Extra-9

52.7K 4.9K 731
                                    

သိုက်သည် အငွေ့ တလူလူဝေ့နေသော ကော်ဖီခွက်ကို သူ့ရှေ့ စားပွဲပေါ်သို့ အသာ ချသည်။

မိုးသည် တဝေါဝေါ မြည်သံ ပြုလျက် ပိတ်ထားသော မှန်ပြတင်းသို့ ဆက်တိုက် စဉ်ပက်နေသည်။

သည်လို မိုးသည်းသော နေ့များ၌ သိုက်နှင့်အတူ ကော်ဖီ သောက်ရသည်ကို သူ အထူး နှစ်သက်သည်။ သားအတွက်တော့ ချောကလက်ပူပူလေး ချပေးထားသည်။ သားက ကော်ဖီ ကြိုက်သော်လည်း သူတို့ အမြဲ မတိုက်ဖြစ်ပါ။

TV မှ စိတ်ဝင်စားဖွယ် အစီအစဉ်များ ထုတ်လွှတ် ပြသနေသည်။ သားသည် သူ့ ဘေး၌ ထိုင်ကာ Tablet ကို ဖွင့်ကြည့်နေသည်။ မျက်မှန်မပါလျှင် မကြည့်ရဟု တားမြစ်ထားသဖြင့် သားသည် ကလေးများအတွက်သာလျှင် ထုတ်လုပ်ထားသော မျက်မှန်အနီလေးကို တပ်ဆင်လျက် ကြည့်နေလေသည်။ ထိုမျက်မှန်မှာ screen မှလာသော ရောင်ခြည်များကို ကာကွယ်ပေးသည် ဆို၏။

"ငါ့သား .. ဘာတွေ ကြည့်နေတာလဲ"

သူတို့ သားအဖသည် ဆိုဖာပေါ်တွင် အကျအန ထိုင်ကာ သူ နှင့် သိုက်က ရုပ်ရှင်သို့ အာရုံပို့ထားခြင်းဖြစ်သည်။ သူ့အမေးကို သားက တစ်ချက်မော့ကြည့်ပြီး သူ့ Tablet ကို ပြ၏။

သား ကြည့်နေသော Video မှာ သား၏ လသားအရွယ်က သူတို့ ရိုက်ပေးထားသော Video ကလေးဖြစ်သည်။ ဤ၌ သိုက်သည် အနှီးထုပ်ကလေးထဲမှ သားကို ပွေ့ကာ မြူနေပြီး သားမှာတော့ တခစ်ခစ် ရယ်နေလေသည်။

ထိုစဉ်က သူ နှင့် သိုက်သည် သားကို အသည်းတူ အူတုန် ယုယ ပွေ့ပိုက်စွာ သည်းကြသည်။ ကလေး လက်ကြိုက်မည်စိုး၍ မေကြီးတို့က အားတိုင်း မချီတိုင်း။ သို့ရာတွင် သူတို့က ရသမျှ အချိန်တိုင်း ကလေးနှင့် ပူးကပ်နေကြသည်။ သားဟာလည်း အလွန့် အလွန်မှ ချစ်ဖွယ် ကောင်းသည်ကိုး။

"ဂိုးကယေးတုန်းက ဗီဒိုကြည့်နာ"

သား စကားကြောင့် ခန့်ဦးရှိန် လှိုက်လှဲစွာ ရယ်မိသည်။ သူ အသံကျယ်သွားသဖြင့် သိုက်ကပါ လှည့်ကြည့်၏။

"ကလေးလေးတုန်းက ဗီဒီယိုကြည့်နေတာဆိုတော့ မင်းက ခုဘယ်လောက်ကြီးနေလို့လဲ"

ထိုအခါ ဂိုဂိုးသည် မကျေနပ်ဟန် နှင့် သေးငယ်သော သူ့လက်ချောင်းလေး သုံးချောင်းကို ထောင်ပြသည်။

Swamping with Intimacy (Season2)Where stories live. Discover now