွေငှားထားတာလေ..အဲ့တာတွေမလုပ်ဘဲ စာပဲလုပ်ပြီး သားအဖေစိတ်တိုင်းကျအောင်သာနေပြလိုက်..ဒါဆို အိုကေပဲ’
‘စိတ်မပူပါနဲ့ မေမေ အဲ့တာအတွက်လည်း ကြိုးစားမှာပါ’
‘အိုကေ သားလေး..ဒါဆို မေမေဆိုင်သွားပြီနော်’
‘ဟုတ်’
မေမေလုပ်ကျွေးတဲ့ဟင်းမှန်သမျှအရသာအရှိဆုံးဆိုပေမယ့် မာရှီဟိုချက်ကျွေးနေကျ ကင်ချီဟင်းရည်ကလည်း သူ့အတွက်အကောင်းဆုံးဖြစ်နေပြန်သည်။
မာရှီဟိုကဘယ်လိုအဖြေကိုစဉ်းစားမိလို့ မဖြေချင်တာလဲမသိ? ဒါမှမဟုတ်….
အဖြေကမှန်ရဲ့သားနဲ့ သူအဲ့တာကိုသဘောမကျလို့များလား?
စာပို့ထားတာကိုလည်းအခုထိမဖတ်သေး။ စိတ်ပူပြီးရင်း ပူနေရတာမို့ ချက်ချင်းတောင် ထသွားပြီး သူ့အိမ်ရှေ့မှာသာသွားထိုင်စောင့်နေလိုက်ချင်တော့သည်။ နာရီကိုကြည့်လိုက်တော့ ၇ နာရီပဲရှိသေးသည်။
မနက်ထိရောက်အောင်တစ်ညလုံးဘယ်လိုကျော်ဖြတ်ရပါ့မလဲ….
---------------------------------------------
ချိန်းထားတာ ၁၀ နာရီမှဆိုပေမယ့်လည်း အစောကြီးရောက်နှင့်နေပြန်ပြီ။ မာရှီဟို့အိမ်ရှေ့ကို…..
စောင့်နေရမလား..မစောင့်သင့်ဘူးလား တွေဝေနေရင်း တိုက်ရှေ့ကလမ်းမပေါ်မှာဘယ်သွားလိုက်ညာသွားလိုက်နဲ့ ယောက်ရက်ခတ်နေသည်။ မစောင့်တော့ဘူးဆိုပြီး ပြန်လှည့်ထွက်မယ်လုပ်လိုက်...စောင့်နေမယ်ဆိုပြီး ပြန်ရောက်လာလိုက်နဲ့ လမ်းပေါ်ကလူတွေက သူ့ကို တစ်ခုခုကြံတော့မည့်လူလို့တောင် ထင်နေလောက်ပြီ။
အိမ်ကနေအစောကြီးထွက်လာခဲ့တော့ အိမ်တော်ထိန်းကအတင်းထိုးထည့်လိုက်တဲ့ပေါင်မုန့်တစ်လုံးအပြင်ဘာမှမစားရသေး။ ဗိုက်ထဲကတဂွီဂွီမြည်နေတဲ့အသံကို လက်နဲ့ဖိရင်း မာရှီဟိုတို့တိုက်ခန်းကိုမော့ကြည့်လိုက် အရှေ့လျှောက်လိုက် အနောက်လျှောက်လိုက်နဲ့လုပ်နေသည်။
၉ နာရီထိုးလောက်မှာ ဘောင်းဘီအိတ်ကပ်ထဲထည့်ထားတဲ့ဖုန်းကနေ ဝီကနဲတုန်လာသည်။ ဘယ်သူ့ဆီကဖုန်းကိုမှကိုင်ချင်စိတ်ရှိမနေတာမို့ လေးတိလေးကန်နဲ့ဖုန်းကိုထုတ်လိုက်သည်။
*မာရှီ*
မထင်ထားတဲ့သူမို့လို့ လက်ထဲကဖုန်းကလွတ်တောင်ကျသည်။ မြေကြီးပေါ်မကျခင် အသည်းအသန်ပြန်ဆယ်ပြီး လက်ထဲရောက်အောင်ယူလိုက်ပေမယ့် လျှောပြီးကျပြန်သည်။ လမ်းပေါ်တစ်ယောက်တည်းရှိနေလို့တော်တော့သည်။ မဟုတ်ရင် ဟာသလုပ်ပြနေတယ်ထင်ပြီးလာဝိုင်းကြည့်နေလောက်သည်။
‘ဟယ်လို ဟယ်လို အင်း မာရှီ ဘာလို့လဲ လာတော့မလို့ပဲ ဘာလို့ဆက်?’ အသံက လုံးထွေးနေပြီး ပြောချင်ဇောတွေများနေတော့ ဘာတွေပြောလိုက်မိမှန်းတောင်မသိ။
‘အိမ်ထဲဝင်ခဲ့’
‘ဟင်’
‘လမ်းပေါ်ရပ်မနေဘဲ အိမ်ထဲဝင်ခဲ့လို့’
မာရှီဟိုကဖုန်းချသွားတော့ ဂျွန်ခယူအူကြောင်ကြောင်ဖြစ်သွားသည်။ ထို့နောက် မာရှီဟို့တိုက်ခန်းရှိရာနေရာကိုလှမ်းကြည့်လိုက်သည်။
‘အာ..ဟုတ်သားပဲ..အပြင်ကိုမြင်ရတာပဲ’
-----------------------------------------------
တံခါးဖွင့်ပြီးဝင်လာတော့ မာရှီဟိုက အခန်းထဲကနေထွက်လာတာကိုတွေ့လိုက်ရသည်။
‘သွားတော့မှာလား’
‘မသွားသေးဘူး ထိုင်ဦး’
‘အင်း..အင်း’ လာနေကျအိမ်ဆိုပေမယ့် ဒီနေ့မှထူးထူးဆန်းဆန်းကို ကသိကအောက်နိုင်နေသည်။ ထိုင်တာတောင်ကျုံ့ကျုံ့လေးထိုင်နေမိသည်။
ခဏနေတော့ မာရှီဟိုက ခေါက်ဆွဲပြုတ် ၂ ဘူးနဲ့ ရောက်လာသည်။ သူ့ရှေ့ကိုတစ်ဘူးလာချပေးသည်။
‘ရော့’
မမေးမစမ်းဘဲ တစ်ခါတည်းလာချတော့ သူလမ်းမပေါ်မှာဗိုက်နှိပ်နေတာကိုများမြင်သွားတာလားမသိဘူးဆိုပြီး တွေးမိကာရှက်သွားသည်။
‘မင်းငါ့ကိုဒီကနေကြည့်နေတာလား’
‘အဟွတ်...ကြည့်နေတာမဟုတ်ပါဘူး မြင်သွားတာ’
‘ဪ…’
ဂျွန်ခယူကခေါက်ဆွဲဘူးကိုဖွင့်ပြီး တူနဲ့မွှေကြည့်တော့ အတောင့်လိုက်ကြီးဖြစ်နေသေးသည်။
‘ခေါက်ဆွဲကမနူးသေးဘူး’
‘အင်း ငါရောပဲ..အခုတင်ရေနွေးထည့်လာတာ’
ခေါက်ဆွဲနူးအောင်စောင့်ရင် အနည်းဆုံး ၄ မိနစ်လောက်ကကြာဦးမည်။ နှစ်ယောက်လုံးဘူးကိုပြန်ပိတ်လိုက်ပြီး ငြိမ်ငြိမ်ထိုင်နေကာ တစ်ယောက်ကိုတစ်ယောက်မကြည့်ကြ။
‘အဲ့တော့မနေ့က’ ‘အခုဖြေလို့ရလား’
နှစ်ယောက်သားကတစ်ချိန်တည်းမှာ စကားပြောမိကြတော့ တိတ်ဆိတ်နေတဲ့လေထုကအသက်ဝင်လာပြီး ရယ်မိကြသည်။
‘ဘာပြောမလို့လဲ’ မာရှီဟိုကအရင်ပြန်မေးလိုက်သည်။
‘မင်းအရင်မပြောရင် ငါပြောလိုက်မယ်’
‘အင်း’
‘မနေ့ကငါလွန်သွားရင် တောင်းပန်ပါတယ်’
‘ငါရောပဲ’
‘မဟုတ်တာ ငါကမှ မင်းကိုအတင်းမေးနေခဲ့တာ’
‘ခေါက်ဆွဲနူးပြီ အရင်စားကြမယ်’
‘အင်း’
အိမ်ပေါ်ကနေ ပန်းပင်လေးကိုရေလောင်းဖို့တံခါးဖွင့်လိုက်တာနဲ့တန်းမြင်နေရတဲ့လမ်းမ။ သူသာမျက်စိမမှုန်သေးဘူးဆိုရင် ဟိုးအောက်မှာရပ်ပြီး ဟိုသွားလိုက်ဒီသွားလိုက်လုပ်နေတာက ဂျွန်ခယူဆိုတာသေချာသည်။ ပြန်သွားရမလို ရပ်စောင့်နေရမလိုဖြစ်နေပုံလည်းရတာမို့ မာရှီဟို ရယ်လိုက်မိသည်။
ခဏနေတော့ဂျွန်ခယူက ဗိုက်ကိုပွတ်ပြီး ထိုင်ချလိုက်တာကိုလည်းတွေ့ရသည်။
‘ခွီး’
‘ဟင် ဘာရယ်တာလဲ’
အိမ်တံခါးပိတ်နေရင်း မာရှီဟိုကထရယ်တော့ ဂျွန်ခယူကမေးလိုက်သည်။
‘စောနကမင်းပုံကိုပြန်တွေးမိလို့ ဟား ဟား’
‘ငါ့ပုံ?’
‘အင်း..ဘာမှမဟုတ်ဘူး လာသွားကြမယ်’
တစ်နေ့လုံးကတော့ မနေ့ကနဲ့မတူဘဲ အခြေအနေကောင်းသည်။ တစ်ခန်းတည်း အတူတူသင်ရတော့လည်း အကြည့်လွှဲနေတာမျိုး ရှောင်နေတာမျိုးမရှိ။ ထမင်းစားတော့လည်း အတူတူ သူကထည့်ပေးလိုက် တစ်ယောက်ကစားလိုက်။တစ်ပတ်တာ လုပ်အားပေးကပြီးပြီမို့ နောက်တစ်ပတ်မှပြန်လာရတော့မည်။
ဂျီအူတို့ပြန်သွားပြီး ဂျွန်ခယူ နဲ့ မာရှီဟို နှစ်ယောက်သားက ဂေဟာထဲကမထွက်သေးဘဲ ကလေးကစားကွင်းထဲကခုံမှာထိုင်လျက်ကျန်ခဲ့သည်။
ဒီနေ့မရှင်းလို့မဖြစ်တဲ့ကိစ္စကကျန်နေသေးသည်လေ။
‘ဂျွန်ခယူ...ငါမှားရင်လည်း ငါ့ကို မလှောင်နဲ့..ငါ့မှာလည်း ဒီအဖြေတစ်ခုပဲရှိတယ်’
‘အင်း စိတ်ချ အဲ့တော့ မင်းထင်တာကဘာလဲ’ ဂျွန်ခယူက မျက်လုံးများအရောင်တောက်စွာနဲ့ မာရှီဟို့အဆီကအဖြေကိုစောင့်နေသည်။
‘မင်း ဧကန္တ...ငါ့ကိုကြိုက်နေတာတော့မဟုတ်ဘူးမလား’
မေးစေလိုတဲ့မေးခွန်းဖြစ်နေတဲ့အတွက် အရမ်းပျော်သွားသည်။ ချက်ချင်းပြန်မဖြေမိသေးဘဲ လွတ်လပ်ပေါ့ပါးစွာအရင်ပြုံးလိုက်မိသည်။ ကျေနပ်အားရမှုကြောင့်လည်း အသံထွက်ကာရယ်လိုက်မိပြန်သည်။
‘မင်းတကယ်တော်…’
‘မဟုတ်ဘူးမလား..အေးပေါ့...ဘယ်ဟုတ်မလဲနော့်...ငါကပဲလျှောက်တွေးမိသွားတာ ဟားဟား’
ဂျွန်ခယူကဖြေမယ်ကြံပေမယ့် သူရယ်နေတာကို မာရှီဟိုကတစ်မျိုးထင်သွားပြီး စကားဖြတ်ပြောလိုက်သည်။
‘ငါပြောလိုက်တာ စိတ်ထဲမထားနဲ့တော့’
‘ဘာလို့လဲ..ဘာလို့စိတ်ထဲမထားဘဲနေရမှာလဲ’
‘ငါပေါက်ကရတွေလျှောက်ပြောလိုက်တာကို မင်းကစိတ်ထဲထားချင်သေးတာလား ဒုက္ခပဲ’
မာရှီဟိုက ပြောပြီးနောက် ခြေထောက်က သဲတွေကို ကန်ရင်းဆော့နေသည်။ ဂျွန်ခယူက မာရှီဟို့ဘက်ကိုလှည့်ကြည့်ပြီး
‘ပေါက်ကရတွေမဟုတ်ဘူး..ငါမင်းကိုသဘောကျတာအမှန်ပဲ’
မာရှီဟိုကသဲတွေကိုဆက်မကန်တော့ဘဲ ရပ်သွားသည်။ ထို့နောက် ဂျွန်ခယူ့ကိုမယုံတယုံလှည့်ကြည့်ရင်း ဘာပြောရမလဲမသိတာနဲ့ နှုတ်ခမ်းတွေက စကားသံထွက်မလာ။
‘မင်းကိုဂရုစိုက်ပေးနေတာတွေက သူငယ်ချင်းထက်ပိုတယ်ဆိုတာ မင်းမခံစားမိဘူးလား..မင်းကိုချစ်လို့လုပ်ပေးမိနေတာတွေပါ...ဒီတိုင်း မင်းအနားကနေ နည်းနည်းလေးမှတောင် မဝေးသွားချင်လို့’
‘တကယ်?’
‘အင်း တကယ်ပဲ..မင်းကိုပေးတဲ့ သော့ချိတ်က အတိုကောက်တွေက ငါတို့ ၂ ယောက်ရဲ့နာမည်ပဲ..ပြီးတော့ အခုမှလုပ်ထားတာမဟုတ်ဘူး’
‘ဘယ်တုန်းက?’
‘မနှစ်က ကတည်းက’
‘---’
‘ငါမင်းကို အလယ်တန်းကတည်းကသဘောကျလာခဲ့တာ အရူးရဲ့’
‘ဟား…...ဟဟ….မဖြစ်နိုင်တာ’
‘ဟမ် ဘာလို့လဲ...ဖြစ်နိုင်လို့မှ မင်းကိုကြိုက်ပါတယ်ဆို’
‘မဟုတ်ဘူး...ငါကမဖြစ်နိုင်ဘူး…’
‘ဘာကို?’
‘ငါမင်းကိုပြန်မချစ်နိုင်ဘူး’
‘ချက်ချင်းအဖြေမပေးလည်းရပါတယ် မာရှီ မင်းအချိန်ယူ..’
‘ဟင့်အင်း..ဒီတိုင်း ပုံမှန်အတိုင်းပဲနေလို့မရဘူးလား..ငါမင်းဒီနေ့ပြောတာတွေအကုန် မေ့လိုက်မယ်’
‘မေ့လိုက်မယ်? မင်းဘယ်လိုတောင်..’
‘တောင်းပန်ပါတယ် ဂျွန်ခယူ..ငါတစ်ခါမှမင်းကို သူငယ်ချင်းထက်ပိုမတွေးဖူးဘူး...တွေးကြည့်လို့လည်းမရဘူး’
‘အခုကစပြီးတွေးကြည့်ရင်ရော’
‘ဂိုမန်း...ငါ သွားရတော့မယ် နောက်ကျရင် ကားကျပ်တယ်’
‘နေဦး’ ဂျွန်ခယူက မာရှီဟို့ကိုလက်ကိုလှမ်းဆွဲလိုက်သည်။ ထို့နောက် အနောက်ကနေ ခါးကိုလှမ်းဖက်လိုက်သည်။
‘မင်းဘာလုပ်တာလဲ’ မာရှီဟိုကခပ်မာမာနဲ့ပြောလိုက်တော့ ဂျွန်ခယူက ပိုပြီးတင်းကျပ်စွာဖက်လိုက်သည်။
‘မင်း ဘယ်လိုမှမခံစားရဘူးလား မာရှီ’
‘အင်း..မခံစားရဘူး’
‘နည်းနည်းလေးမှတောင် ရင်မခုန်ဘူးလား’
‘မခုန်ဘူး’
မာရှီဟိုရဲ့စကားအဆုံးမှာ ဂျွန်ခယူက အားအပြည်နဲ့ဖက်ထားတဲ့လက်တွေကိုလျှော့ချပြီး လွှတ်ပေးလိုက်သည်။ မာရှီဟိုက သူ့ဘက်ကိုလှည့်လာမယ်လုပ်တော့ ဂျွန်ခယူက မာရှီဟို့ပခုံးကိုကိုင်လိုက်ပြီး..
‘လှည့်မကြည့်နဲ့’ ပခုံးကိုဆက်ကိုင်ထားဆဲ။
‘မင်းလမ်းအတိုင်းဆက်သွား..ဒီနေ့ငါ့ကို လုံးဝပြန်လှည့်မကြည့်နဲ့’ ဂျွန်ခယူက မာရှီဟို့ပခုံးပေါ်ကနေ လက်တွေလွှတ်ချလိုက်သည်။
‘ငါဒီမှာခဏနေခဲ့ဦးမယ်..မင်းသွားတော့’
ခြေလှမ်းတွေကိုဖြည်းဖြည်းချင်းနဲ့ တစ်လှမ်းချင်းနောက်ပြန်ဆုတ်လိုက်သည်။ သဲပေါ်မှာ တရွတ်တိုက်သွားတဲ့ ခြေလှမ်းအသံကို မာရှီဟိုလည်းကြားမှာသေချာသည်။ ဒါပေမယ့် သူလည်း ပြန်လှည့်မကြည့်ခဲ့။
အရှေ့ကနေ တရွေ့ရွေ့ပျောက်သွားတဲ့ မာရှီဟို့အရိပ်ကြောင့် ခြောက်သွေ့နေတဲ့သဲပေါ်မှာ စက်ဝိုင်းပုံတစ်ခုက စိုစွတ်ပြီး ထင်ကျန်သွားသည်။
ခြောက်သွေ့နေတဲ့သဲတွေနောက်တစ်ခါထပ်မစိုရအောင် ပါးပေါ်က မျက်ရည်တွေကိုမြန်မြန်သုတ်လိုက်သည်။
ဖွင့်ပြောလိုက်ပေမယ့် စဉ်းစားချိန်တောင်မယူသွားဘဲ ချက်ချင်းအဖြေပေးပြီး အသည်းခွဲသွားတဲ့ကောင်လေးကြောင့် သဲတွေငိုပါငိုစေခဲ့တဲ့ ဂျွန်ခယူ့အတွက် ထိုညနေခင်းကတော့ ခြောက်သွေ့နေပေမယ့် နှလုံးသားထဲမှာတော့ မိုးသည်းထန်စွာရွာနေခဲ့သည်။
---------- high school love story -------------
ကိုတိမ်ညွှန့်……..
Zawgyi