Extra-7

50.6K 5K 918
                                    

ခန့်ဦးရှိန်သည် ငိုချည် ၊ နားချည် လုပ်နေသော သားကို ပွေ့ပိုက် ချီပိုးရင်း ဧည့်ခန်းတွင်း ခေါက်တုံ့ ခေါက်ပြန် လျှောက်သည်။ သား အိပ်စက်သွားခါမှ အိပ်ခန်းသို့ ဝင်၍ ကုတင်ထက်တွင် အသာ ချသိပ်သည်။ ပြီးသည်နှင့် အခန်းပြင် ထွက်လျှင် ချက်ချင်း သိုက်၏ ဒေါဖြင့် ရပ်စောင့်နေပုံကို မြင်ရသည်။

"သားကို ဘာလို့ ဒီလောက် အလိုလိုက်နေရတာလဲ"

"ဘယ်မှာ အလိုလိုက်လို့လဲ .. ကလေးကို သူ့နေရာသူ ထားနေတာ"

"သူ့နေရာသူ ဆိုတာ ဘာကိုဆိုလိုတာလဲ ကိုကို"

ခန့်ဦးရှိန်က ဧည့်ခန်းသို့ လျှောက်သွားပြီး ဆိုဖာ၏ ရှေ့တွင် ခါးထောက် ရပ်လိုက်သည်။ သိုက်မူ သူ့နှင့် မလှမ်းသော အကွာတွင် ရပ်နေသည်။

"ဂိုးခန့်ဆက်ရှိန်က ဒီအိမ်ရဲ့ အရှင်သခင်ပဲ .. ဘာမဟုတ်တဲ့ အိမ်ဖော်ကို ပြန်တောင်းပန်ရလောက်တဲ့ထိ ကိုယ့်သားက နိမ့်ကျမနေဘူး"

"သခင်တွေ ကျွန်တွေ ကျွန်တော် မသိဘူး ကိုကို .. အရှင်သခင်လို့ပြောရအောင် သူဟာ ဘုရင်တစ်ပါး မဟုတ်ဘူး အိမ်ရှေ့စံမင်းသားလဲ မဟုတ်ဘူး .. ဂိုဂိုးဟာ ကိုကို့ရဲ့သားပါပဲ .. ကိုကို့သားအနေနဲ့ ကောင်းကောင်းမွန်မွန် နေထိုင်နိုင်တဲ့ ကလေးတစ်ယောက်ပဲ .. ကျေးဇူးပြုပြီး ကလေးကို သွေးနားထင်ရောက်အောင် မလုပ်ပါနဲ့"

"နေစမ်းပါအုံး .. မင်းက အခု ဘာဖြစ်ချင်ပြန်ရတာလဲ ... မင်းသားကို ဆူငေါက်ပြီး တောင်းပန်ခိုင်းတုန်းက ငါ ငြိမ်နေခဲ့ပြီးပြီပဲ .. သားလဲ တောင်းပန်ပြီးပြီလေ မကျေနပ်နိုင်သေးဘူးလား"

"ကျွန်တော် ဆုံးမလို့မှ မပြီးသေးတာ .. ဘာလို့ မလုပ်သင့်ကြောင်း , လုပ်ရင် တောင်းပန်ရမယ်ဖြစ်ကြောင်း ကလေးနားလည်အောင် ပြောရမယ်လေ"

"ပြောမနေနဲ့တော့ .. ဒီကိစ္စ ဒီမှာတင်ထားလိုက်"

"ဘယ်လိုလုပ် ထားလို့ရမှာလဲဗျ .. နောက်တစ်ခါ ဒီလိုထပ်ရိုင်းလာရင် ဘယ်လိုလုပ်မလဲ ... "

ခန့်ဦးရှိန် တောက်တစ်ချက် ပြင်းပြင်း ခေါက်လိုက်မိသည်။ သားကိစ္စက သူတို့နှစ်ဦး သည်လောက် အချေအတင် ဖြစ်ဖို့ထိ လိုလို့လား။ အိမ်ဖော်ရှေ့မှာ ဖန်ခွက်ကို ပေါက်ခွဲလိုက်သည့် အဖြစ်ဟာ သည်လောက်ထိ ပြောနေစရာ လိုသလား။

Swamping with Intimacy (Season2)Where stories live. Discover now