DB-61

13K 2K 174
                                    

ဆောက အလွယ်ဆုံးလမ်းကြောင်းဖြစ်တဲ့ စားဖိုဆောင်ကနေ ပြန်ထွက်ခွာစေခဲ့သည်။ လမ်းတွင်ရှိနေသည်က ကြောက်လန့် နေကြသည့် အစောင့်ရဲမက်တွေ ဖြစ်ပြီး ရှေ့ဆုံးမှ ဂီနှင့်ဆယ်ဟွန်းက လွယ်လွယ်ကူကူ ဖြေရှင်းလိုက်ရုံသာ။

စားဖိုဆောင်မှ ကုန်စည် ရိက္ခာများ တင်ပို့ရာ အနောက်လမ်းတစ်ခု ရှိသည်။ ထိုအနောက်လမ်းကနေ တစ်ဆင့် နန်းတော်က ထွက်ဖို့ လမ်းကြောင်းရှာရမည်ပင်။ ဆောက အစတည်းက လမ်းကြောင်းတွေ လိုက်ကြည့်ထားပြီး အစီအစဉ်ကို သေချာဆွဲပေးဖို့ ၂၀၀ ကို ခိုင်းထားတာ ဖြစ်သည်။

ဆူးက လမ်းမြန်မြန်လျှောက်နေရင်း မေးမြန်းသည်။

" နေပါဦး.. နံပါတ် ၂၀၀ ဆိုတာ ဟို တစ်လွဲတစ်ချော်နဲ့ ရှောင်လီမဟုတ်လား! လက်ရွေးစင်ထဲ မပါလောက်ဘူးထင်ပြီးမှ ၂၀၀ နဲ့ ကပ်ပါလာတာလေ "

ဆူး ထိုကောင်လေးကို ချက်ချင်း မှတ်မိသွားသည်။ အသားဖြူဖြူနဲ့ မပိန်ပဲ လုံးတစ်တစ်အရွယ်အစားနဲ့မို့ ပေါက်စီလေးဟု ချစ်စနိုးပင် အမည်ပေးထားသေးသည်။ ဂီသည်လည်း မျက်မှောင်ကြုံ့သွား၏။ သူ့သင်တန်းမှာ တစ်ခုမဟုတ် တစ်ခု ပြဿနာတက်နေသည့် ကောင်လေး။ အသင်းအဖွဲ့လုပ်ဆောင်ခြင်းက မည်မျှ အရေးပါကြောင်း သင်ထားတာကိုပင် ဒင်းက အခုလို အရေးကြီးချိန်မှာ ရှိမနေခဲ့လေဘူး။

သေချာတာတော့ ရှောင်လီတစ်ယောက် ၂၀၀ ကနေ ပြုတ်တော့မည်ပင်။ နံပါတ်ခြောက်ဆယ်နဲ့ နံပါတ်ရှစ်က ထို့အတိုင်း တွေးလိုက်မိပေမဲ့ ဘာမှ အပြစ်မဆို။ အရေးကြုံလာတိုင်း သူများကို အပြစ်မဖွဲ့ပဲ ကိုယ့်ဒူးကိုယ်ချွန်ရမည်ဟု သင်ထားပေးသည်ကြောင့် ယခုတွင် သူတို့ ကိုယ်တိုင်သာ ဖောက်ထွက်ဖို့ ကြိုးစားတော့မည်။

အဝေးမှ နန်းစောင့်တပ်ဖွဲ့ အုပ်စုသည် လမ်းမှပိတ်ကာ ပြေးလာ၏။ ဆယ်ဟွန်းက ဓားကို အသင့်ကိုင်ထားရင်း မေးလာသည်။

" ကြင်ယာတော် ဒီလောက်အကွာအဝေးကနေ ပစ်လို့ရလား "

" ရတာပေါ့ !"

ဘတ်ဟျွန်းက ဖြေပြီးသည်နှင့် ကလေးကို ဖွဖွဖက်ထားသောလက်မှ ကျောနောက်က မြှားတံသုံးလေးခုကို ဆွဲယူရလိုက်ရင်း လေးတံဖြင့် ချိန်လိုက်သည်။ မြှားတစ်စင်းကို ရွေးပြီးသည့်အခါ ကျန်မြှားတွေကို ပါးစပ်မှာ ကိုက်ခဲထားသည်။ မြှားတံက လေးကြိုးမှာ သေချာချိန်ပြီးသည့်အခါ ကြာကြာမတိုင်းဆပဲ လျှင်လျှင်မြန်မြန်ပဲ လွှတ်လိုက်လေသည်။

Dragon's Blade   [ Season-2 ] Where stories live. Discover now