19

160 35 0
                                    

Unicode

နေသာသာနေ့လေးတစ်နေ့မှာ လူတိုင်းလူတိုင်းက ကိုယ်စီအလုပ်တွေနဲ့လှုပ်ရှားနေကြသည်။ နွေရဲ့အငွေ့အသက်တွေက နေရာတိုင်းမှာလွှမ်းခြုံနေတဲ့အတွက် ကြည်လင်နေတဲ့ကောင်းကင်မှာ ဝါရိပ်သန်းနေတဲ့ အရောင်အဝါတွေနဲ့…

ဒီလိုနေ့မျိုးမှာ ပျော်ရွှင်နေတဲ့သူတွေလည်းရှိကြသလိုတစ်စုံတစ်ယောက်ကိုလွမ်းဆွတ်တမ်းတနေသူများလည်းရှိကြသည်။ လောကကြီးထဲမှာမရှိတော့တဲ့ ချစ်ရသူတွေကို သတိရရင်းနဲ့..

‘ဒီမှာလေ မေမေက’  မာရှီဟိုကပြောပြီးတော့ ခြင်းကိုအောက်ချလိုက်သည်။ ခြင်းထဲမှာခေါက်ထည့်ထားတဲ့ ဖျာလိပ်လေးကိုထုတ်ကာ ဖြန့်လိုက်သည်။

‘ထို့နောက် ဘူးသေးသေးလေးတွေ အများကြီးကိုတစ်ဘူးပြီးတစ်ဘူးထုတ်ရင်းစီတန်းနေအောင်နေရာချသည်။

ဂျွန်ခယူကလည်းဘေးနားမှာ လာကပ်ထိုင်ပြီး ဘူးတွေကိုအဖုံးဖွင့်ပေးလိုက်သည်။ မာရှီဟိုမပြောလည်းသိနှင့်နေပါပြီ။ ဒီနေ့က မာရှီဟို့အမေရဲ့ နှစ်ပတ်လည်နေ့ပဲဆိုတာ..

‘အဖေရော မာရှီ’

‘သူကအစောကြီးကတည်းကသွားပြီးလောက်ပြီ..ညနေအပြန်လည်းတစ်ခေါက်ထပ်လာလိမ့်မယ်’

‘ဦးလေးကအန်တီ့ကိုအရမ်းချစ်တဲ့ပုံပဲ’

‘ငါ‌ရော အဖေရောက မေမေ့ကို အရမ်းချစ်ခဲ့ကြလို့ အချင်းချင်းမတည့်ကြတာနေမယ်’ မာရှီဟိုက ရယ်သံသဲ့သဲ့နဲ့ပြန်ပြောတော့ ဂျွန်ခယူကလည်းအလိုက်သင့်လေးပြုံးလိုက်သည်။

ဂျွန်ခယူက ဘူးတွေကိုသေချာနေရာချပြီး ရေခွက်တွေထဲမှာ အအေးထည့်ပေးနေတုန်း မာရှီဟိုက အုတ်ဂူဘေးက မြက်ပင်သေးသေးလေးတွေကို ဆွဲနုတ်နေသည်။

‘ဖယ် ဖယ် ငါနုတ်ပေးမယ် မင်းလက်ကသက်သာသေးတာလည်းမဟုတ်ဘူး’

ဂျွန်ခယူက မာရှီဟို့ကိုပခုံးကနေကိုင်ပြီး အနောက်ကိုဆုတ်ပေးလိုက်သည်။ သူကတော့ အရှေ့ကိုတိုးသွားပြီး မြက်ပင်တွေကို တစ်ပင်ချင်းစီဆွဲနှုတ်နေလိုက်သည်။ ဂျွန်ခယူက မြက်နှုတ်နေတုန်း မာရှီဟိုကအနောက်ကနေ ဒူးထောင်ပြီးလက်တွေနဲ့ပတ်ကာကိုယ်ကိုရှေ့နောက်လှုပ်နေရင်းနဲ့..

‘မေမေမရှိတော့ ငါ့ကိုဘယ်သူကမှမချစ်တော့သလိုခံစားရတယ်’

ဂျွန်ခယူက မာရှီဟို့ကိုလှည့်ကြည့်ပြီး မြက်မနှုတ်သေးဘဲ ရပ်လိုက်သည်။ မျက်တောင်ကိုပုတ်ခတ်ပုတ်ခတ်လုပ်ရင်း ဟိုကြည့်ဒီကြည့်နဲ့ သူ့ကိုယ်သူ လက်ညှိုးထိုးပြကာ..

‘ငါကရော?’

‘ဟားဟား’ ဒီနေ့တစ်နေ့လုံးမှာ အားရပါးရနဲ့ပွင့်ပွင့်လင်းလင်းရယ်တဲ့ မာရှီဟိုရဲ့ပထမဆုံးသော ရယ်သံလေးက လေထဲမှာ ပျော်ပျော်ရွှင်ရွှင်ကြီး လွင့်ပျံလာသည်။

‘မရယ်နဲ့လေ ဪ…’ ဂျွန်ခယူကတော့ သူ့ကိုယ်သူလက်ညှိုးထိုးပြနေဆဲ။

‘ချပါတော့ အဲလက်ကြီးကိုချပါတော့’ မာရှီဟိုက ဂျွန်ခယူ့လက်ကို သူ့လက်နဲ့လှမ်းပုတ်ချပေးလိုက်သည်။ ဂျွန်ခယူကလည်း ရယ်ပြီး လက်ကိုချလိုက်သည်။ ထို့နောက် မြက်ပင်တွေကို ဘေးတစ်ချက်မှာ သပ်သပ်ရပ်ရပ်နဲ့ပုံလိုက်သည်။

‘အာ..ငါမေ့နေတာ .. ဒီမှာခဏလေးစောင့်နော်’ ဂျွန်ခယူက မာရှီဟို့ကိုထားခဲ့ပြီး အသည်းအသန်ပြေးသွားသည်။ တစ်ယောက်တည်းကျန်ခဲ့တဲ့ မာရှီဟိုက အမေနဲ့အတူ နှစ်ယောက်တည်း စကားတွေပြောရင်း ဂျွန်ခယူပြန်အလာကိုစောင့်နေလိုက်သည်။

‘မေမေ...အခုသားနဲ့ပါလာတဲ့တစ်ယောက်လေ..ဂျွန်ခယူ လို့ခေါ်တယ်သိလား’

တစ်ခွန်းပြောပြီးတဲ့နောက် အသက်ကိုတစ်ဝကြီးရှူသွင်းလိုက်သည်။ နေရိပ်တဲ့နေရာလေးမှာထိုင်နေရတဲ့အတွက် အေးအေးဆေးဆေးစကားပြောရင်း ပတ်ဝန်းကျင်ကိုလည်း လေ့လာနိုင်သည်။

ဟိုဟိုဒီဒီကြည့်မိတော့အနီးအနားမှာ ဘယ်သူမှမရှိ။ ဟိုးတစ်ဖက်က အုတ်ဂူအဖြူလေးတွေမှာတော့ နေရာကွက်ကြားလူရိပ်လေးတွေကိုမြင်နေရသည်။

‘မေမေ ဂျွန်ခယူကလေ သားကိုဂရုစိုက်တယ်..ဒါပေမယ့် သူငယ်ချင်းမလုပ်ချင်ဘူးတဲ့’

သက်ပြင်းချပြီး ခွက်ထဲထည့်ထားတဲ့အအေးတစ်ခွက်ကိုမော့သောက်လိုက်သည်။ သူကိုယ်တိုင်လုပ်လာတဲ့မုန့်တွေကိုလည်းစီစီရီရီထားပြီးလက်နဲ့တို့ကစားနေမိသည်။

‘သားသူ့ကိုမစွန့်လွှတ်ချင်ရင် သူ့ကိုပြန်ကြိုက်မှဖြစ်မယ်တဲ့ သိလား မေမေ...သူငယ်ချင်းအနေနဲ့ထားတာ သူ့ကိုနှိပ်စက်ရာရောက်တယ်တဲ့’

ပြောနေရင်းနဲ့ခြေသံကြားတော့ အသံလာရာဘက်ကိုလှည့်ကြည့်လိုက်သည်။ လက်ထဲမှာတစ်ခုခုကိုင်ပြီးပြေးလာတဲ့ ဂျွန်ခယူ့ကိုသေချာစိုက်ကြည့်လိုက်တော့ အမျိုးအမည်မသိရတဲ့ ပန်းတစ်မျိုးကိုကိုင်လာတာတွေ့လိုက်ရသည်။

‘ဟူး...ကြာသွားလား’ အနားရောက်လာတဲ့ဂျွန်ခယူက ဒူးပေါ်လက်ထောက်ပြီးအမောဖြေလျက်။

‘အင်း..ဘာသွားယူ?’

‘ရော့’  အဝါရောင်ကျူးလစ်ပန်းလေးတစ်ပွင့်ကိုကမ်းပေးသည်။

ဂျွန်ခယူ့လက်ထဲကပန်းလေးကိုယူလိုက်ရင်း မာရှီဟိုက ချွေးတွေစို့နေတဲ့သူ့ကိုသေချာကြည့်နေမိသည်။ ကျူးလစ်ပန်းအဝါလေးရဲ့အရိုးတစ်နေရာမှာ ဂျွန်ခယူရဲ့လက်ကဖိအားကြောင့်ကျိုးခါနီးနေသည်။ ပြေးလာတုန်းကအတင်းဆုပ်ကိုင်လာခဲ့သည်ထင်ပါ၏။

‘ဘယ်ကနေရလာတာလဲ’

‘ငါဆိုင်ကနေယူလာတာ..ပန်းတွေကြည့်နေတုန်း ဒီကျူးလစ်အဝါလေးကမင်းနဲ့တူတယ်ထင်လို့’

‘အဲ့တာနဲ့ ငါ့ကိုပေးဖို့ယူလာတာပေါ့’

‘မဟုတ်ပါဘူး..ဒီအတိုင်းငါ့အနားမှာထားဖို့ယူလာတာ’

‘အင်?’

မာရှီဟို့ဘေးနားမှာဝင်ထိုင်တော့ ဂျွန်ခယူထိုင်လို့ရအောင် မာရှီဟိုကတစ်ဖက်ကိုတိုးပေးလိုက်သည်။

‘မင်း မေမေကိုလာတွေ့မယ်ဆိုတာသာသိရင် ပန်းစည်းလေးလုပ်လာပေးတာပေါ့...အခုတော့ ပန်းလေးတစ်ပွင့်ပဲပါလာခဲ့တယ်’

‘ရပါတယ်’ မာရှီဟိုက ပန်းလေးကို အုတ်ဂူပေါ် လှလှပပလေးတင်ပေးလိုက်သည်။

‘ကျူးလစ်ပန်းက တစ်ပွင့်တည်းမှပိုအဓိပ္ပါယ်ရှိတာ’

‘မင်းသဘောကျလို့တော်သေးတာပေါ့’

ထို့နောက်ဘာမှမပြောဖြစ်ကြတော့ဘဲနှစ်ယောက်လုံးငြိမ်သွားကြသည်။ မာရှီဟိုကတစ်ခုခုကိုပြန်တွေးနေပုံရသလို ဂျွန်ခယူကလည်း မာရှီဟို့ဘက်ကိုခဏခဏလှည့်ကြည့်သည်။

‘မာရှီ...မင်း’

‘အင်း?’

‘ငိုချင်ရင် ငါပခုံးငှားပေးလို့ရပါတယ်’

‘ဟားဟား..မငိုပါဘူးကွာ..ကလေးမဟုတ်တော့ပါဘူး’  ရယ်ပြောလိုက်ပေမယ့် အသံကကွဲရှရှ။

‘မင်းက ကလေးပဲရှိသေးတာပါ...ငါလည်းကလေးပါပဲ...ငါတို့ကိုယ်ငါတို့ရင့်ကျက်ချင်ယောင်မဆောင်လည်းရပါတယ်’

ဂျွန်ခယူ့စကားအဆုံးမှာ မာရှီဟို့မျက်ဝန်းထဲမှာတင်းခံထားရတဲ့ မျက်ရည်များက ရစ်ဝိုင်းလာသည်။

‘မင်းအခုငိုမယ်ဆိုရင် မင်းတစ်ယောက်တည်းမဟုတ်ပါဘူး..မင်းကိုနှစ်သိမ့်ပေးမယ့် ငါရှိတုန်း မင်းအဝငိုလိုက်လို့ရပါတယ်’ 

ဂျွန်ခယူ နဲ့ မာရှီဟိုတို့ကထိုင်ပုံထိုင်နည်းကအတူတူ။ ဒူးနှစ်ဖက်ကိုထောင်ထားပြီး လက်ကပိုက်ထားသည်။ မာရှီဟိုကတော့ ဒူးပေါ်မေးတင်ရင်းဂျွန်ခယူ့ကိုလှည့်ကြည့်နေသည်။

‘ငါရှိနေတုန်း မင်းစိတ်ကြိုက်ငိုချလိုက်ပါလား’  ဂျွန်ခယူက တင်ပျဉ်ခွေထိုင်လိုက်ပြီး လက်နှစ်ဖက်ကိုကားပေးကာ ပြောလိုက်သည်။

ဒီအချိန်တခဏလေးမှာဘာမှကိုမတွေးချင်တော့။ ကလေးတစ်ယောက်ဆိုတဲ့ဖြစ်တည်မှုကိုမငြင်းဆန်ခိုင်းဘဲ အတင်းလူကြီးဆန်မနေစေချင်သည့် ဂျွန်ခယူ့ရဲ့အပြောမှာခဏလောက်တော့ ဂျီကျချင်ခဲ့သည်။ အနားကိုဖြည်းဖြည်းချင်းတိုးလာပြီး ဂျွန်ခယူ့ရဲ့ရင်ခွင်ထဲကိုဝင်လိုက်သည့် မာရှီဟိုက ပန်းလေးတစ်ပွင့်ပေါ်နားနေသည့်လိပ်ပြာလေးပျံမသွားအောင်လက်နဲ့အုပ်မိုးပေးလိုက်ရသလို။
ထွက်သွားမှာစိုးလို့မဟုတ်ဘဲ တခြားအနှောင့်အယှက်တွေကြောင့် ဝတ်ရည်သေချာမစုပ်ရမှာစိုးတဲ့ ကြင်နာမှုလေးတစ်ခုသာ။ အခုကတော့ သူ့ရင်ခွင်ထဲမှာ တရှုံ့ရှုံ့နဲ့ငိုနေတော့တဲ့ ကောင်လေးတစ်ယောက်ကို အသာအယာပုတ်ပေးရင်း နှစ်သိမ့်ပေးလိုက်သည်။

*ငယ်ငယ်လေးနဲ့ဘယ်လောက်တောင်ဒုက္ခတွေများနေခဲ့လိုက်မလဲ*

‘ငါမင်းရဲ့လိုအပ်ချက်တွေကိုနည်းနည်းလေးလောက်ကူဖြည့်ပေးလို့မရဘူးလား မာရှီရာ’  ဂျွန်ခယူကမာရှီဟို့ကိုဖက်ထားရင်းပြောလိုက်ပေမယ့် မာရှီဟိုကတော့ဘာမှပြန်မပြောခဲ့ပါ။


---------------------------------------------------

လက်ကတော်တော်သက်သာနေပြီမို့ ပြန်ကလို့ရနေပြီ။ သင်တန်းကိုတော့သွားမကသေးပေမယ့် အိမ်မှာပဲနည်းနည်းပါးပါးလေ့ကျင့်သည်။ ဒီတစ်ပတ်ကိုတော့ လုပ်အားပေးမလာနဲ့ဦးဆိုပြီး သူငယ်ချင်းအပေါင်းကဝိုင်းတားထားတဲ့အတွက် ကြောက်ကြောက်နဲ့မလာရ။

ကျောင်းပိတ်ထားတော့လည်း ကတာကလွဲတခြားအလုပ်မရှိရင်ပျင်းသလိုလို။ ဂိမ်းပဲဆော့နေရတာလည်းမဟုတ်သေး။ စာဖတ်ပြန်တော့လည်း တစ်အုပ်ပြီးတစ်အုပ်က မြန်မြန်ဆန်ဆန်ပြီးသွားတာနဲ့ စာအုပ်အငှားဆိုင်ကမရောက်ဖြစ်သေးပြန်။ အားတိုင်း သန့်ရှင်းရေးလုပ်နေရတာလည်း တစ်အိမ်လုံး လူမနေသလိုတောင် သပ်ရပ်နေပြန်ပြီ။

‘ဟင်း…ဂျွန်ခယူတော့ကလေးတွေနဲ့အဆင်ပြေရဲ့လားမသိဘူး’

အခုတလော အားတိုင်းလုပ်ဖြစ်နေတဲ့ဝါသနာတစ်ခု...မဟုတ်သေးဘူး...အလုပ်တစ်ခုရှာတွေ့ထားသည်။ ဂျွန်ခယူ့အကြောင်းစဉ်းစားတာ။

သူဆို အခုဘာလုပ်နေမလဲ?
အဆင်ပြေရဲ့လား?
စားပြီးပြီလား? စတဲ့အသေးအဖွဲလေးတွေကအစလိုက်စဉ်းစားမိသည်။ ထပ်ပြီး သူများအကြောင်းဆိုတော်ရုံစိတ်မဝင်စားတဲ့သူက ဂျွန်ခယူ့အကြောင်းကိုပိုသိချင်လာသည်။

ဟိုတစ်နေ့ကပြောတော့ သူ့အမေဆိုင်မှာ အင်္ကျီကူသိမ်းပေးနေတယ်ဆိုလို့ အထည်ဆိုင်ဖွင့်တာ ဒါမှမဟုတ် ဒီဇိုင်နာများလားဆိုပြီးတွေးမိသည်။ နောက်တစ်နေ့ကျ ပန်းယူလာတော့ ပန်းဆိုင်များဖွင့်တာလားဆိုပြီး တွေးမိပြန်သည်။

‘နေပါဦး ဒီကောင်ကတကယ်ပဲ ဘယ်မိသားစုကလာတာလဲဟ’

နိုင်ငံအတွင်းကစီးပွားရေးအုပ်စုကြီးတွေအကြောင်းကိုစိတ်လည်းမဝင်စားတာမို့သိလည်းမသိ။ နာမည်အရမ်းကြီးရင်သာကြားဖူးရင်ကြားဖူးလိမ့်မည်။ ထဲထဲဝင်ဝင်တော့မသိ။ အခုလည်း ဂျွန်ခယူက သူဌေးသားတစ်ယောက်လို့သာပြောသည်။ သူဘယ်လောက်ချမ်းသာလဲ ဘယ်မိသားစုကလဲဆိုတာမသိ။ သိလည်းမသိချင်ခဲ့။

ဒါပေမယ့် အခုတော့...သိချင်သည်။ ဒီလိုတွေသူ့အကြောင်းကိုပိုသိချင်လာတာကရော ဘာကြောင့်လဲဆိုပြီး လိုက်ရှာဖူးသည်။

အဖြေတွေအများကြီးကျလာတာတောင်မှ ဘာလို့အဖြေအားလုံးက တစ်ခုတည်းကိုပဲညွှန်ပြနေကြတာလဲမသိ။

ဖုန်းကိုင်ထားတဲ့လက်ကိုလျှောချလိုက်ပြီး ထိုင်ခုံနောက်ကျောကိုအားရပါးရမှီချလိုက်သည်။ ဘာလို့ဒီအဖြေတွေလဲ…

လော့မကျသေးတဲ့ဖုန်းရဲ့ မျက်နှာပြင်မှာမြင်နေရတဲ့အဖြေတွေက..

‘အဲ့တာအချစ်ရဲ့နိဒါန်းပါပဲ’  တဲ့…….


----------- high school love story ----------------

တူဘီကိုတိမ်ညွန့်….


zawgyi

High School Love Story (Mashikyu)Tahanan ng mga kuwento. Tumuklas ngayon