DB-102 (Unicode)

3.4K 484 4
                                    

မင်္ဂလာပွဲနေ့မှာတော့ ထုံးစံအတိုင်း ဧကရာဇ်ကြီးက ဝမ်အွန်းလက်ကို ဆွဲ၍ ပုလ္လင်ထက်၌ နေရာယူလေသည်။ ဧကရာဇ်ကြီးတို့ နေရာယူပြီးသည်နှင့် မင်္ဂလာအခမ်းအနားကို စတင်လေပြီ။

ဝမ်ယောလ်နှင့် ဘတ်ဟျွန်းတို့ လက်တွေ မဖြုတ်ပဲ တင်းတင်း ဆုပ်ကိုင်ထားကြမြဲ။

" စိတ်လှုပ်ရှားနေလား ..."

" နည်းနည်းပါ"

မင်္ဂလာအခမ်းအနားက တစ်ဆင့်ပြီးတစ်ဆင့် ပြီးသွားတာကို ဘတ်ဟျွန်း ထုံထိုင်း ပျော်မြူးစွာဖြင့် ကြည့်နေရသည်။ ဘာတွေ တိတိကျကျ ပြီးသွားတာကိုတော့ တစ်ကယ် မမှတ်မိတော့။ ဂျွန်လေး ငယ်ငယ်က ဆိုးပေခဲ့သည်များ၊ တစ်မူထူးစွာ လိမ္မာခဲ့သည်များလည်း ပြန်လည် အမှတ်ရမိနေသည်။

နန်းတော်ထဲ စရောက်တည်းက သူတို့သားအဖတွေ အနေဝေးရပြီလို့ ထင်ခဲ့ပေမဲ့ ဝမ်ဂျွန်က တစ်ကယ်ကို အလိုက်သိပြီး လိမ္မာပေးခဲ့သည်။ သားကြီးအဖြစ်ရော၊ အစ်ကိုကြီးအဖြစ်ပါ တာဝန်ကျေပေးခဲ့သည်။

ရုတ်တရက်ဆိုသလို မျက်လုံးများအောက်၌ နူးညံ့သော ပုဝါရောက်လာ၍ ဘတ်ဟျွန်း သတိဝင်လာသည်။ သူ့ကိုယ်သူ မျက်ရည် ကျနေမိမှန်း သတိမဝင်နိုင်ခဲ့သော်လည်း အရိပ်တကြည့်ကြည့် လုပ်နေခဲ့သော ဝမ်ယောလ်ကတော့ အဆင်သင့် ဖြစ်နေခဲ့သည်။

ဝမ်ယောလ်၏ မျက်လုံးများလည်း နီရဲနေခဲ့သည်။ မျက်စိရှေ့တင်ပဲ တစ်ဖြေးဖြေး အရွယ်ရောက်လာသည့် ကလေးတွေက ဂုဏ်ယူစရာလည်းဖြစ်သလို တစ်ချိန်တည်းမှာပဲ ဝမ်းနည်းဖွယ်ရာပင်။

ဖခင်နှစ်ဦးမှာ ဘာမှမဆိုဖြစ်။ လက်ချင်းသာ တင်းတင်းဆုပ်ကိုင်ထားကြသည်။

မင်္ဂလာမောင်နှံနှစ်ဦးက နှစ်ဖက်မိဘတွေရဲ့ ဂုဏ်ပြမူခံယူရမဲ့ အချိန်ကျလာသည်။ သတို့သမီးဖက်က ပြင်ဆင်ပေးထားသော စွန်ပလွံ သီးနှင့် သစ်အယ်သီးများက ဝမ်ယောလ်နှင့် ဘတ်ဟျွန်းတို့ ရှေ့မှာဖြစ်သည်။

တော်ဝင်စုံတွဲက ရင်တွင်းခံစားချက်များကို ခဏမျိုသိပ်ပြီးနောက် အခမ်းအနားကို ပျော်ရွှင်စွာ ဆင်နွှဲဖို့ ဆုံးဖြတ်လိုက်သည်။

Dragon's Blade   [ Season-2 ] Where stories live. Discover now