Unicode
' အဖေက မင်းကို လက်သီးစာကျွေးမလို့ အိမ်ကိုခဏကြွခဲ့ပါဦးတဲ့ '
' အဖေက မင်းကို လက်သီးစာကျွေးမလို့ အိမ်ကိုခဏကြွခဲ့ပါဦးတဲ့ '
ဖုန်းကိုင်ကိုင်ချင်း ကြားခဲ့ရသည့် စကားတို့သည် ယခု Jimin၏အိမ်ထဲသို့ ရောက်သည်အထိ သူ့နားထဲ၌ တဝဲလည်လည်နှင့်ပင်။ သေသေချာချာတောင် မမေးလိုက်ရ။ စိတ်ဆိုးနေသော ကောင်လေးက လေသံမာမာဖြင့် ခပ်ပြတ်ပြတ်ပြောပြီးတာနှင့် ဖုန်းကို တိခနဲ ချသွားတာလေ။ ကြောက်တော့ကြောက်သည်။ အထိုးခံရမှာကိုရော၊ ပြီးတော့ Jiminနဲ့ လမ်းခွဲရမှာကိုရော။
' အထိုးခံမလား လမ်းတော့မခွဲနဲ့ ' လို့သာ ပြောလာလျှင် မျက်လုံးစုံမှိတ်ပြီး အထိုးခံလိုက်မှာ။ လမ်းမခွဲခိုင်းလျှင် ပြီးရော။ ကျန်တာ ဘာဖြစ်ဖြစ် လက်ခံမှာ။
" အဟမ်း !! "
" သြော် ... Ancil လာလေ။ မတ်တပ်ရပ်ပြီး ဘာလုပ်နေတာလဲ။ "
ဖိနပ်ချွတ်ပြီး အိမ်ပေါက်ဝမှာ ရပ်နေတာ ဘယ်လောက်ကြာသွားလဲ မသိ။ Jemond၏ချောင်းဟန့်သံကျယ်ကျယ်နှင့် Maya၏ စကားတို့ကို ကြားမှသာ Jungkookသည် ခေါင်းလေး ငုံ့ပြီး ဝင်လာ၏။ Jiminကတော့ သူ့ကိုတစ်ချက်တောင် မကြည့်ဘဲ အချိုပွဲထဲက အသီးတွေကိုသာ ခက်ရင်းဖြင့် ဟိုထိုးသည်ထိုး လုပ်နေ၏။
" ထိုင်လေ Ancil "
" ပြောလို့လား "
" ကလေးကို နောက်မနေနဲ့။ ဟိုမှာ အနေကျပ်နေတော့မယ်။ "
Jungkookမှာ ငိုတောင်ငိုချင်သွားရသည်။ Jimin၏အမေက ထိုင်ခိုင်းပေမယ့် ဘေးက ခပ်တည်တည်ဖြင့် သူ့အား မျက်တောင်မခတ်စတမ်း ကြည့်နေသည့် Jimin၏အဖေကြောင့် ထိုင်ပဲထိုင်ရမလို၊ ဒူးပဲ ပြေးထောက်ရတော့မလိုဖြင့်။ ငိုမဲ့မဲ့လေး ဖြစ်လာတာတွေ့တော့ Mayaက Jemond၏ခါးကို တံတောင်ဖြင့် တို့ကာ မနောက်ဖို့ ပြောပြီး Jungkookကို ထိုင်ခိုင်းသည်။ ထိုမှသာ Jungkookလည်း အသက်လေး ရှူ ပြီး ထိုင်ရဲတော့သည်။
ငြိမ်နေသည့်ကောင်လေးကတော့ ပို၍ကောက်ပြီလေ။ သူ့ကို စကားလေးလုံးကွဲအောင်တောင် မပြောသည့်မိခင်ဖြစ်သူက Jungkookကိုကျတော့ အေးအေးလူလူ ပြောသည့်အပြင် သဘောတွေကောင်းပြနေတာ။ အမှန်တော့ စိတ်ထဲကနေ ပါးတစ်ချက်လောက် ရိုက်လိုက်ပါလားဆိုပြီး ဆုတောင်းမိပေမယ့် မရိုက်သည့်အပြင် သဘောတွေ တအားကောင်းပြနေတာ ကြည့်မရတော့။