Unicode
ဒီတစ်ပတ်စနေ့နေ့ကတော့ အရင်ရက်တွေနဲ့မတူ။ စာသင်ဖို့တင်သွားရမှာမဟုတ်ဘဲ အဒေါ်ဖြစ်သူနဲ့ပါတွေ့ရမှာဆိုတော့ မိသားစုတွေနဲ့သွားမိတ်ဆက်ရသလို ခံစားချက်မျိုး။
အသီးတွေကိုပါအားရပါးရဝယ်လာပြီး မာရှီဟို့အိမ်တံခါးကို အားပါပါနဲ့ခေါက်လိုက်သည်။
တံခါးလာဖွင့်ပေးတဲ့ မာရှီဟို့ကိုတွေ့လိုက်ရတော့ အသီးတွေသယ်လာရလို့ပင်ပန်းနေတာတွေတောင် ဘယ်ရောက်သွားမှန်းမသိ။
‘မာရှီ...ငါအသီးတွေဝယ်..’
‘စောစောလာပေးလို့ကျေးဇူးပဲ မြန်မြန်လာခဲ့’ မာရှီဟိုက ဂျွန်ခယူ့လက်ကိုဆွဲပြီး အိမ်ထဲကိုခေါ်သွားလိုက်သည်။ လက်ကိုအတင်းဆွဲပြီး အိမ်ထဲကိုတရွတ်တိုက်ဆွဲခံလိုက်ရသလိုမျိုးမို့ ဂျွန်ခယူ့မှာဖိနပ်တောင်သေချာမချွတ်လိုက်ရ။
‘ဖြည်းဖြည်းလုပ်ပါကွ မင်းကလည်း ဖိနပ်လေးတော့ ချွတ်ပါရစေဦး’
မာရှီဟိုက ဂျွန်ခယူ့လက်ထဲက သစ်သီးတွေကိုယူပြီး စားပွဲပေါ်ပြေးတင်လိုက်သည်။ ထို့နောက် အဝတ်စတစ်ခုကိုကိုင်ကာ ဂျွန်ခယူ့ဆီကိုပြန်လာသည်။
‘မင်းအဒေါ်ရော ရောက်ပြီလား’
‘ဪ သူငယ်ချင်းရောက်ပြီလား...ကျေးဇူးပဲသားရေ မာရှီဟိုက သူ့ငယ်ချင်းတစ်ယောက်ကလာကူပေးမယ်လို့ပြောကတည်းက အန်တီမျှော်နေတာ’
ဂျွန်ခယူမေးလို့မှမဆုံးသေး အဒေါ်ကြီးတစ်ယောက်က အနောက်တစ်နေရာကနေထွက်လာပြီး အာသွက်လျှာသွက်နဲ့လာပြောတော့သည်။ လက်ထဲမှာလည်း တံမြက်စည်း ၂ ချောင်းကိုင်ထားပြီး ချွေးတလုံးလုံးကလည်းထွက်နေသေးသည်။
‘ရော့ သားက ဒါယူ..ဒီနေ့တော့ အလုပ်တွေမြန်မြန်ပြီးပြီးပဲဟေး’
မာရှီ့အဒေါ်ဖြစ်သူက အဝတ်နဲ့ ရေပုံးတစ်ခုကိုဂျွန်ခယူ့လက်ထဲကိုထိုးထည့်လိုက်ပြီး ပျော်ပျော်ကြီးနဲ့အော်သွားသည်။
ဂျွန်ခယူ့လက်ထဲမှာအခုဆို အဝတ်တစ်ခုနဲ့ရေပုံးတစ်ပုံးနဲ့။ လွယ်အိတ်တောင်မချွတ်ရသေးတဲ့သူ့ပုံစံက မျက်လုံးလေး ကလယ်ကလယ်ဖြစ်နေသေးသည်။
‘မင်းပြောတဲ့ စပရိုက်ဆိုတာ ဒါလား?’ ဂျွန်ခယူက မာရှီဟို့ကို တိုးတိတ်စွာမေးလိုက်သည်။
‘အေး..ဒါပဲ’
အမှန်တရားကိုသိပြီးတဲ့နောက်မှာတော့ လှည့်ပြန်လို့လည်းမရတော့ပါ။ ဂျွန်ခယူတစ်ယောက် မာရှီဟိုနဲ့အတူ အိမ်သန့်ရှင်းရေးဝင်လုပ်လိုက်ရတော့သည်။
‘အန်တီက မာရှီဟိုတို့အိမ်ကို တစ်လတစ်ခါလောက်တော့ လာပြီး သန့်ရှင်းရေးလုပ် လျှော်ဖွတ်ပေးဖြစ်တယ်လေ။ မဟုတ်ရင် သားအဖနှစ်ယောက်တည်းနေတဲ့အိမ်က အမှိုက်ပုံဖြစ်နေမှာပဲ’
အဒေါ်ဖြစ်သူရဲ့စကားကိုတော့ ဂျွန်ခယူသိပ်လက်မခံချင်။ သူလာတဲ့နေ့တိုင်း ဘယ်လောက်တောင်သန့်ရှင်းလိုက်သလဲ။ အမြဲသပ်ရပ်နေတာ။
ဒါကိုပဲ သူ့အဒေါ်က အပြည့်အဝမသန့်ရှင်းသေးဘူးလို့ထင်နေတာများလား? အပျိုကြီးတွေကအကုန်လုံးကဒီအတိုင်းပဲလား?
‘မာရှီ မင်းအဒေါ်က အပျိုကြီလား’ ဂျွန်ခယူကတိုးတိုးလေးမေးလိုက်သည်။
‘မဟုတ်ဘူး ကလေး ၃ ယောက်နဲ့’
‘ဟမ်’
နားမလည်နိုင်ပေမယ့်လည်း လက်က ခုံတွေ စင်တွေကိုသုတ်နေရဆဲ။ ပင်ပန်းပေမယ့် ပျော်စရာတော့ကောင်းသည်။ မာရှီဟိုနဲ့အတူရှိနေရတဲ့အတွက် ဘာပဲလုပ်ရလုပ်ရပျော်သည်။
တစ်အိမ်လုံးကိုအပေါ်တက်အောက်ဆင်း ရေခပ် အဝတ်ရေညှစ် ပြန်သုတ်လုပ်နေရင်းနဲ့ နေ့ခင်း ၃ နာရီလောက်မှာပြီးသွားခဲ့ပြီ။
‘ကဲ အားလုံးသန့်သွားပြီ။ ရပြီ သားတို့ အကုန်လက်စသတ်ပြီး သိမ်းလိုက်တော့’
‘ဟုတ်’
မာရှီဟိုက ကြမ်းသုတ်အဝတ်တွေ၊ တံမြက်စည်းတွေ၊ ရေပုံးတွေ အမှိုက်ပုံးတွေအကုန်လုံးကို ယူလာပြီး ရေချိုးခန်းထဲဝင်သွားသည်။
ဂျွန်ခယူကလည်းအနောက်ကနေ သူ့ပုံးနဲ့အဝတ်စုတ်လေးယူပြီး ခပ်သွက်သွက်လေးလိုက်သွားသည်။
‘ဪ ဂျွန်ခယူ ထားခဲ့ ငါပဲဆေးလိုက်မယ်...မင်းသွားနားတော့’
‘မင်းတစ်ယောက်တည်း အကုန်လုပ်ရင် နေတောင်ဝင်သွားဦးမယ်..အတူတူလုပ်မယ်ကွာ..မြန်မြန်ပြီးတော့ မြန်မြန်ထမင်းစားရအောင်’
‘အိုကေ အဲ့တာဆိုလည်း လာ’
မာရှီဟိုက ရေတွေခပ်ပြီး ဗွမ်းကနဲ လောင်းချလိုက်သည်။ ထို့နောက် တံမြက်စည်းတွေကို ပုံးထဲနှစ်ပြီး ဆွဲထုတ်လိုက် ခါလိုက်လုပ်နေသည်။
ဂျွန်ခယူက အဝတ်တွေကို ရေလောင်းပြီး ဟိုညှစ်ဒီညှစ်လုပ်ပြီး မာရှီဟို့ကိုကြည့်နေလိုက်သည်။
‘ဘာလုပ်နေတာလဲ လျှော်လေ’
‘ဘယ်လိုလျှော်ရ?’
‘ဟမ်?’
‘ငါမလျှော်တတ်ဘူး’
‘ဟိုက ဆပ်ပြာခဲကိုယူ’
ဂျွန်ခယူကယူလိုက်သည်။
‘အဝတ်ပေါ်ကိုတင်’
မာရှီဟိုပြောသလိုတင်လိုက်သည်။
‘ပြီးရင်လက်နဲ့ပွတ်’
ဂျွန်ခယူကလက်နဲ့ အဝတ်ကိုပွတ်လိုက်သည်။ ဂျွန်ခယူလုပ်သမျှကိုမြင်ပြီးတဲ့နောက်မှာတော့ မာရှီဟိုက အားရပါးရရယ်နေတော့သည်။ ဂျွန်ခယူကလည်း သူမှားမှန်းသိတာမို့ ဘာမှန်းမှန်းတော့မသိပေမယ့် လိုက်ရယ်လိုက်မိသည်။ မာရှီဟိုပြုံးတာတွေ့ရုံနဲ့ အလိုလိုလိုက်ပြုံးချင်မိနေတဲ့ ဒီကြည်နူးစိတ်ကို ဘယ်လိုအဓိပ္ပါယ်ဖွင့်ဆိုရမလဲ?
‘မင်းကွာ...တစ်ခါမှအဝတ်မလျှော်ဖူးရအောင် မင်းကမင်းသားလေးလား? ဖယ် ငါပြမယ်’
မာရှီဟိုက ဂျွန်ခယူ့ဘေးနားရောက်လာပြီး သူ့လက်ထဲကအဝတ်ကိုဆွဲယူလိုက်သည်။
‘ဒီမှာ ဒီလိုပွတ်ပြီး ဒီလိုလျှော်ရတာ’
‘ဪ..’
‘ရော့ ..လျှော်တော့ ဆပ်ပြာတွေထပ်မတိုက်နဲ့တော့...ရေနာနာဆေးပြီး ချေးတွေအကုန်ပြောင်ရင်ရပြီ ကြားလား’
‘ဟုတ်’
ဂျွန်ခယူကယဉ်ယဉ်ကျေးကျေးပြောလိုက်တော့ မာရှီဟိုကရယ်လိုက်သည်။ ထို့နောက် တံမြက်စည်းတွေကို နေလှန်းဖို့ ထွက်သွားသည်။ တစ်ယောက်တည်းကျန်ခဲ့တဲ့ ဂျွန်ခယူက အဝတ်စုတ်တွေနဲ့ ရန်ဖြစ်ပြီး ကျန်ခဲ့သည်။
တစ်ခါမှ အဝတ်မလျှော်ဖူးတဲ့ဂျွန်ခယူ့အတွက် ဆပ်ပြာကိုင်ရတာကိုကအဆင်မပြေ။ ပန်းကန်းဆေးတယ်ဆိုတာလည်း မာရှီဟိုနဲ့မှ လုပ်ဖူးသည်။ သန့်ရှင်းရေးလုပ်တယ်ဆိုတာလည်း မာရှီဟိုနဲ့မှ ကြုံဖူးသည်။ အဝတ်လျှောက်ရသည်ဆိုရတာလည် ဒါပထမဆုံး။ ဆပ်ပြာမှုန့်တောင်မကိုင်ဖူးတဲ့သူ့လက်က ဂစ်တာတီးရလို့ အနာဖြစ်တာကိုခံနိုင်ပေမယ့် ဆပ်ပြာမှုန့်စားတဲ့ဒဏ်ကိုတော့မခံနိုင်။
နီရဲပြီး အရေခွံလန်လာတဲ့ လက်ဖဝါးတွေကိုကြည့်ပြီး ဘာဖြစ်တာလဲလို့ထိုင်စဉ်းစားနေမိသေးသည်။
‘ဂျွန်ခယူ ပြီးပြီလား? ပြီးရင်ညှစ်ပြီး လှန်းရအောင်’ မာရှီဟိုက ရေချိုးခန်းထဲကိုဝင်လာပြီး ဂျွန်ခယူ့ကိုလှမ်းပြောလိုက်သည်။
‘မာရှီ..မင်း အဝတ်လျှော်ရင်ရော ဒီလိုဖြစ်လား?’ ဂျွန်ခယူကသူ့လက်ဖဝါးကိုထောင်ပြပြီး မာရှီဟို့ကိုမေးလိုက်သည်။ ဘာမှမသိတဲ့ မျက်နှာအမူအရာနဲ့မေးလိုက်တဲ့ လေယူလေသိမ်းက သူတကယ်မသိလို့မေးနေမှန်းထင်ရှားလွန်းသည်။
‘ဟေ့ကောင် မင်းဆပ်ပြာမှုန့်နဲ့မတည့်ဘူးလား’
‘ဟင် မသိဘူး ငါ’
‘ဟာ ဒီကောင်တော့ ခက်တော့တာပဲ’
မာရှီဟိုက ဂျွန်ခယူ့ကိုလက်ကနေဆွဲပြီး ရေချိုးခန်းထဲကနေခေါ်ထုတ်လာသည်။ ထို့နောက် ခုံပေါ်ထိုင်ခိုင်းထားပြီး သူက စားပွဲအောက်ကနေ ဘူးကြီးတစ်ဘူးကိုထုတ်လိုက်သည်။
‘ဆပ်ပြာမှုန့်နဲ့မတည့်ဘူးဆိုရင်လည်း ငါ့ကိုပြောမှပေါ့ကွ’
‘ဆပ်ပြာမှုန့်နဲ့မတည့်ဘူးဆိုတာရှိသေးတာလား’
‘ရှိတာပေါ့ ဆပ်ပြာမှုန့်ဆိုတာလည်း ဓာတုဗေဒပစ္စည်းတွေပဲကို မင်းမကြားဖူးဘူးလား’
‘မသိဘူး’
‘ပေး မင်းလက်’
လက်ပေးဆိုတော့ ဂျွန်ခယူက လက်ဖဝါးနှစ်ဖက်ကို ပက်လက်လှန်ပြီး မာရှီဟို့အရှေ့ကိုထိုးပေးလိုက်သည်။ မာရှီဟိုက ဘူးတစ်ဘူးထဲကဆေးကိုညှစ်ပြီး ဂျွန်ခယူ့လက်ပေါ်တင်ပေးလိုက်သည်။
‘ပွတ်တော့ ကိုယ့်ဘာသာကိုယ်’
သူများပွတ်ပေးမလားဆိုပြီး ကြိုရင်ခုန်မိခဲ့တာကိုက ဂျွန်ခယူ့အမှား။ ဒါပေမယ့် လွယ်လွယ်နဲ့တော့ လက်မလျှော့ပေးနိုင်။
‘လက်ကစပ်နေတာ ငါ့ဟာငါလိမ်းရင် ပိုနာမှာပေါ့’
‘ဖြည်းဖြည်းချင်းလိမ်းလေ’
‘မင်းပဲလိမ်းပေးလိုက်ပါကွာ နော်...နော်လို့’
‘လာ လာ လာတော့...ကလေးလေးကျနေတာပဲ’ မတတ်နိုင်တဲ့အဆုံး မာရှီဟိုကပဲ ဂျွန်ခယူ့လက်ဖဝါးပေါ်ကဆေးတွေကို လိမ်းပေးလိုက်ရတော့သည်။
‘မင်းလက်တွေက နုတယ်ထင်ရပေမယ့် ကြမ်းနေတာပဲ’
‘အင်း ဂစ်တာတီးလို့လေ’
‘ဂစ်တာတီးတုန်းကလည်း ပွန်းမှာပဲနော်’
‘အဲ့တုန်းကဆို နာပေမယ့် ဘာမှမဖြစ်ဘူး...ဂစ်တာနဲ့ ဂီတက ငါ့ပျော်ရွှင်မှုဆိုတော့ ကြိတ်မှိတ်ပြီးဆက်လုပ်တာပဲ’
‘ငါ့လိုပဲပေါ့’
‘မင်းကရော ဘာဖြစ်ဖူးလဲ’
‘တစ်ကိုယ်လုံးနာတယ်..ဂျွမ်းထိုးရင်းနဲ့ လက်ကောက်ဝတ်နာဖူးတယ်..ဒီလိုပါပဲ..ဟိုနာဒီကိုက်ပေါ့’
‘အခုရော...သက်သာလား’
‘အင်း..ကြာလာတော့ ခံနိုင်လာပြီ… ဘာမှမဖြစ်တော့ဘူး’
‘ဘာမှမဖြစ်ဘူးဆိုပြီး အပြင်းအထန်တွေမလုပ်နဲ့နော်..ကြားလား’
‘ငါ့ကိုဆူနေတာလား’
‘မဟုတ်ပါဘူး...မဟုတ်ဘူးနော်..ငါကစိတ်ပူလို့ပြောပြတာ..ဆူတာမဟုတ်ဘူး’
မာရှီဟိုကပြန်ပြောလိုက်တော့ ဂျွန်ခယူ့မှာ ပြာပြာသလဲနဲ့ ငြင်းရသေးသည်။
‘သားတို့ လာစားကြ…’
စကားပြောနေတုန်းမှာပဲ ထမင်းဟင်းချက်လို့ပြီးသွားတဲ့ အန်တီက ခေါ်ပြီးထမင်းကျွေးတော့သည်။
ဒီနေ့တော့ အလုပ်လုပ်ရတာနဲ့တန်အောင် ထမင်းကလည်းစားလို့ကောင်းသည်။ အိမ်မှာထမင်းကောင်း ဟင်းကောင်းတွေအများကြီးစားဖူးပေမယ့် ဒီလောက်ကောင်းတာမျိုးတစ်ခါမှမစားဖူး။
ပင်ပန်းသွားပြီး ဗိုက်ဆာနေလို့များလား? မာရှီ့အဒေါ်က ထမင်းတွေထပ်ထည့်ပေးလိုက်...သူကအကုန်စားလိုက်နဲ့ ထမင်းတစ်အိုးလုံး ကုန်သွားခဲ့သည်။
ဒီနေ့တစ်နေ့လုံးတော့ စာမသင်ရဘဲ အိမ်ပြန်လိုက်ရသည်။ မာရှီက စာမသင်ချင်တော့ဘူးလို့ပြောတာနဲ့ ဂျွန်ခယူက ချက်ချင်းခေါင်းညိမ့်ပြီး စကားနည်းနည်းပါးပါးပြောပြီးနောက် အိမ်ပြန်လာလိုက်သည်။
ကားဂိတ်ထိလိုက်ပို့ပေးခဲ့တဲ့ မာရှီဟိုက
‘ဒီနေ့ မင်းတော်တော်ပင်ပန်းသွားမှာပဲ...လက်ကိုဆေးထည့်ပေးဦးနော်’
‘မပင်ပန်းပါဘူး...ငါမရှိရင် မင်းတစ်ယောက်တည်းလုပ်ရမှာ’
‘မနက်ဖြန်လည်း မင်းမလာနဲ့ဦး...ငါ့ဘာသာငါစာလုပ်ထားလိုက်မယ်’
‘ဘာလို့လဲ...ငါလာခဲ့မယ်လေ’
‘မလာနဲ့ ငါပြောတာနားထောင်..မနက်ဖြန်အေးဆေးနားပြီး ဘာမှမလုပ်ဘဲ လက်ကိုဂရုစိုက်’
‘ဒါပေမယ့်..’
‘ဒါပေမမယ့်နဲ့...ဂစ်တာတီးပြီးသီချင်းဆိုနေတဲ့သူက လက်ဒီလိုဖြစ်နေလို့မှမရတာ’
မာရှီဟိုကပြောလိုက်တော့ ဂျွန်ခယူဘာမှပြန်မပြောနိုင်။ တစ်ခုခုပြောချင်နေပေမယ့် ပြောမထွက်ပြန်။
‘ဟိုမှာ ကားလာပြီ တက်တော့’
‘မာရှီ..ငါစောစောက ဂစ်တာနဲ့ဂီတက ငါ့ပျော်ရွှင်မှုလို့ပြောခဲ့တယ်မလား?’
‘အင်း’
‘အခု တစ်ခုထပ်တိုးသွားပြီ’
‘ဘာတဲ့လဲ’
*မင်းပဲ* လို့ဖြေချင်ခဲ့သည်။ တကယ်လည်း ဒီလိုဖြေဖို့ပဲ ဒီစကားကိုစတင်ခဲ့တာဖြစ်သည်။ တကယ်တမ်းကျ မပြောရဲပြန်တော့။ ဒီစကားအစား ဂျွန်ခယူပြန်ဖြေလိုက်တာက….
‘သန့်ရှင်းရေးလုပ်ရတာ’
‘ဟားဟား..သွားတော့ ဘိုင့်’
အချစ်မှာဖွင့်ပြောဖို့မတန်သေးတဲ့အချိန်ဆိုတာရှိသေးတာများလား? Timing ဆိုတာမျိုး… အထက်တန်း ပထမနှစ်ဆိုတာ ဖွင့်ပြောဖို့အရမ်းစောလွန်းတဲ့အချိန်လား? အချစ်ဟုတ်မဟုတ် ပြန်စဉ်းစားဖို့လိုတဲ့ ကာလမျိုးလား?
ဒီလူသားတစ်ယောက်ထဲကိုပဲချစ်မိသွားပြီး နောက်လူတိုးမပေါက်တော့ဘူးဆိုရင်ရော ဒါက အချစ်စစ်လို့ခေါ်လို့ရပြီလား?
ချစ်မိတယ်ဆိုတာမျိုးကို အသက်အရွယ်နဲ့ ပိုင်းခြားဖို့ဆိုတာ မဖြစ်သင့်တဲ့ နိယာမတစ်ခုပဲမလား?
လူတိုင်းကမွေးကတည်းက အသည်းနှလုံးပါလာပြီးသားပဲလေ…
----------------------------------
‘မေမေရေ သားပြန်လာပြီ’
‘အန်တီရေ.. သားပြန်လာပါပြီ’
ဂျွန်ခယူကအိမ်အဝကနေ လှမ်းအော်လိုက်တာနဲ့ တစ်အိမ်လုံးသုတ်သုတ်ပြာပြာဖြစ်သွားကြသည်။
လမ်းမဘက်ကနေကြည့်ရင် ဂျွန်ခယူတို့အိမ်ကိုမမြင်နိုင်။ ဆိုပေမယ့် လမ်းထဲကိုကွေ့ဝင်သွားရင်တော့ ခြံအကျယ်ကြီးတစ်ခုကိုတွေ့နိုင်သည်။ လမ်းတိုလေးတစ်ခုဖြစ်ပြီး ထိုလမ်းရဲ့ တစ်ဖက်ခြမ်းမှာ ခြံဝင်းအကျယ်ကြီးခတ်ထားတဲ့ အိမ်တစ်ခုကိုတွေ့နိုင်ပြီး လမ်းတစ်ခုလုံးအပြည့်ဖြစ်သည်။ ထိုအိမ်မှာ ဂျွန်ခယူတို့အိမ်ပင်။
လမ်းတစ်ဖက်မှာတော့ အိမ်တွေတိုက်တွေမရှိဘဲ အဆောက်အဦတစ်ခုသာရှိသည်။ ၂ ထပ်မြင့်အဆောက်အဦတစ်ခုဖြစ်ပြီး အောက်ထပ်မှာ ပန်းဆိုင်နဲ့ စာအုပ်ဆိုင်တစ်ခုကိုတွေ့နိုင်သည်။ အပေါ်ထပ်မှာတော့ စားသောက်ဆိုင်အကြီးတစ်ခုနဲ့ ကုန်စုံဆိုင်လေးတစ်ခု။
‘သား ပြန်လာပြီလား..ဒီနေ့စောသလားလို့’
‘ဟုတ်တယ် မေမေ စောစောပြန်လာတာ’
‘မှန်းစမ်း လက်ကဘာဖြစ်တာလဲ’ အမေဖြစ်သူက ဂျွန်ခယူရဲ့လက်ကို အမြန်ဆွဲယူပြီး ကြည့်လိုက်သည်။
‘ဟယ် ဘာတွေဖြစ်လာတာလဲ ပြောစမ်း..ဘာလို့ဒီလိုတွေဖြစ်လာတာလဲ’
‘ဆပ်ပြာမှုန့်နဲ့မတည့်တာဆိုလားပဲ’
‘ဆပ်ပြာမှုန့်? သား သူများအိမ်မှာဘာတွေလုပ်လာတာလဲ? အဲ့တာကြောင့် သားကိုမသွားပါနဲ့ပြောတာကို စကားကိုနားမထောင်ဘူး..အခုတော့ ဘာဖြစ်လာပြီလဲကြည့်’
‘မေမေ သားဘာမှမဖြစ်ဘူး အကောင်းကြီး..အခုလိုဖြစ်သွားတော့လည်း သိရတာပေါ့..ဘာမှမဖြစ်ဘူး တွေ့လား’
ဂျွန်ခယူက လက်ကို ဟိုဘက်လှန်ပြလိုက် ဒီဘက်လှန်ပြလိုက်နဲ့ အမေဖြစ်သူကို ရယ်ရယ်မောမောနဲ့ပြောလိုက်သည်။
‘အစ်မကြီးရေ အစ်မကြီးရေ ဆေးလိမ်းပေးပြီး ဂရုစိုက်ပေးလိုက်ပါဦး ဒီကောင်လေးကတော့ တကယ်ပါ..ဘယ်လိုပြောပြော ပြောလို့ကိုမရဘူး’ အမေက အိမ်တော်ထိန်းလိုမျိုး အဒေါ်ကြီးတစ်ယောက်ကိုခေါ်ပြီး ဆေးထည့်ခိုင်းလိုက်သည်။
သူကတော့ ခြံတစ်ဖက်က ဆိုင်ထဲကိုသွားဖို့ပြင်နေသည်။ အဲ့တာကလည်း ဂျွန်ခယူတို့ပိုင်တဲ့ဆိုင်။
‘ဂျွန်ခယူလေး အဝတ်အစားလဲပြီး ဆင်းလာခဲ့နော်..အန်တီဆေးဘူးနဲ့စောင့်နေမယ်’
‘ဟုတ်ကဲ့’
‘ဒီနေ့ သားကြိုက်တဲ့ ဝက်နံရိုးပေါင်းထားတယ်တဲ့ များများစားရမယ်နော်’
‘အိုကေပါ..’
ဂျွန်ခယူ အပေါ်တက်ပြီး အခန်းထဲကိုသီချင်းတညည်းညည်းနဲ့ဝင်သွားလိုက်သည်။ လက်ဖျောက်တီးလိုက်တာနဲ့ အော်တိုလင်းလာတဲ့မီးတွေက တစ်ခန်းလုံးမှာလင်းထိန်သွားသည်။
ရေမိုးချိုးဖို့ပြင်လိုက်ပြီးတဲ့နောက် သတိရသွားတာက သူ့လက်တွေ။ ရေချိုးရင် ရေစိုတော့မယ်ဆိုတာ သိနေတော့ ရေမချိုးချင်တော့။
လက်နာပြီးစပ်မှာစိုးလို့မဟုတ်ဘဲ..မာရှီဟိုကိုယ်တိုင်လက်ကိုကိုင်ပြီးဆေးလိမ်းပေးလိုက်တဲ့အငွေ့အသက်တွေပျောက်သွားမှာကိုစိုးရိမ်တာ။
‘မဖြစ်ဘူးပဲ’
ဒီနေ့ရေမချိုးတော့ဖို့ဆုံးဖြတ်လိုက်သည်။ တစ်နေ့လေးပဲဖြစ်ဖြစ် သူ့အငွေ့အသက်နဲ့အထိအတွေ့လေးတွေကို မပျောက်စေချင်သေးတာ။
အဝတ်အစားလောက်သာလဲလာပြီး အောက်ပြန်ဆင်းလာသည်။ လှေကားတစ်လျှောက်မှာတော့ ဆုတံဆိပ်တွေ ဓာတ်ပုံတွေနဲ့ မှတ်တမ်းတင်ဂုဏ်ပြုလွှာတွေက တန်းစီနေသည်။
ဂျွန်ခယူနဲ့ပတ်သက်တာတွေမဟုတ်ဘဲ အိမ်နဲ့ပတ်သက်တဲ့ဆုတံဆိပ်တွေ။ ‘Kim Group’ နဲ့ပတ်သက်တဲ့ ဂုဏ်ပြုလွှာတွေ။
ကိုရီးယားမှာ ‘Kim Group’ ဆိုတာကိုမသိတဲ့သူမရှိ။ စူပါမားကတ်များစွာကိုပိုင်ဆိုင်တဲ့ ‘Kim Group’ ဖြစ်ပြီး ကျိကျိတက်ချမ်းသာသည်။ ဒါပေမယ့် ဂျွန်ခယူ့ကိုတော့ ဒီမိသားစုကလာမှန်းဘယ်သူမှမသိကြ။ သူငယ်ချင်းအရင်းကြီး အီဆူးလ်တောင်မသိ။ ကျောင်းပြီးမှပြောပြမယ်လို့တွေးထားပြီး အခုထိလျှို့ဝှက်ထားသည်။
တခြားသူတွေကိုတော့ တမင်ကိုမသိစေချင်တဲ့အတွက် တစ်သက်လုံးပြောဖြစ်မှာလည်းမဟုတ်။ သူ့ဘဝကို အပြည့်အဝထိန်းချုပ်ချင်နေသည့် မိသားစုအောက်ကနေ နည်းအမျိုးမျိုးနဲ့လှည့်ပတ်ပြီး နေလာတာ အခုဆို အထက်တန်း ပထမနှစ်တောင်ရောက်လာခဲ့ပြီ။
သူဌေးသားဆိုတဲ့လူတိုင်းရဲ့အာရုံစူးစိုက်မှုကိုမလိုချင်တဲ့အတွက်သာမန်လူတန်းစားကလာတဲ့ကျောင်းသားတစ်ယောက်လို အဆင်ပြေပြေနေခဲ့သည်။
မာရှီဟို့ကိုလည်းတစ်နေ့ကျရင် ပြောပြရဦးမည်။
‘ဂျွန်ခယူလေးရေ ဆေးလိမ်းရအောင်’
‘နေဦး … ဟိုး’ ဂျွန်ခယူက လက်ကိုမြှောက်ပြီး အိမ်တော်ထိန်းကိုရပ်ခိုင်းလိုက်သည်။
‘ကိုယ့်ဘာသာကိုယ်ထည့်လိုက်ပြီ စောစောကတင်’
‘ဟုတ်ရဲ့လား ပြပါဦး’
‘တကယ်ပြောတာ..ထည့်ပြီးပြီ.. ထမင်းက ခဏနေမှစားမယ်နော် အခုဗိုက်မဆာသေးလို့’
‘အခုမစားရင် သူဌေးကတော် ပြောလိမ့်မယ်..စားလိုက်ပါနော်’
‘မေမေလာရင် သားစားပြီးပြီလို့သာပြောလိုက်...အန်တီတို့ဘာမှမဖြစ်စေရဘူး အိုကေနော်’
ဂျွန်ခယူက ပြောပြီး အိမ်ပေါ်ပြန်တက်သွားသည်။ လက်နှစ်ဖက်ကိုကမြှောက်ထားတုန်း။
အိမ်အောက်က ဆေးဘူးကိုင်ပြီးစောင့်နေတဲ့ အိမ်တော်ထိန်းကတော့ ပြုံးပြုံးကြီးနဲ့သာကျန်ခဲ့တော့သည်။
-------- High School Love Story --------------
တူဘီကိုတိမ်ညွန့်…
အရင်တုန်းက fic တွေတုန်းကတစ်ခါရေးရင်အရှည်ကြီးဆိုတော့ သိပ်မသိသာဘူး။
အခုကျတိုတိုလေးဆိုတော့ ကိုယ်လုပ်ထားတဲ့ ဇာတ်အိမ်ရောက်ဖို့ ပူတာအိုနဲ့ကော့သောင်းလောက်ဝေးနေတာများ 🤣🤣🤣
ရောက်တော့ရောက်မှာပါပြိတ်သက်ကြီး ဆိတ်ရှည်ရှည်နဲ့စောင့်ပေးပါဦးနော်..ပဲဟဲဟဲ
Zawgyi