unicode
အိမ်ကနေစီးလာတုန်းကနေရာရပေမယ့် လမ်းတစ်ဝက်မှာ အသက်ကြီးကြီး ဦးလေးတစ်ယောက်ကိုနေရာပေးလိုက်တော့ ကျောင်းရောက်တဲ့အထိ မတ်တပ်ရပ်လိုက်ရသည်။
ကားပေါ်ကဆင်းပြီး ကျောင်းဂိတ်ဝထိရောက်အောင်လမ်းလျှောက်သွားလိုက်သည်။ မနက်စောစောမှာ နားကြပ်ကနေသီချင်းနားထောင်ပြီး လမ်းလျှောက်ရတဲ့ ဖီလင်က ဘာနဲ့မှမလဲနိုင်။
အခုလာနေတဲ့သီချင်းက Punch ရဲ့ BOM BOM BOM ဆိုတဲ့သီချင်း။ နွေဦးနဲ့သိပ်လိုက်ဖက်တဲ့သီချင်းပေါ့။
*နွေ...နွေ....နွေဦးလေးရောက်လာပါပြီ..နင်နဲ့ငါပထမဆုံးစတွေ့သလိုမျိုးပေါ့*
နားထဲမှာကြားနေရတဲ့အသံအတိုင်းလိုက်ညည်းလာခဲ့သည်။ တချို့စာသားတွေကတော့သေချာမရပေမယ့် တိုးတိုးလေးဆိုနေတာဆိုတော့ ဘယ်သူမှမကြားလောက်ပါဘူး။
*ငါတို့အတူထိုင်ခဲ့တဲ့ခုံ..*
'ဟင်...အရှေ့ကမာရှီဟိုများလား'
လမ်းထောင့်ချိုးတစ်ခုကိုကွေ့လာပြီးတဲ့နောက် အရှေ့နားလောက်မှာ မာရှီဟိုနဲ့တူတဲ့ကောင်လေးတစ်ယောက်ကိုသတိထားမိလိုက်သည်။
ဂျွန်ခယူ ခပ်သွက်သွက်လျှောက်သွားလိုက်ပြီး သေချာသွားအောင် အနောက်ကနေ စစ်ဆေးကြည့်နေမိသေးသည်။
ဒီဆံပင်အတိုနဲ့ ဒီလိုလမ်းလျှောက်တဲ့ပုံက ကိုရီးယားကျောင်းသားတွေနဲ့အနည်းငယ်ကွဲထွက်သည်။
သူသိရသလောက် ဂျပန်ကျောင်းသားလေးတွေ ဂျပန်ကားတွေထဲမှာဆို ဘေးလွယ်အိတ်တွေလွယ်ပြီး ဘောင်းဘီအိတ်ထဲလက်ထည့်ရင်း ပခုံးကို အနည်းငယ်ကိုင်းပြီး လျှောက်တတ်သည်။
အခုမာရှီဟိုကလည်း ဒီလိုပုံစံအတိုင်းပဲ။ သေချာပါတယ်။ ဒါက မာရှီဟိုပါပဲ။
'ဟိတ်'
'ဪ ဂျွန်ခယူ'
'မင်းကလန့်လည်းမလန့်ဘူး'
'ငါကလွယ်လွယ်နဲ့မကြောက်တတ်ဘူးလေ'
'ငါနဲ့တော့ ဒါမတူဘူး'
'မင်းကလွယ်လွယ်နဲ့လန့်တတ်တာလား'
'အင်း အရမ်းလန့်တတ်တာ'